ယခုနှစ် မေလအတွင်းက ထုတ်ပြန်ကြေညာခဲ့သည့် အနည်းဆုံး လုပ်ခ လစာ ၄၈၀၀ သတ်မှတ်ပြီးသည့်နောက်ပိုင်း ပိတ်သိမ်းခဲ့သည့် စက်ရုံ ၉ ရုံရှိကြောင်း အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သတင်းရရှိသည်။
အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်း က “ပိတ်တဲ့ စက်ရုံ ၉ ရုံဟာ အော်ဒါမရတဲ့ အခက်ခဲတွေ၊ ကုန်ကြမ်း ဈေးနှုန်းမြှင့်တာတွေ၊ အော်ဒါ အပ်နှံသူတွေက အော်ဒါကြေးတိုးမပေးတာ၊ အမှာစာရရှိမှု နည်းတာတွေကြောင့် ပိတ်တာဖြစ်ပါတယ်” ဟု ပြောသည်။
ပိတ်သိမ်းသွားသည့်စက်ရုံများထဲတွင် အထည်ချုပ်စက်ရုံ၊ တဆင့်ခံယူ၍ ပြန်လည်ထုတ်လုပ်နေသည့် စက်ရုံများနှင့် မုန့်လုပ်ငန်း အစရှိသည့် စက်ရုံများ ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောသည်။
မြန်မာနိုင် ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ၊ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) ဒုတိယ ဥက္ကဋ္ဌ ဦးနော်အောင် က “ ၄၈၀၀ သတ်မှတ်လိုက်လို့ ပိတ်သိမ်းရတာ မဟုတ်ပါဘူး။ ၄၈၀၀ ဟာ အင်မတန်မှ နည်းပါးတဲ့ နှုန်းတားဖြစ်ပါတယ်။ ဒီနှုန်းတားကြောင့်တော့ လုပ်ငန်း ပိတ်သိမ်းရမှာတော့ မဟုတ်လောက်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုမင်းသိန်း ကတော့ အစိုးရသစ်တာဝန်ယူ ပြီးနောက် အထည်ချုပ်စက်ရုံ ၄၀၀ ခန့် တိုးလာပြီး လက်ရှိဖွင့် လှစ်လုပ် ကိုင်နေသည့် စက်ရုံ ၆၀၀ အထိရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။
လုပ်ခလစာ ၄၈၀၀ ပြောင်းလဲသတ်မှတ်ပြီးနောက် ပိတ်သိမ်းသွားသည့် စက်ရုံ ၉ ရုံ ရှိသည်ဆိုသော်လည်း ထိုကာလအတွင်း ထပ်တိုးလာသည့် အရေ အတွက် လုပ်ငန်းပေါင်းစုံ စက်ရုံ အရေအတွက်မှာ ၅၈ ရုံရှိကြောင်း အလုပ်သမားဈေး ကွက်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးဝင်း က ပြောသည်။
ဦးစိုးဝင်း က “အလုပ်သမားလိုချင်တဲ့ အလုပ်ရှင်တွေကလည်း ကျနော်တို့ဆီမှာ အမြဲတင်ထားတယ်။ တဘက်မှာလည်း အလုပ်ပိတ်တယ်။ အလုပ်လျှော့ တယ်ဆိုတဲ့ ဟာနဲ့ တခါထဲ ချိတ်ဆက်ပေးပြီးသားပါ။ စက်ရုံတွေက လေဘာ ရုံးမှာ ဘယ်လောက်လိုတယ်ဆိုတာ တင်ထားပြီးသားဆိုတော့ ညွှန်လိုက်ရုံပါပဲ” ဟု ပြောသည်။
ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက “အော်ဒါကျသွားတဲ့ အကြောင်းအရင်းက အခြေခံ အချက်ဖြစ်တယ်။ မတည်မငြိမ် ဖြစ်တော့ အလုပ်သမားက ဆန္ဒပြတယ်။ စက်ရုံပိတ်တာတွေရှိတယ်။ လုပ်ခလစာက တဘက်က တက်လာတယ်။ တဘက်မှာလည်း အခြေခံ လျှပ်စစ်မီး ပြဿနာ တို့ အခြား အဆောက်အဦ အားနည်တာကြောင့် အားလုံးပေါင်းတော့ အကျိုးအမြတ်နည်းတာကြောင့် စက်ရုံပိတ်တာလည်းရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ကောင်းမွန်ပါက ငွေကြေးအရင်းအနှီး မြောက်အများ မလိုအပ်ပဲ လုပ်ငန်း စွမ်းရည် မြှင့်တင်နိုင်တဲ့ သင်ခန်းစာတွေ နိုင်ငံတကာတွင်ရှိသည့် အတွက် မြန်မာနိုင်ငံတွင်လည်း ယင်းစနစ်ကို လိုက်နာကျင့်သုံးရန် လိုအပ်ကြောင်း အဆိုပါ အလုပ်ရံဆွေးနွေးပွဲတွင် တင်ပြသွားမည် ဖြစ်ကြောင်း မြန်မာ လူမှု စီးပွား ဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဇော်ဦး က ပြောသည်။
ဦးဇော်ဦး က “မြန်မာနိုင်ငံမှာ ရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ တခြားလုပ်ငန်းတွေ၊ မြန်မာ နိုင်ငံမှာ လုပ်အားဈေးကွက်တွေ ပီပီပြင်ပြင် ဖြစ်ထွန်းဖို့ အတွက် နဲ့ လိုအပ်ချက်က ဘာတွေ ဆိုတာနဲ့ အလုပ်ရှင် အလုပ်သမား ၂ ဦး နှစ်ဘက် အကျိုးရှိနိုင်မယ့် အကျိုးတူ ဆောင် ရွက်နိုင်မယ့် လုပ်ငန်း ဘယ်လို ရှိသလဲဆိုတာကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။