ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ကျွဲများ အစုံအပြုံလိုက် သေဆုံးနေမှု ဖြစ်ပွားနေသလို ကျောက်ဖြူမြို့နယ်၊ တွင်လည်း ဂုံးကောင်များ အစုလိုက် အပြုံလိုက်သေဆုံးမှု ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
မင်းပြားမြို့နယ် အိုးပျဉ်ထောင်ကျေးရွာမှ လယ်သမားများသည် ၎င်းတို့၏ ကျွဲများကို ယခုလ ၁၂ ရက်နေ့က သွားရှာစဉ် ကျွဲများကို ဝါးရုံနှင့် ရေအိုင်များထဲတွင် ထူးဆန်းစွာ အစုလိုက် အပြုံလိုက် သေဆုံးနေမှုကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အိုးပျဉ်ထောင်ကျေးရွာသား ဦးမောင်နီချေ က ဧရာဝတီသို့ ပြောသည်။
ဦးမောင်နီချေ က “ကျနော်တို့ ရွာသားတွေက လယ်ထွန် ပြီးတော့ ကျွဲ၊ နွားတွေကို တောင်ပေါ် တင်ပါတယ်။ အရင်နှစ်တွေ ကလည်း တောင်ပေါ်တင်ပြီး ဒီလိုပဲ ကျောင်းတာပဲ ဘာမှ မဖြစ်ဘူး။ ဒီနှစ်မှ ထူးထူး ဆန်းဆန်း သေဆုံးမှု ဖြစ်တော့ စိုးလည်း စိုးရိမ်တယ်။ ဘာကြောင့်သေတယ်ဆိုတာကိုလည်း စဉ်းစားလို့မရဘူး” ဟု ပြောသည်။
လက်ရှိ ကျွဲအကောင်ရေသေဆုံးမှုမှာ ၅၀ ကျော်ရှိပြီး အကောင် ၄၀ ကျော်မှာ လည်း ပျောက်ဆုံး လျှက် ရှိကြောင်း ကျေးရွာသားများက ပြောသည်။
ထိုသို့ ကျွဲအစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဉ် အသေးစိတ်သိရှိနိုင်ရန် အတွက် မင်းပြားမြို့နယ်မှ မွေးမြူရေးနှင့် ကုသရေးဦး စီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ချစ်ဦးလွင် ဦးစီး အဖွဲ့သည် စက်တင်ဘာလ ၂၃ ရက်နေ့က အိုးပျဉ်ထောင်ကျေးရွာသို့ သွားရောက်ပြီး ဖြစ်စဉ်များကို ကွင်းဆင်းလေ့လာလျှက်ရှိကြောင်းလည်း သိရသည်။
ဒေါက်တာ ချစ်ဦးလွင် က “ကျနော်တို့ လောလောဆယ်တော့ ရွာသားတွေနဲ့ တွေ့ဆုံပြီးတော့ ရွာမှာ ရှိတဲ့ ကျွဲနွားတွေကို ကာကွယ်ဆေးများ ထိုးနေပါတယ်။ ဒီနေ့တော့ တောင်ပေါ် တက်ပြီး ကွင်းဆင်းကြည့်ပါမယ်။ ခရီးက ၂ ည အိမ် ၃ ရက်လောက်ကြာပါမယ်။ ရွာသားတွေ ပြောတာကတော့ တောင် ၅ လုံး ကျော်ပြီးတော့ သွားရမယ်လို့ ပြောတယ်။ အဓိကတော့ ကျနော်တို့ ဖြစ်စဉ်ကို လေ့လာကြည့်ရှု့ပြီး အသားစနဲ့ ရေအိုင်ထဲက ရေကို ယူပြီး ရန်ကုန် ဓာတ်ခွဲခန်းကို ပို့ ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
မင်းပြားမြို့နယ်အတွင်းရှိ လယ်သများသည် စားကျက်မြေများ ရှားပါးသဖြင့် လယ်ယာထွန်ယက် လုပ်ငန်းများ ပြီးစီးသွားသည့်အခါတွင် တောင်ကုန်း၊ တောင်တန်းများ ပေါ်သို့ ကျွဲ၊ နွားများကို တင်၍ ကျောင်းလေ့ရှိပြီး ပိုင်ရှင်များက တပတ် တကြိမ် ၊ ၂ ပတ်တကြိမ်သာ မိမိတို့ ကျွဲ ၊ နွားများကို ရှာဖွေကြည့်ရှုလေ့ရှိကြောင်း သိရသည်။
