ရေလွှမ်းမိုးဒဏ် ခံရနိုင်ခြေရှိသည့် ဘာဆန်ချားကျွန်းသည် လူနေထိုင်နိုင်သည်ဟု ဘင်္ဂလားဒေ့ရှ် နှင့် ကုလသမဂ္ဂ အရာရှိများ ပါဝင်သည့် အဖွဲ့က သဘောတူလျှင် ကော့စ်ဘဇားမှ ဒုက္ခသည်များအား ထိုနေရာသို့ ရွှေ့ပြောင်းမည့် အစီအစဉ်ကို နိုဝင်ဘာလတွင် စတင်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် အရာရှိတဦးက ပြောသည်။
ထိုအဖွဲ့သည် မက်ဂ်နာ မြစ်ဝတွင် တည်ရှိသော ဘာဆန်ချားကျွန်းသို့ လုပ်ငန်းတိုးတက်မှုကို စစ်ဆေးရန် တနင်္ဂနွေနေ့က သွားရောက်ခဲ့သည်။
“ကျနော်တို့ အဲဒီနေရာကို ကုလသမဂ္ဂ အေဂျင်စီတွေက ကိုယ်စားလှယ်တွေ၊ တခြားကျွမ်းကျင်သူတွေနဲ့အတူ ကိုယ်တိုင်သွားကြည့်ပြီးပြီ။ လုပ်ငန်းတိုးတက်မှုနဲ့ပတ်သက်ပြီး အရမ်းစိတ်ကျေနပ်မိတယ်။ ကုလသမဂ္ဂ အရာရှိတွေလည်း အရမ်းကို စိတ်ကျေနပ်နေတယ်” ဟု သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာနမှ ဒုက္ခသည်ရေးရာ အကြီးအကဲ မူဟာမက် ဟာဘီဘူ ကဘာ ချောင်ဒရီက ခရီးစဉ်အပြီးတွင် ပြောသည်။
“ဘာဆန်ချား ကျွန်းက ပင်လယ်ထဲမှာလို့ ကျနော်တို့ထင်ခဲ့တာ။ ဒါပေမယ့် အဲဒါ မဟုတ်ဘူး။ အဲဒီမှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံဆောက်ဖို့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေတယ်။ အခု လုပ်နေတဲ့ အလုပ်သမား ၁၅၀၀ လောက်ရှိတယ်။ ကျနော်အ ရင်က အကျပ်အတည်းဖြစ်ခဲ့ပေမယ့် အခုတော့ ကျော်လွှားနိုင်ခဲ့ပြီ” ဟု သူပြောသည်။
ထိုနေရာကို ဒီရေတောများက မုန်တိုင်းဒဏ်မှ ကာကွယ်ပေးထားသော်လည်း ၂၁ ပေမြင့်သည့် တာရိုးကို တည်ဆောက်နေသည်ဟုလည်း သူက ဆိုသည်။
“ကျနော်တို့ ဘယ်သူ့ကိုမှ သေမင်းခံတွင်းကို မပို့ဘူး” ဟု ချောင်ဒရီက ပြောသည်။
ဘင်္ဂလားဒေ့ရှ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ဝန်ကြီးချုပ် ရှိတ် ဟက်စီနာ သည် ထိုအဆောက်အအုံများကို အောက်တိုဘာလ ၃ ရက်နေ့တွင် သွားရောက်ဖွင့်လှစ်မည်ဟု သိရသည်။
“အောက်တိုဘာလ ၃ ရက်နေ့မှာတော့ ဒုက္ခသည်တွေကိ ခေါ်မသွားသေးဘူး။ ပထမဆုံး ရိုဟင်ဂျာ အသိုင်းအဝန်းခေါင်းဆောင်တချို့ကို ကျွန်းကိုခေါ်သွားပြီး သူတို့အတွက် ကျနော်တို့ဆောက်ထားတာတွေကို ပြမယ်။ ပြီးတော့ ဆန္ဒအလျှောက်ပြောင်းရွှေ့အောင်လို့ လှုံ့ဆော်မယ်” ဟုလည်း သူပြောသည်။
စစ်ဆေးရေးအဖွဲ့က အစီရင်ခံစာတင်သွင်းပြီး အစိုးရက ညွှန်ကြားချက် ထုတ်ပြန်သောအခါမှသာ ဆန္ဒအလျှောက်ပြောင်းရွှေ့မည့်သူ စာရင်းကို ပြုစုမည်ဟု ဘင်္ဂလားဒေရှ်နိုင်ငံ ကော့စ်ဘဇားမှ ကယ်ဆယ်ရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကော်မရှင်နာ မင်းကြီး မိုဟာမက် အဘူလ် ခါလန်အဇက်က ပြောသည်။
ကုလသမဂ္ဂက ထိုပြောင်းရွှေ့မည့် အစီအစဉ်နှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၃ ရက်နေ့အထိ ဝေဖန်ပြောကြားရန် ငြင်းဆန်သည်။
