သတင်း

မန္တလေးတိုင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၃ ဦးရှိ

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း ဒေသကြီး အတွင်း၌ ၂၀၁၈ ခုနှစ် နှစ်စမှ စက်တင်ဘာ ၁၈ ရက်အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၁၅၁ ဦး ရှိသည့်အနက် သေဆုံးသူ ၃ ဦး ရှိကြောင်း သိရှိရသည်။

မတ္တရာ၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ မိတ္ထီလာ မြို့နယ်များတွင် အများဆုံး ဖြစ်ပွားခဲ့ပြီး သေဆုံးမှုသည် မိတ္ထီလာ မြို့နယ်၌ ၂ ဦး၊ ဝမ်းတွင်းမြို့နယ်တွင် ၁ ဦး ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ် နှိမ်နင်းရေးဌာနက ပြောသည်။

“သွေးလွန်တုပ်ကွေးမှာ အဆင့် ၄ဆင့်ရှိတယ်၊ အရင်လူနာကို လွှဲပြောင်းပေးတဲ့ စနစ်က အဆင့် ၃ လောက်ရောက်မှ လွှဲ ပြောင်းပို့ဆောင်မှု များခဲ့တာပေါ့၊ လက်ရှိမှာတော့ အဆင့် ၁ မဟုတ်ဘဲ သံသယ အဆင့်မှာကတည်းက လွှဲပြောင်း ပေးခိုင်း ပါတယ်၊ ဆေးရုံတက်သင့် မတက်သင့်က ကုသရေးပိုင်းက ဆုံးဖြတ်တာပေါ့၊ ကြိုတင်ကာကွယ်မှု လုပ်ငန်းတွေ ကိုတော့ မြို့နယ် အဆင့်အလိုက် အဓိကတာဝန်ယူ ဆောင်ရွက်ပါတယ်”ဟု မန္တလေးတိုင်း ဒေသကြီး ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှ တဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး ဌာနမှ ဒေါက်တာ တင့်ဝေ က ပြောသည်။

ယခုအခါ နိုင်ငံအနှံ့အပြားတွင် ရာသီပေါ် တုပ်ကွေးဖျားနာဖြစ်ပွားမှုနှင့်အတူ ကလေးငယ်များ၏ အသက်အန္တရာယ်ကို ခြိမ်း ခြောက်နေသည့် ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း သိသိသာသာ ပြန်လည် မြင့်တက် လာနေသည်ဟု အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန ကလည်း ထုတ်ပြန်ထားသည်။

သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုနှုန်းကို နှစ်အလိုက်ကြည့်ပါက ၃ နှစ်တကြိမ်ခန့် ဖြစ်ပွားမှုနှုန်း မြင့်တက်တတ်ပြီး တချို့ နှစ်များ၌ လူသေဆုံးမှုများပါ တွေ့ရှိရခြင်းသည် သွေးလွန်တုပ်ကွေး ရောဂါပိုး၏ အဖျက်စွမ်းအားများ ပြင်းထန် မြင့်တက် လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ရောဂါဖြစ်မှ ဆေးရုံတင် ကုသမှုထက် ကြိုတင် ကာကွယ်မှုများ ပြုလုပ် ပေးခြင်းနှင့် ကုသ ကာကွယ်ရေး အခြေအနေများကို ပြင်ဆင်ထားရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ဆရာဝန်များ အသင်း (မန္တလေး)မှ ဒေါက်တာ ဇော်ဝင်းကလည်း ပြောသည်။

သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကျား ခြင်မျိုးမှ သယ်ဆောင်လာခြင်းဖြစ်ကာ ရောဂါသွင်ပြင် လက္ခဏာများ အနေဖြင့် အပြင်းဖျားခြင်း၊ ခန္ဓာကိုယ်အပူချိန် ၁၀၂၊ ၁၀၃ ဒီဂရီအထိ တက်ခြင်း၊ ကော်ဖီရောင်၊ အညိုရောင်၊ အနီ ရောင်များ အန်တတ်ခြင်းနှင့် အဆင့်ဆင့်အပေါ်မူတည်၍ အခြေအနေဆိုးလာလျှင် သွေးအန်သည့် အဆင့်အထိ ရောက်ရှိ တတ်ကြောင်း၊ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုသည် ယခင်က အသက် ၁၅ နှစ်အောက် ကလေးများ တွင်သာ အဓိက ဖြစ်ပွားပြီး ယခုနောက်ပိုင်းတွင် ကလေးများသာမက အရွယ် ကြီးရင့်သူများပါ ဖြစ်ပွားကြောင်း သိရသည်။

မန္တလေးတိုင်းရှိ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများ အနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုလျော့ကျရန် ကြိုတင် ကာကွယ် ရေး လုပ်ငန်းများ ဆောင်ရွက်မှု အားနည်းနေလျက်ရှိပြီး မြို့နယ်တချို့တွင် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ် ပွားမှု ကာကွယ် ရေးနှင့် ပတ်သက်၍ ပရဟိတ အဖွဲ့အစည်းများက ကျောင်းများ၊ ရပ်ကွက်များတွင် ခြင်ဆေးဖျန်းခြင်း၊ အမှိုက် ရှင်းလင်း ခြင်း များကို ဆောင်ရွက် ပေးနေရကြောင်း နှလုံးသားအလင်း ခြင်ဆေးဖြန်း အဖွဲ့က ဆိုသည်။