ယင်းသို့ တောင်းကုန်းများပေါ်သို့ ကျွဲ ၊ နွား တင်ဆောင်ကျောင်းစဉ် မိုးကြိုးပစ်၍ သေဆုံးခြင်း ၊ တောကောင်များ ကိုက်သတ်၍ သေဆုံးခြင်း တို့မှာ တခါတရံ တကောင်စ၊ နှစ်ကောင်စ လောက်သာ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ အစုလိုက် အပြုံလိုက် သေဆုံးသည့် ဖြစ်စဉ်များအား မကြုံဘူးကြောင်း ရွာသားများက ပြောကြသည်။
ဒေါက်တာ ချစ်ဦးလွင်က “ရွာသားတွေ ကိုယ်တိုင်ကလည်း သေဆုံး နေတာကိုပဲ တွေ့တာ လက္ခဏာတွေ၊ ဘာတွေကို မမြင်ခဲ့ရဘူး၊ ဖြစ်နိုင်ခြေက ကူးစက်ရောဂါ တမျိုးမျိုးပေါ့။ ဒါမှမဟုတ် ရေအိုင်၊ ရေမြောင်းတွေမှာ ငါးအစာ အဆိပ်ချတာတွေ ကြောင့်လည်း ဖြစ်ဖို့ များပါတယ်” ဟု ပြောသည်။
အလားတူ ကျောက်ဖြူမြို့နယ် လောင်းချောင်း မြစ်ကမ်းရိုးတလျှောက်တွင်လည်း ဂုံးကောင်များ အစုလိုက် အပြုံလိုက်သေဆုံးမှု ဖြစ်ပွားနေကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့က ကိုယ်တိုင် သွားရောက်လေ့လာခဲ့သူ အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးမျိုးလွင် က ပြောသည်။
ဦးမျိုးလွင် က “ကျနော်တို့ သွားကြည့်တော့ လောင်းချောင်း မြစ်ကမ်းရိုးတန်း တလျှောက်မှာ တနေရာသေတယ်။ နောက်တခု အစုလိုက် အပြုံလိုက်သေတာကတော့ လောင်းချောင်းဖြစ် ရဲ့ ချောင်းတက်တခုဖြစ်တဲ့ ကျားအိုချောင်း ကျွန်းဖျားဆိုတဲ့ နေရာ အဲဒီ ၂ နေရာ ဂုံးကောင်တွေ သေဆုံးနေတာတွေကို တွေ့ခဲ့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မဒေးကျွန်းတဝိုက်တွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက ရေမဲများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ် နောက်ပိုင်းကတည်းက ဂုံးကောင်များ သေဆုံးနေမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ယခုနောက်ပိုင်းတွင် တဖြည်းဖြည်း များပြာလာနေခြင်း ဖြစ်သည်ဟု ဒေသခံကျေးရွာသားများက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ ဧရာဝတီမှ ဆက်သွယ်ခဲ့ သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပါ။ သို့သော်လည်း ယင်းသို့ အစုံလိုက် အပြုံလိုက်သေဆုံးမှု ဖြစ်စဉ်ကို သွားရောက် စုံစမ်းမှုများ ပြုလုပ်နေ သည်ဟု ပြည်နယ် အစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ဆိုသည်။