လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေသည့်အတွက် စီးပွားရေးအရ တွက်ခြေကိုက်မည်၊ သက်တောင့်သက်သာ နေရလိမ့်မည်ဟု မျှော်လင့်မထားကြရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွှန့်က ပြောသည်။
စက်တင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်ရှိ စည်ပင် ဧည့်ရိပ်သာ ၂ တွင် ပြုလုပ်သည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ၎င်းက သတင်းထောက်များကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“လွှတ်တော် ကိုယ်စားလှယ်ဖြစ်လို့ စီးပွားရေးအရ တွက်ခြေကိုက်လိမ့်မယ်။ သက်သောင့်သက်သာ ဖြစ်လိမ့်မယ် ဆိုတာမျိုးကတော့ ခွင့်မပြုနိုင်ပါဘူး။ နိုင်ငံသားတွေ ဆင်းရဲကျပ်တည်းနေတာနဲ့အမ ျှ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပင်ပင်ပန်းပန်း ကြိုးစား ရုန်းကန်ဖို့ လိုတယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ပါတီစည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှာ ဖြစ်ပါတယ်”ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ပါတီစည်းကမ်း မလိုက်နာနိုင်သူများကို ပါတီမှ ထွက်ခွင့်ပြုနေရသော်လည်း ပါတီစည်းကမ်းကိုမူ တင်းတင်းကျပ်ကျပ် ဆက်လက် ထားရှိမည် ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တချို့ ပါတီမှ နုတ်ထွက်နေသော်လည်း လွှတ်တော်တွင် နေရာအများစု အနိုင်ရရှိထားသဖြင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုများကိုမူ သက်ရောက်မှု မရှိနိုင်ကြောင်းလည်း NLD က ပြောသည်။
ဒေါက်တာမျိုးညွှန့်က“ကျနော် တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သက်တေယင့်သက်သာနဲ့ လုပ်ရမယ်လို့ မမျှော်လင့်ပါနဲ့လို့ ကျနော်တို့ ပြောထား ပြီးပါပြီ။ အဲဒီအတိုင်းပဲ ကျနော်တို့ တိတိကျကျ ဆောင်ရွက်သွားမှာပါ”ဟု ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ် လစာမှာ ကိုယ်စားလှယ်တဦး၏ သွားလာစရိတ်၊ အလုပ်ပြန်လုပ်ရသည့်အခါ ကုန်သွားသောကြောင့် မိသားစုကိုပင် ပြန်လည် မထောက်ပံ့နိုင်ကြောင်း၊ ပါတီကို အလှူငွေလစဉ် ၂ သိန်းခွဲ၊ မြို့နယ် NLD ရုံးခန်း ငှားခ ၁ သိန်း ပေးရကြောင်း၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဖြစ်၍ တပတ်တခါ နေပြည်တော်-ရန်ကုန် စရိတ်လည်း ရှိကြောင်း လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
“အများစုကတော့ တိုင်းပြည်ပြောင်းလဲချင်လို့ ဝိုင်းဝန်း လုပ်နေတာ။ စီးပွားရေးအရ၊ ဂုဏ်သိက္ခာအရတော့ မဟုတ်ဘူး။ တချို့လူတွေတော့ မသိဘူး။ ကျနော်တို့ထဲမှာလည်း အကုန်လုံးတော့ မဟုတ်ဘူးပေါ့။ စီးပွားတွက်တွက်တဲ့သူတွေလည်း ရှိမှာပေါ့”ဟု ၎င်းက ရှင်းပြသည်။
လွှတ်တော်ကိုယ်စားလှယ်၏ လစာ မပိုသည့်အပြင် တချို့ ကိုယ်စားလှယ်များမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်စဉ်က ချေးငှား ထားသည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်များပင် မကြေသေးကြောင်း၊ ပြည်သူလူထု ကြပ်တည်းနေတဲ့အချိန်တွင် ၎င်းတို့၏ အခက်အခဲများကို ထုတ်ပြောနေ၍ မကောင်းကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“သက်သောင့်သက်သာဆိုတာက ကိုယ်စားလှယ်ဖြစ်လာရင် အစည်းအဝေးသွားတက်လိုက်နဲ့ ပြီးသွားမယ်လို့ မထင်ဖို့။ နယ်မြေတွေ ကို ဆင်းရတယ်။ လူထုနဲ့ တွေ့ရတယ်။ ကုန်ကျစရိတ် ရှိတယ်။ လူလည်း ပင်ပန်းတယ်။ ငွေကြေးအရလည်း ဘာမှမကျန်ဘူးလေ။ အခု ဒီဘက်မှာ ကုန်ဈေးနှုန်းကလည်း တက်လာတော့ ရှိသမ ျှပိုက်ဆံ အကုန်ပြန်ကုန်တာပဲ။ ဇိမ်ခံနေလို့လည်း မရဘူး။ သွားစရာ ရှိတာတွေတော့ သွားနေရတာပဲ”ဟု ၎င်းက ရှင်းပြသည်။
လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်လာရန် စီးပွားရေးအရ လုံးဝ မစဉ်းစားခဲ့ဘဲ နိုင်ငံရေး ဖြတ်သန်းမှုအရ လုပ်ရမည် ဆိုသည့် အသိတခုကြောင့် ဝင်ရောက်လုပ်ကိုင်ခြင်း ဖြစ်ကြောင်း၊ ပါတီစတင်စဉ်ကပင် ပါဝင်ခဲ့သူတဦးဖြစ်၍ ပါတီ၏ မူဝါဒများကို လိုက်နာသွားမည် ဖြစ်ကြောင်း NLD ပါတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောသည်။
“တကယ်ဝင်လုပ်တော့လည်း ၁၀ သိန်းတို့၊ ၅ သိန်းတို့ ဆိုတာလည်း ဘာမှ မစဉ်းစားမိဘူး။ ကျနော်တို့က ပါတီစဖွဲ့တဲ့ ၈၈၊ ၈၉ ကတည်းက ပါလာခဲ့သူတွေဆိုတော့ ပါတီရဲ့ မူဝါဒနဲ့တော့ ထိခိုက်အောင် နေလို့လည်း မရဘူး။ ပါတီရဲ့ စည်းမျဉ်း၊ စည်းကမ်းဘောင်ထဲကနေ လွှတ်တော်မှာ အလုပ်လုပ်ရတာပေါ့”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ဦးစိန်ဝင်း၊ ဦးသိန်းမောင်၊ ဦးဖေချစ်နှင့် ဦးတင်အောင်ထွန်းတို့ကို နုတ်ထွက်ခွင့်ပြုထားပြီး သတိပေးခံထားရသည့် ကိုယ်စားလှယ် ဦးရေ ၅၀ နီးပါး ရှိနေပြီ ဖြစ်ကြောင်း NLD ပါတီ အသိုင်းအဝိုင်းက ပြောသည်။
ယခုအခါ လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်တွင်း ဆောင်ရွက်ချက်များ၊ ပြည်သူလူထုနှင့်တွေဆုံမှုများ၊ ဒေသဖွံ့ ဖြိုးရေး ဆောင်ရွက်ချက်များကို ပါတီဗဟိုသို့ ပြန်လည် တင်ပြရန် ညွှန်ကြားထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြမှု မှတ်ချက်များတွင် မြို့နယ် အလုပ်မှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်လည်း ပါရမည် ဖြစ်ကြောင်း သိရသည်။