မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကုလသမဂ္ဂအပါအဝင် မည်သည်နိုင်ငံ၊ မည်သည့် အဖွဲ့အစည်းများကမှ ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၂၃ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးတပ်နယ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က “ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့် အညီ ကုလသမဂ္ဂ သဘော တူညီချက်များမှ နိုင်ငံ၏ပကတိအခြေအနေနှင့် ကိုက်ညီသည့် သဘောတူညီချက်များကို လိုက်နာလျက်ရှိကြောင်း၊ နိုင်ငံများ၏စံတန်ဖိုးချင်း မတူညီကြသည်ဖြစ်ရာ နိုင်ငံတနိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့်နိုင်ငံ၊ အဖွဲ့အစည်း၊ အုပ်စု၊ အဖွဲ့များက ဝင်ရောက်စွက်ဖက် ဆုံးဖြတ် နိုင်ခွင့် မရှိကြောင်း၊ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ပြောကြားမှုများသည် တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ အမြင်လွဲမှားမှုကို ဖြစ်စေကြောင်း” ပြောဆိုထားသည်။
ရခိုင်အရေးကို အကြောင်းပြု၍ မြန်မာ့တပ်မတော်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟု ဆိုကာ တပ်မတော် ခေါင်း ဆောင်များကို အရေးယူ၍ မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်ပစ်ရန်အထိ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက ပြောဆိုမှုများ ရှိနေချိန် ယခုကဲ့သို့ ထုတ်ပြောလာခဲ့ခြင်း ဖြစ်သည်။
ထို့အတူ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (ICC) ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်စလင်များအပေါ်တွင် တပ်မတော်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိ၊ မရှိ စွပ်စွဲချက်များကို စတင်လေ့လာရန် အားထုတ်နေချိန်လည်း ဖြစ်သည်။
“ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်၍ မဖြစ်နိုင်သည့်တောင်းဆို မှုများ ကိုလက်ခံ၍မရဘဲ ၁၉၈၂ ခုနှစ်နိုင်ငံသား ဖြစ်မှုဥပဒေနှင့်အညီသာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းဥပဒေမှာ ဘင်္ဂါလီများ အတွက်သာ ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင်နေထိုင်သူ အားလုံးအတွက် ပြဋ္ဌာန်းထား သောဥပဒေဖြစ်၍ မည်သူမဆို ဥပဒေနှင့်အညီ စိစစ်ခံနိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွား သူများကိုလည်း သတ်မှတ်ချက်နှင့် အညီစိစစ်လက်ခံ သွားမည်ဖြစ်ကြောင်း၊ အဆိုပါဒေသဖြစ်စဉ် များနှင့် ပတ်သက်၍လည်းအမှန်အတိုင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။
ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့၏ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြခဲ့သည့် စာတမ်းနှင့် ပတ်သက်၍ မြန်မာ အစိုးရ က လက်မခံနိုင်ကြောင်း တုန့်ပြန်ခဲ့ပြီး ARSA အဖွဲ့၏ ခြိမ်းခြောက်ခံထားရသော သူများ၏ စကားများကို အခြေခံ၍ ထုတ်ပြန်ထားသော အစီရင်ခံစာ တခုသာ ဖြစ်ကြောင်း အစိုးရ၏ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက “အပြုသဘော မဆောင်တဲ့ ဆောင်ရွက်ချက်တွေ၊ ပြစ်ဒဏ်ပေးရေးကို ဦးတည်တဲ့ လုပ်ရပ်တွေက ကျနော်တို့ ဒီမှာ ရှိတဲ့ နိုင်ငံရဲ့ လူ့အဖွဲ့ အစည်းတွေ ကြားမှာ ကွဲပြားမှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်တယ်။ နောက်တချက်က လက်ရှိ အစိုးရက ကြိုးပမ်းနေတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လမ်းကြောင်းကို ပျက်စီးဖို့ ကြိုးပမ်းလာတဲ့ လုပ်ဆောင်မှု မှန်သမျှကို အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာ အစိုးရက တောင်းဆိုထားသည့် ခိုင်မာသည့် သက်သေအထောက်အထားများ မပေးဘဲ တဖက်သတ် စွပ်စွဲချက်များကို ပြုလုပ်လာခြင်းသည် လက်ရှိ ဖြစ်ပေါ်နေသည့် ပြဿနာကို ပြေလည်စေမည် မဟုတ် ဘဲ တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို လမ်းလွှဲစေနိုင်သည် အချက်များပင် ပါဝင်လာကြောင်း ၎င်းက ပြောသည်။
“ဒီကိစ္စ (ရခိုင်အရေး) နဲ့ပတ်သက်ပြီး ကျနော်တို့နိုင်ငံရဲ့ ပုံရိပ်က တော်တော်ပျက်သွားတယ်။ ကျနော်တို့ နိုင်ငံ ထိခိုက်တာနဲ့ ဆက်စပ်ပြီးတော့ တချို့ Private Sector က အဖွဲ့တွေက မြန်မာနိုင်ငံကို မသွားဖို့။ မြန်မာနိုင်ငံ ခရီးစဉ်ကို တင်လို့ မရဘူးဆိုတဲ့ လုပ်ဆောင်ချက်တွေ လုပ်လာတယ်” ဟု လည်း ဦးဇော်ဌေးက ပြောသည်။
ရခိုင်အရေးတွင် အစိုးရနှင့် တပ်မတော်တို့ တသဘောတည်း ရပ်တည်ပြသရန် လိုအပ်ပြီး တုန့်ပြန်နိုင်မှသာ လျှင် ထိရောက်စွာ တုန့် ပြန်နိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ အတူရပ်တည်နေသေးကြောင်း၊ တပ်မတော်ကလည်း ICC သို့ ရောက်သည်အထိ လက်ခံလိမ့်မည် မဟုတ်ကြောင်း ရခိုင်အမျိုးသား ပါတီမှ ဦးဖေသန်းက ပြောသည်။
ဦးဖေသန်း က “တပ်မတော်ဘက်ကလည်း ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ဖြစ်လာနိုင်တယ်။ အခြေအနေက စောင့်ကြည့်ရဦးမှာ။ နိုင်ငံတကာ ဖိအား တခုအနေနဲ့ ဖြစ်လာတယ်။ အစိုးရက လူ့အခွင့်အရေးကိစ္စတွေ ဇောင်းပေးပြီး ပြောလာရင်တော့ အကျိုးဆက်တွေက အများကြီး ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ့တပ်မတော်ကို ICC သို့ တင်နိုင်သည်အထိ ကြိုးစားနေသော်လည်း လက်တွေ့တွင် ကုလ သမဂ္ဂ၏ အရေးယူမှုက ပိုမိုထိရောက်နိုင်သဖြင့် ကုလတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့၏ အားပေးထောက်ခံမှုကို ရရှိရန် မြန်မာက ကြိုးစားနေရသည်။
မြန်မာနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်သူများကို ပြန်လည် လက်ခံရာတွင် နှောင့်နှေးမှုများ ရှိနေသဖြင့် နိုင်ငံတကာ အသိုင်း အဝိုင်းက ဖိအားပေးလျက် ရှိနေချိန်တွင် စက်တင်ဘာ ၁၈ ရက်က ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ ကျင်းပသည့် ကုလသမဂ္ဂ အစည်းအဝေး တွင်လည်း ယင်းအကြောင်းအရာကို ဆွေးနွေးခဲ့သေးသည်။
ထိုသို့ ဆွေးနွေးရာတွင် မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက နေရပ် ပြန်လိုသူများကို ပြန်လည် ပို့ဆောင်ရန် ဘင်္ဂလားဒေ့ရ်ှ ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း၊ ပြန်လည် လက်ခံရေးနှင့် ပတ်သက်၍ မြန်မာ နိုင်ငံအား ဖိအားပေးရန် မလိုအပ်ကြောင်း၊ စိစစ်ပြီး၍ နေရပ်စွန့်ခွာသူများကို လက်ခံရန် အသင့်ရှိကြောင်း၊ ပြန်လည် နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် အတွက် နိုင်ငံရေး အထောက် အကူပြုရန် မြန်မာ အစိုးရသည် ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း ရှင်းပြခဲ့သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒုက္ခသည် များ နယ်စပ် ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဝင်ရောက်သွားခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြ လျက် ရှိပြီး ၎င်းတို့ကို ပြန်လည် လက်ခံရန် မြန်မာဘက်က အဆင်သင့် ပြင်ထားသော်လည်း လက်ရှိ အချိန် အထိ တဦးတယောက်မှ ပြန်လာသူ မရှိသေးဟုလည်း ဆိုသည်။