အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်အမတ်နှစ်ဦးကို ပါတီမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က စက်တင်ဘာလ ၂၃ ရက်က နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သော ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။
ပါတီမှ နုတ်ထွက်ခွင့်တင်ပြထားသော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၉ မှ ဦးဖေချစ်နှင့် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၅ မှ ဦးတင်အောင်ထွန်းတို့အား အစည်းအဝေးဆုံးဖြတ်ချက်များအရ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ မျိုးညွှန့် က “ပြစ်ချက်ရှိလို့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ပါတီစည်းကမ်းတွေက တင်းကျပ်လွန်းတယ်။ ပါတီကို အလှူငွေတွေ ထည့်ဝင်ရတယ်။ ဒါတွေကို လွတ်လွတ်လပ်လပ် လုပ်ချင်တယ်ဆိုပြီး ပါတီကို နုတ်ထွက်ခွင့် တောင်းတာ၊ ဒါကို ဒီနေ့အစည်းအဝေးက အတည်ပြုလိုက်တာ” ဟု ပြောသည်။
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် နုတ်ထွက်စာမတင်မီက ပါတီစည်းကမ်းဖောက်ဖျက်၍ အရေးယူခဲ့ရခြင်းများ မရှိခဲ့ဘဲ ၎င်းတို့ ဆန္ဒအလျောက် နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါကိစ္စအပေါ် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၅ မှ ဦးတင်အောင်ထွန်းက ၎င်းအနေဖြင့် ၂၀၁၈ ခုနှစ် ဇွန်လက နုတ်ထွက်ခွင့်တင်ပြခဲ့ကြောင်း၊ နုတ်ထွက်စာတွင် မိမိအနေဖြင့် ပါတီဝင်အဖြစ် ခံယူလိုခြင်း မရှိသဖြင့် နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ပြီး အခြားအကြောင်းပြချက်များ မတင်ပြခဲ့ကြောင်း ဧရာဝတီ၏ မေးမြန်းမှုကို ဖြေကြားသည်။
ဦးတင်အောင်ထွန်း က “ကျနော်အနေနဲ့ ဘယ်သူ့ကို မှ အပြစ်မပြောဘူး။ ကိုယ့်ရပ်တည်ချက်နဲ့ ဒီပါတီဝင်အဖြစ် ခံယူလိုမှု မရှိတော့တဲ့ အတွက် ပါတီဝင်အဖြစ် မခံယူလိုတော့ဘူးဆိုတာမျိုး အကြောင်းပြုလိုက်တာပါ။ အကြောင်းပြချက် တခုမှ ထည့်မထားပါဘူး။ ကိုယ့်ဘက်က အကြောင်းပြချက်ဘာမှ မပြောဘဲနဲ့ ပါတီဘက်က ပြောချင်တာ ပြောပေါ့ဗျာ” ဟု ပြောကြားသည်။
နုတ်ထွက်ရသည့် အကြောင်းရင်းမှန်ကို အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ လတ်တလော ပြောကြားလိုခြင်း မရှိသေးဘဲ ပါတီကိစ္စများရှင်းလင်းသည့်အခါတွင် အများသိရှိနိုင်ရန် ရှင်းလင်းပြောကြားမည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၉ မှ ဦးဖေချစ်ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိသဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။
အငြိမ်းစားဗိုလ်မှူးဟောင်း တဦးဖြစ်သော မှော်ဘီ၊ ထန်းတပင်နှင့် ရွှေပြည်သာ မြို့နယ်များ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေချစ်ကို ပါတီက သတိပေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း၊ ၎င်းကလည်း တသီးပုဂ္ဂလအဖြစ် ရပ်တည်လိုသဖြင့် ပါတီသို့ နုတ်ထွက်စာ တင်ထားခဲ့ကြောင်း NLD ပါတီတွင်းမှ သတင်းရင်းမြစ်များက ယခုနှစ် ဧပြီလတွင် ဧရာဝတီသို့ ပြောကြားထားသည်။