“ကျနော်တို့အနေနဲ့ စာသင်ကျောင်းတွေကို တပတ်တခါ ဦးစားပေးပြီး လိုက်လုပ်ပေးနေပါတယ်၊ ကျန်းမာရေးကလည်း လုပ်တော့ လုပ်နေကြတယ်၊ စည်ပင်နဲ့ပေါင်းပြီး လုပ်နေတာတော့ ရှိတယ်၊ အားနည်းမှုတော့ ရှိနေသေးတယ်၊ သူတို့ အနေနဲ့ တလမှ မြို့နယ်တခုရဲ့ ၂ရပ်ကွက်လောက်ပဲ သွားနိုင်တယ်၊ အဲဒီမှာလည်း လမ်းလေး ၂လမ်းလောက်ပဲ သွား နိုင် တဲ့ အခြေ အနေတွေတော့ ရှိတယ်”ဟု နှလုံးသားအလင်း ခြင်ဆေးဖြန်း အဖွဲ့မှ ဦးမြင့်အောင်မိုးက ပြောသည်။

မန္တလေးမြို့တွင် ခြင်ဆေးဖြန်း အသင်းအနေဖြင့် နှလုံးသားအလင်း၊ နှလုံးသား လင်းလက်ကြယ်၊ ချမ်းအေးသာစံ မြို့နယ် ကန်ကောက် ရပ်ကွက်အဖွဲ့နှင့် NLD ပါတီ ရပ်ကျေးရုံးများက ခြင်ဆေးစက်များ ဝယ်ယူ၍ ဆောင်ရွက် ပေးနေ မှုများ ရှိနေကြောင်း သိရသည်။

“အစိုးရကတော့ သူ့အခက်အခဲနဲ့သူ ရှိနေတဲ့အပေါ် ကျနော်တို့က နိုင်သလောက် တဖက်တလမ်းက ကူညီပေးမယ် ဆိုတဲ့ စိတ်မျိုးနဲ့ တောက်လျှောက် စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေပါတယ်၊ ကိုယ့်မြို့နယ်တင် မဟုတ်ဘူး၊ အခြား မြို့နယ်တွေက အကူအညီ တောင်းရင်လည်း လိုက်လုပ်ပေးနေတယ်”ဟု ဦးမြင့်အောင်မိုးက ပြောပြသည်။

မန္တလေးတိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၂၀၁၃ ခုနှစ်က ၂၂၈၈ ဦး ဖြစ်ပွားခဲ့ပြီး ၈ဦးသေဆုံးခဲ့ ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ၂၀၂၅ ဦးဖြစ်ပွားပြီး လူ ၂၀ သေဆုံးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၆၄၄၂ ဦး ဖြစ်ပွားခဲ့ပြီး ၁၇ ဦး သေဆုံးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ၁၄၀၁ ဦး ဖြစ်ပွားပြီး တဦးသေဆုံးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ၂၇၂၇ ဦး ဖြစ် ပွားပြီး ၂ ဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုသရေး ဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။

နိုင်ငံတဝန်းလုံး၌ ၂၀၀၇ ခုနှစ်က ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ခဲ့ရာ ဖြစ်ပွားသူဦးရေ ၄၉၄၈ ဦးအထိရှိခဲ့ကြောင်း၊ ယင်း နောက် ပိုင်း ၂၀၁၁ ခုနှစ် အထိ ဖြစ်ပွားနှုန်း လျော့ကျခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ပြန်လည် မြင့်တက်လာပြီး ၂၀၁၃ ခုနှစ်တွင် ဖြစ်ပွားသူဦးရေ ၂၀၀၀၀ အထိ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံး ရောက်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ်စာရင်းကို ကျော်လွန်၍ သေဆုံးသူ ၈၃ ဦး အထိ ဖြစ်ပေါ် ခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြပါရှိသည်။

ယခုနှစ်အတွင်း သြဂုတ်လကုန် အထိ နိုင်ငံတဝန်းလုံး၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် သေဆုံးသူ ၅၃ ဦးရှိပြီး ရောဂါ ဖြစ်ပွားသူ ၈၂၀၀ ကျော်ရှိခဲ့ကာ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီ တိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်တွင် ဖြစ်ပွား မှု အများဆုံး ဖြစ်ပြီး ယခင်နှစ်က စုစုပေါင်း ၃၁၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၉၀ ကျော် ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ဖြစ် သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ Abate ဆေးခတ်ခြင်း၊ Fogging ဆေးမှုတ်ခြင်း၊ Case Base Managemet ပြုလုပ် ခြင်း၊ အသိပညာပေး ဟောပြောခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဖြစ်ပွားမှုနှုန်းကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် မျှော်မှန်းထားသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading