ရခိုင်ပြည်နယ် မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးချုပ်နှောင်ခံထားရသော ရခိုင်လူငယ် ၈ ဦး ကို စစ်တွေမြို့နယ် တရားရုံးက စက်တင်ဘာ ၂၄ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ဖြင့် လွတ်မြောက် မည်ဖြစ်သည်။
ယင်းအမှုအား လိုက်ပါဆောင်ရွက်သူ အထက်တန်းရှေ့နေ ဦးထွန်းအောင်ကျော် က “ဒီနေ့ လွတ်ပါတယ်။ တရားရုံးက ပြစ်ဒဏ်ချခံပြီး လွတ်တာပါ။ သူတို့ကို ထောင်ဒဏ် ၈ လ ချပါတယ်။ ချုပ်ထားတာလည်း ၈ လ ၁ ရက်ဆိုတော့ ကျလွတ်ပေါ့။ ဒီနေ့ သူတို့ စစ်တွေ အကျဉ်းထောင်ကနေ လွတ်မြောက်ပါမယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းလူငယ် ၈ ဦးကို မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူပိုင်အကျိုး ဖျက်စီးမှု ပုဒ်မ ၆ (၁) ဖြင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က မြောက်ဦးမြို့မ ရဲစခန်းမှ အမှုဖွင့် ဖမ်းဆီး ချုပ် နှောင်ခဲ့ခြင်း သည်မှာ ယနေ့ ဆိုလျှင် ၈ လ ပြည့် မြောက်ပြီးလည်း ဖြစ်သည်။
ယနေ့ ရုံးထုတ်သည့် စစ်တွေမြို့နယ်တရားရုံးသို့ လူငယ်များ၏ မိသားစုဝင်များက လည်း စုရုံးရောက်ရှိလာခဲ့ကြပြီး ယနေ့ လွတ်မြောက်လာမည်ဆိုသည့် အတွက် ဝမ်းသာမိကြောင်း ပြောသည်။
လူငယ် တဦး၏ ဖခင်တစ်ဦးဖြစ်သူ ဦးအေးမောင်သိန်း က “ဘာပဲ ဖြစ်ဖြစ် ဒီနေ့ လွတ်တယ်ဆိုတော့ ဝမ်းသာတာပေါ့။ ဒါပေမဲ့ ဒဏ်ရာတွေက မကောင်းသေးတဲ့အတွက် အပြင်မှာတော့ ဆေးကုသရအုံးမယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦး အဓိကရုဏ်းဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ ဝင်များ၏ ပစ်ခတ်မှုကြောင့် ၎င်း ဖမ်းဆီးတရားစွဲခံ ရခိုင်တိုင်းရင်းသား လူငယ် ၈ ဦးသည် သေနတ်ဒဏ်ရာများ ရရှိခဲ့ရာ ဒဏ်ရာ ပြင်းထန်သဖြင့် မြောက်ဦးဆေးရုံမှ စစ်တွေမြို့ ပြည်သူ့ဆေး ရုံသို့ ပြောင်းရွှေ့ကုသခဲ့ရသူများ ဖြစ်သည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ၎င်းတို့ကို မြောက်ဦးမြို့မရဲစခန်းမှ အများပြည်သူပိုင် အဆောက်အဦး အကျိုး ပျက်စီးမှု ပုဒ်မ ၆ ( ၁ )ဖြင့် အမှုဖွင့်လှစ်ကာ စစ်တွေမြို့ ပြည်သူဆေးရုံကြီးအတွင်း အချုပ်သား လူနာ ဆောင်သို့ ပြောင်းရွေ့ကုသခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ပိုင်းတွင် ဆေးရုံ မှနေ စစ်တွေ အကျဉ်း ထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။
မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းမှုအထိမ်းအမှတ် ပွဲကျင်းပခြင်း ပိတ်ပင်ခံရမှုနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြောင့် ရခိုင်လူငယ် ၇ ဦးသေ ဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။