သတင်း

ကြားဖြတ် မဲဆွယ်ရာတွင် သမ္မတနှင့် အတိုင်ပင်ခံ တို့၏ ရုပ်ပုံ သုံးမည်ဟု NLD ပြော

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်ရာတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုပ်ပုံများကို ဆက်လက် အသုံးပြုသွားမည် ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဒေါက်တာမျိုးညွန့် က “ဥပဒေနဲ့ လွတ်ကင်းကြောင်း စိတ်ချယုံကြည်တဲ့အတွက် ကျနော်တို့ ဆက်လက်ပြီးတော့ ရဲရဲရင့်ရင့် သုံးစွဲသွားမှာပါ” ဟု စက်တင်ဘာ ၂၃ ရက်နေ့က နေပြည်တော်စည်ပင်ဧည့်ရိပ်သာတွင် မီဒီယာများကို ပြောသည်။

သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ဓာတ်ပုံကို မဲဆွယ်ရာတွင် အသုံးမပြုမီ ဥပဒေပညာရှင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြောင်း၊ ယခင် သမ္မတ ဦးသိန်းစိန် လက်ထက်တွင်လည်း ရွှေစလွယ်နှင့် သမ္မတပုံများကို အသုံးပြုခဲ့သည့် သာဓကများလည်း ရှိသည့်အတွက် မဲဆွယ်ရန် ပါတီက ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာမျိုးညွှန့် က “အဲ့ဒီလိုရှေးထုံးရှိနေတဲ့အတွက် ကျနော် ဒါကို ရဲရဲရင့်ရင့်နဲ့ လုပ်ပါလို့ပြောတာပါ။ ဒါတောင် ကျနော်တို့ဟာ အင်မတန် သတိထားပြီးတော့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ပုံမှာ အုပ်ချုပ်ရေးအာဏာရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ ရွှေစလွယ် မပါတဲ့ပုံပဲ သုံးရမယ်လို့ စနစ်တကျညွှန်ကြားထားပါတယ်” ဟု ပြောသည်။

၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲ အတွက် တာမွေမဲဆန္ဒနယ်တွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ဦးတိုးဝင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံကို အသုံးပြုပြီး မဲဆွယ်စည်းရုံးခဲ့သည့်အတွက် ကြံ့ခိုင်ရေးပါတီမှ ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်းကျော် က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။

ကြံခိုင်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦး က “သမ္မတတို့ ပြည်ထောင်စုဝန်ကြီးတို့က ပါတီလုပ်ငန်း မလုပ်ရဘူးလေ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဌာန်းပြီးသားပဲ၊ အခုကန့်ကွက်တယ်ပေါ့ဗျာ။ ဆက်လုပ်တယ် ဆိုရင်တော့ ကျနော်တို့ အနေနဲ့ ရွေးကောက်ပွဲ အဖြေထွက်ပြီးတဲ့အချိန်မှာ တင်ပြတိုင်ကြားမှု လုပ်ဆောင် သွားရမှာပဲလေ။ ရွေးကောက်ပွဲ မတရားမှုပြုတယ်ဆိုပြီး တိုင်ရမှာပဲ” ဟု ဧရာဝတီ သို့ ပြောသည်။

ထို့အပြင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိကြောင်း ၊ ကော်မရှင်က ယင်းကိစ္စအပေါ် မည်သို့ ဆက်လက်ဆောင်ရွက်ချက်မည်ကို စောင့်ကြည့် သွားမည်ဖြစ်ကြောင်း ဦးသိန်းထွန်းဦး က ပြောသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က နိုင်ငံ၏ အထွဋ်အထိပ်ဖြစ်သော သမ္မတ ရုပ်ပုံကိုပင်လျှင် မဲဆွယ်ရာ၌ အသုံးပြုနိုင်သည့် အတွက် ဒုတိယနေရာတွင် ရှိသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကိုလည်း အသုံးပြု၍ ရကြောင်း၊ လူထုအပေါ် လွှမ်းမိုးများသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံကို အသုံးမပြုစေရန် တဘက်မှ ကန့်ကွက်နေခြင်းဖြစ်ကြောင်း ပြောသည်။

ဒေါက်တာ မျိုးညွှန့်က “ ဒေါ်အောင်ဆန်းစုကြည်က လူထုအပေါ်မှာ လွှမ်းမိုးမှုများတယ်။ သူတို့ အကြောက်အကန် ငြင်းနေတာ၊ အဓိက ဥပဒေနဲ့ မညီညွှတ်လို့ မဟုတ်ဘူး။ ဒေါ်စုပုံကို မပါအောင် ရနိုင်သမျှ အကြောင်းပြချက်နဲ့ ငြင်းဆန်နေတာ။ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်လည်း နိုင်ငံရေးမှာ ပါဝင်မှာမဟုတ်ဘူး။ ရုပ်ပုံကိုတော့ ဒီလောက် စိုးရိမ်မနေပါနဲ့လို့” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလာခြင်း မရှိသေးကြောင်း၊ တင်ပြလာလျှင် ကော်မရှင်မှ အဖွဲ့ဖြင့် စစ်ဆေးဆုံးဖြတ်ပေးမည် ဖြစ်ကြောင်း၊ သာမန်အားဖြင့် ရုပ်ပုံအသုံးပြုခြင်း သက်သက်သည် ဥပဒေများနှင့် ညိစွန်းခြင်း မရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကေ်ာမရှင် က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က “ ကျန်တာတော့ မသိဘူးပေါ့နော်။ ဓာတ်ပုံဖော်ပြရုံ သက်သက်ကတော့ ဘာမှ ညိစွန်းနိုင်စရာ အကြောင်း မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကြံခိုင်ရေးပါတီက သမ္မတ ဦးသိန်းစိန် ဓာတ်ပုံ အသုံးပြုကာ မဲဆွယ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ယင်းကိစ္စသည် ဥပဒေနှင့် ငြိစွန်းခြင်းမရှိဟု သက်ဆိုင်ရာဌာနက လွှတ်တော်တွင် လာရောက်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအထွေထွေ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အစိုးရတရပ်ဖွဲ့စည်းနိုင်ခဲ့သည်။

၂၀၁၈ နိုဝင်ဘာလတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် စက်တင်ဘာလ ၃ ရက်မှ စတင်ကာ မဲဆွယ် စည်းရုံးမှုများ စတင်လျှက်ရှိသည်။ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာတွင် NLD ပါတီက နေရာစုံပြိုင်မည်ဖြစ်ပြီး ကြံခိုင်ရေးက တိုင်းရင်းသား နယ်မြေများအပ ကျန်နေရာများတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

လစ်လပ်မဲဆန္ဒနယ်မြေများမှာ ပြည်သူ့လွှတ်တော် နေရာအတွက် တာမွေ၊ မြင်းခြံ၊ ကန်ပက်လက်၊ လဲချားမြို့နယ်များ၊ အမျိုးသားလွှတ်တော် နေရာအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ် (၂)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်နေရာများ အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်၏ ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်တို့ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading