ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို စွဲချက်မတင်မီ လွှတ်သည့် အမိန့် ကို ပယ် ဖျက်ပြီး မူလခရိုင်တရားရုံးက အမှုကို ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေးရန် ရန်ကုန်တိုင်းဒေသ ကြီး တရားလွှတ်တော်က ယနေ့ အမိန့်ချလိုက်သည်။
“အဓိက အချက်က ဒီအမှုဟာ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေတဲ့ အမှုဖြစ်တယ်။ အလားတူအမှုမျိုး တိုးတက်ဖြစ် ပေါ်လာနိုင်တဲ့ အခြေအနေလို့ သုံးသပ်ပြီး အောက်ရုံးအမိန့်ကို ဖျက်လိုက်တာ” ဟု တိုင်းတရားလွှတ်တော်မှ သ တင်းနှင့် ပြန်ကြားရေး အရာရှိ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦး က ပြောသည်။
ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးက အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦးဖြစ်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇော ဟန် (ခ) ကျော်ဇော တို့ကို စွဲချက် မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
ယင်းသို့ ရုပ်သိမ်းခွင့် ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့်ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံး က တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဇူလိုင် ၃၀ ရက်တွင် ညွှန်ကြားခဲ့သည်။
ထို့နေ့တွင်ပင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်ချက် လျှောက်ထားခဲ့ ရာ ယင်းလျှောက်ထားမှုကို တိုင်းတရားလွှတ်တော်၏ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုဖွင့် လက်ခံခဲ့ပြီး သြဂုတ် ၂၉ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက်များ ကြားနာခဲ့ပြီးနောက် ယနေ့ (စက်တင်ဘာ ၂၄) တွင် အမိန့်ချလိုက်ခြင်း ဖြစ်သည်။
“သူ့ရဲ့ လုပ်ထုံးလုပ်နည်းကတော့ ရောက်ရှိတဲ့ အဆင့်ကနေ ဆက်သွားလိမ့်မယ်။ ပထမတုန်းက ဒီအမှုက အချုပ်နဲ့ဆိုတော့ ပြန်စစ်ရင် အချုပ်နဲ့ပဲ စစ်သွားမှာ” ဟု အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်နွဲ့နွဲ့ဦးက မီဒီယာများကို ရှင်းပြသည်။
ယင်းအမှုတွင် တရားရုံးက တရားလိုပြသက်သေ ၂၂ ဦးအနက် ၁၄ ဦးကို စစ်ဆေးခဲ့ပြီးဖြစ်ပြီး မှုခင်းဆရာဝန် အပါအဝင် တရားလိုပြသက်သေ ၈ ဦးကို စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း သိရသည်။
အောင်ရဲထွေးအမှု ရုပ်သိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ အဂတိလိုက်စားမှုများ ရှိနေသည်ဆိုကာ ရန်ကုန် တိုင်းဒေသ ကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် တိုင်းဒေ သကြီးရဲတပ်ဖွဲ့ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် စက်တင်ဘာ ၁၃ ရက်နေ့က သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
ထို့ကြောင့် အောင်ရဲထွေးအမှုကို ပြန်လည်စစ်ဆေးရာတွင် တရားသူကြီး အပြောင်းအလဲ ရှိမည်ဖြစ်ပြီး ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၃၅၀ တွင် တရားသူကြီး အပြောင်းအလဲဖြစ်ပါက တရားခံ၏ အခွင့်အရေး တရပ်အနေဖြင့် အဆိုပါ အမှုကို အစမှ ပြန်လည်စစ်ဆေးရန် တောင်းဆိုပိုင်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။
အဆိုပါ ပြဋ္ဌာန်းချက်နှင့် ပတ်သက်၍ ဒေါ်နွဲ့နွဲ့ဦးက “ပုံမှန်အားဖြင့် အမှုတွေ ကြန့်ကြာတတ်တဲ့ အတွက်ကြောင့် တရားခံကို ဒီအခွင့်အရေးပေးတယ်။ ပေးသင့်၊ မပေးသင့်ကတော့ တရားသူကြီး စဉ်းစားမှာ။ တောင်းဆိုတိုင်း ပေးတာတော့ မဟုတ်ဘူး” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက တိုင်းတရားလွှတ်တော်မှ အရှေ့ပိုင်းခရိုင်တရားရုံးသို့ အမှုတွဲကို ယခုတပတ်အတွင်း ပို့ပေးမည်ဖြစ်ပြီး မည်သည့်တရားသူကြီးက စစ်ဆေးမည်ကို သေချာမပြောတတ်သေးကြောင်း၊ မည်သည့် နေ့ရက်၌ ပြန်လည်စစ်ဆေးမှု ပြုလုပ်သွားမည်ကိုလည်း ခရိုင်တရားသူကြီးကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြောဆို သည်။
လက်ရှိတွင် ဒုခရိုင်တရားသူကြီး ဦးမြတ်စံက ဦးအောင်ကြည်၏ အမှုများကို ဆက်လက် ဆောင်ရွက်ပေးနေ လျက်ရှိကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။
အုပ်စုဖွဲ့ ရိုက်နှက်ခံရ၍ သေဆုံးခဲ့သည့် အောင်ရဲထွေး အမှုကို ရုပ်သိမ်းရန် အမိန့်ချခဲ့စဉ်က ပြည်သူ လူထုကြား ဒေါသထွက် ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့ပြီး တရားမျှတမှုကို တောင်းဆိုခဲ့ကြရာ ယခု တိုင်းတရား လွှတ်တော်၏ အမိန့်ကို အများစုက ထောက်ခံ ကြိုဆိုလျက် ရှိကြသည်။
ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာသည့် အောင်ရဲထွေးသည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ် သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက်တွင် ကွယ် လွန်သွားခဲ့ခြင်း ဖြစ်သည်။