လုံခြုံရေးအတွက် စိုးရိမ်မှုများ၊ ဆန္ဒအလျှောက်ပြောင်းရွှေ့ခြင်းနှင့် ရေရှည် ဖြစ်နိုင်ခြေများကို ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆွေးနွေးနေသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မီယာ ဆက်ပို က သြဂုတ်လတွင် ဧရာဝတီ သတင်းဌာနသို့ ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သဘာဝဘေးအန္တရယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန တွဲဖက် အတွင်းဝန် မူဟာမက် မိုဆင် ဦးဆောင်သည့် အဖွဲ့ဝင် ၁၀ ဦးပါ စစ်ဆေးရေးအဖွဲ့ကို ယခုနှစ် အစောပိုင်းက ဖွဲ့စည်းထားပြီး ဘာဆန်ချားကျွန်းသည် ပြောင်းရွှေ့ရန် သင့်မသင့် ဆုံးဖြတ်စေသည်။ ထိုအဖွဲ့တွင် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ကုလသမဂ္ဂတို့မှ အဖွဲ့ဝင် ငါး ဦးစီ ပါဝင်သည်။
ရွှေ့ပြောင်းမှုအားလုံးသည် ဆန္ဒအလျှောက်ဖြစ်စေရန် အာဏာပိုင်များက တာဝန်ယူရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရွှေ့ပြောင်းအခြေချနေထိုင်မှုနှင့် ဒုက္ခသည်ရေးရာ ကျွမ်းကျင်သူ စီအာ အက်ဘရာက ပြောပြီး ဆွေးနွေးမှုများတွင် ဒုက္ခသည်များကို ချန်လှပ်ထားခြင်းကို သဘောမကျကြောင်း ပြောသည်။
“ဒုက္ခသည်တွေရဲ့ အသံက ဘယ်မှာလဲ” ဟု သူက မေးခွန်းထုတ်သည်။
စစ်တမ်းကောက်ယူခဲ့သော ဒုက္ခသည်များ၏ ၁၃ ရာခိုင်နှုန်းသာ ကော့စ်ဘဇားမှ ဘာဆန်ချားသို့ ပြောင်းရွှေ့လိုကြောင်း ဘင်္ဂလားဒေ့ရှ် အထူးရဲတပ်ဖွဲ့၏ အစီရင်ခံစာက ဇွန်လတွင် ဖေါ်ပြခဲ့သည်။ ၎င်းတို့၏ အဓိက စိုးရိမ်ပူပန်မှုများတွင် ကျွန်း၏ တည်နေရာလည်း ပါဝင်ပြီး တည်နေရာကြောင့် ဆေးဝါးနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ မရတော့သလို ဆွေမျိုးများနှင့် ခွဲခြားနေရမည်ကို ပူပန်ကြသည်ဟု ဆိုသည်။
မြန်မာ အစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးလျှင် မြန်မာနိုင်ငံသို့သာ ပြန်လိုကြောင်း ဒုက္ခသည် မူဟာမက် ရာဖစ်က ပြောသည်။ သို့သော် ထိုသို့ ဖြစ်လာရန် အလှမ်းဝေးလွန်းနေသေးသည်။
“မုန်တိုင်းဒဏ် ခံရနိုင်တဲ့ အဲဒီကျွန်းကို ကျနော်မ သွားဘူး” ဟု ကော့ဗဇားရှိ ဒုက္ခသည် အသိုင်းအဝန်းခေါင်းဆောင် မူဟာမက် အလီက ပြောသည်။ “ဒီမှာ နေတာ နှစ်အတော်အတန်ကြာနေတဲ့ ဒုက္ခသည်တွေ အဲဒီကို သွားချင်ရင် သွားမယ်။ ဒါပေမယ့် ကျနော်တို့ကတော့ မသွားဘူး။ ကျနော်တို့ဒီမှာ အဆင်ပြေတယ်။ ကျနော်တို့ ဒေသကို သိက္ခာရှိရှိ၊ အခွင့်အရေးအပြည့်အဝနဲ့ပြန်မယ်” ဟုလည်း သူ ဆက်ပြောသည်။
မြန်မာနိုင်ငံမှ ထပ်မံဝင်ရောက်လာသူများ ပြဿနာကို ဖြေရှင်းရန် ဒုက္ခသည်များကို ကော့စ်ဘဇားမှ ထိုကျွန်းသို့ပြောင်းရွှေ့နေရာချထားရေး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ၂၀၁၅ ခုနှစ်တွင် စတင် အဆိုပြုခဲ့ကြသည်။
၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံမှ လူ ၇ သိန်းခန့် ရုတ်တရက် ဝင်ရောက်လာသောအခါ ကော့စ်ဘဇားတွင် ဒုက္ခသည် ၁ သန်းကျော်သွားသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကုလသမဂ္ဂကို ငွေကြေးထောက်ပံ့ရန် အကူအညီတောင်းခဲ့သည်။
( Bangladesh Hopes to Start Moving Rohingya to Island in November ကို ဘာသာပြန်သည်။)