တသီးပုဂ္ဂလအဖြစ် ရပ်တည်ရန် ပါတီသို့ တင်ပြခဲ့ပြီးနောက် ဦးဖေချစ်က ၎င်း၏ မဲဆန္ဒနယ်မှ အခြားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုတော့ကြောင်း မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဧပြီလတွင် ဧရာဝတီသို့ ပြောဆိုထားသည်။
နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ လွှတ်တော်တွင်း ဆွေးနွေးထောက်ပြမှုများ၊ မီဒီယာများသို့ ဝေဖန်ပြောကြားမှုများပြုလုပ်ခဲ့သည့် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရကို ဝေဖန်မှုများပြုလုပ်လျှက်ရှိသော တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ တို့ကိုလည်း NLD ပါတီက ပါတီစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ပါတီတာဝန်မှ ရပ်နားသည့် အရေးယူမှုများကို ယခုလအတွင်း ပြုလုပ်ခဲ့သည်။
အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်းနှင့် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များ အကြားတွင် ဗဟိုချုပ်ကိုင်မှု အလွန်မြင့်မားနေပြီး ပါတီတွင်းဒီမိုကရေစီကျင့်သုံးမှုသည် တပါတီစနစ်ကျင့်သုံးသည့် နိုင်ငံများမှ နိုင်ငံရေးပါတီများထက်ပင် လျော့နည်းနေသည်ဟု သုံးသပ်ရကြောင်း၊ ယင်းအချက်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အကျိုးမပြု၍ ပြုပြင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ဆိုသည်။
ဒေါက်တာ ရန်မျိုးသိန်း က “လက်ရှိပါတီခေါင်းဆောင်တွေအနေနဲ့ ဒီလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်တဲ့ကိစ္စအပေါ်မှာ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ပြီးတော့ ပါတီတွင်းမြင့်မားနေတဲ့ ဗဟိုချုပ်ကိုင်မှုတွေကို လျှော့ချနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ကြားမှာ ရှိနေတဲ့ ထိန်းချုပ်မှုတွေ၊ ချုပ်ကိုင်မှုတွေကို လျှော့ချနိုင်ဖို့ သုံးသပ်စဉ်းစားသင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။
ထို့အပြင် ပါတီတွင်း ဒီမိုကရေစီအားကောင်းပြီး အဆင့်ဆင့် ဝေဖန်ဆွေးနွေးမှုများပြုလုပ်ခြင်း၊ ယင်းဝေဖန်မှုများကို ပါတီခေါင်းဆောင်ပိုင်းများက အလေးထားပြုပြင်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်များကို အရေးယူရခြင်း၊ ပါတီမှ နုတ်ထွက်ခြင်းများ လျော့နည်းသွားမည်ဟု ယူဆကြောင်း ၎င်းက ဆက်လက်ပြောသည်။
စည်းကမ်းတင်းကျပ်၍ ပါတီမှ နုတ်ထွက်သည်ဆိုသော်လည်း NLD ပါတီအနေဖြင့် စည်းကမ်းပိုင်း တင်းကျပ်ထားသည့် အပေါ် ပြန်လည်သုံးသပ်ရန် မရှိကြောင်း၊ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း နိုင်ငံဆင်းရဲနေသမျှ ကြိုးစားရုန်းကန်နေရမည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့် က ပြောသည်။
ဒေါက်တာမျိုးညွှန့်က “ပါတီစည်းကမ်းကိုတော့ လျှော့ပေးဖို့ အကြောင်း မရှိပါဘူး။ ဘယ်လို စနစ်တကျနဲ့ ကိုင်တွယ်မလဲဆိုတာပဲ ဆွေးနွေးတာရှိပါတယ်” ဟု ပြောသည်။
NLD ပါတီမှ နုတ်ထွက်သွားသော လွှတ်တော်ကိုယ်စားလှယ်များမှာ အထက်ပါနှစ်ဦးနှင့် မအူပင်မြို့နယ် ကိုယ်စားလှယ် ဦးစိန်ဝင်း အပါအဝင် ၄ ဦးရှိကြောင်း၊ ပါတီစည်းကမ်း ထိန်းသိမ်းရေး အနေဖြင့် လွှတ်တော် ကိုယ်စားလှယ် ၄၅ ဦးခန့် ကို အရေးယူထားကြောင်း ဒေါက်တာမျိုးညွှန့်၏ ပြောကြားချက်အရ သိရသည်။