နေပြည်တော်ရှိ ရေပန်းဥယျာဉ်ကို ခေတ်မီအပန်းဖြေစခန်း တခု ဖြစ်ရန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်း ရန်အတွက် တင်ဒါ ခေါ်ရာတွင် အဆိုတော် လင်းလင်း လာရောက်လျောက်ထားကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သတင်း ရရှိသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူ က “ကုမ္ပဏီ ၈ ခုထဲမှာ အဆိုတော် လင်းလင်းက စိတ်ဝင်စားလို့ ကုမ္ပဏီ သစ်ထောင်ပြီး လာလျှောက်တာ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စိတ်ဝင်စားသူ လုပ်ငန်းရှင်များ အနေဖြင့် သြဂုတ်လအတွင်းက စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနသို့ စက်တင်ဘာ ၁၄ ရက် နောက်ဆုံးထား၍ ပမာဏ စိတ်ဝင်စားမှု အဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လျောက်လွှာတောင်းခံသူ ၂၄ ဦးရှိပေသော်လည်း ဝင်ပြိုင်မည့် လုပ်ငန်းလုပ်ကိုင်လိုသူ ပမာဏ အဆိုပြုလွှာတင်သည့် ကုမ္ပဏီ ၈ ခုရှိကြောင်း၊ ကုမ္ပဏီ တခုချင်းစီကို ပြီးခဲ့သည့် စက်တင်ဘာ ၂၁ ရက်နေ့က လျောက်ထားသည့် ကုမ္ပဏီများက မည်ကဲ့သို့ ဆောင်ရွက် မည်ကို ကုမ္ပဏီတစ်ခုချင်းစီအား တင်ပြခိုင်းပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီ ၈ ခုထဲမှ ကုမ္ပဏီတခုကို ရှေ့တပတ်တွင် ရွေးချယ်စီစစ်သွားမည်ဖြစ်ကြောင်း၊ ရွေးချယ်စီစစ်ပြီးမှသာလျင်ရေပန်း ဥယျာဉ်ကို မည်သည့် ကုမ္ပဏီက ရရှိသည်ကို သိရှိနိုင်မည်ဖြစ်ကြောင်း ၊ လာရောက်လျောက်ထားသည့် ကုမ္ပဏီ ၈ ခုမှာ ပြည်တွင်းကုမ္ပဏီများသာ ဖြစ်ကြောင်း၊ အဆိုတော် လင်းလင်း ဝင်ရောက်လျောက်သည့် ကုမ္ပဏီမှာ Gread BM ဖြစ်ကြောင်း ဖြစ်ကြောင်း ဦးမင်းသူ က ရှင်းပြသည်။
ရေပန်းဥယျဉ် အင်ဂျင်နီယာ အဆောက်အအုံဌာနမှ ရေမီးတာဝန်ခံ ဦးတင်အောင်နီ က “ပုဂ္ဂလိက ကုမ္ပဏီတွေ ဝင်လာမယ်ဆိုရင် ကလေးကစားကွင်းလိုမျိုးတွေ ပါလာနိုင်တယ်၊ တခြား ဆွဲဆောင်နိုင်တဲ့ အချက်တွေ သူတို့ ထပ်ပြီးဖြည့်မယ်ဆိုရင်တော့ ပိုပြီးတော့ တိုးတက်လာမှာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ပြောသည်။
နေပြည်တော်ရေပန်းဥယျာဉ်အား နှစ်ရှည်ငှားရမ်းနိုင်ရေးအတွက် အဆိုပြုလွှာ တင်သွင်းသောကုမ္ပဏီများမှာ အဆိုတော် လင်းလင်း Gread BM ကုမ္ပဏီ အပါအဝင် ဆန်းမြတ်ထွန်းကုမ္ပဏီ၊ Dazzling Ray ကုမ္ပဏီ၊ Mingalar Dragon ကုမ္ပဏီ၊ စိုးလျှပ်စစ် ကုမ္ပဏီ၊ ခရမ်းပြာကုမ္ပဏီ၊ Golden Hours ကုမ္ပဏီနှင့် Fine Fit Myanmar ကုမ္ပဏီ တို့ ဖြစ်ကြောင်း သိရသည်။
ပျဉ်းမနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် က “ပုဂ္ဂလိက ငှားတာ အရမ်းကောင်းပါတယ်။ မြို့ရဲ့ ပြယုဂ် တခုလည်း ဖြစ်တယ်လေ။ ပီးတော့ တင်ဒါခေါ်ပြီး ပုဂ္ဂလိက ပေးလိုက်တာ ဖြစ်တဲ့အတွက် တနှစ်ကို ဘယ်လောက် ဝင်ငွေ ရှိတယ်ဆိုတာလည်း တိတိ ကျကျ သိရမယ်။ အဲ့ဒေါ့ မျှော်မှန်းစီမံကိန်း အနေနဲ့လည်း ရေးဆွဲလို့ ရတာပေါ့ ဟု ပြောသည်။
စည်ပင်သာယာရေး ကော်မတီအနေဖြင့် ရေပန်းဥယျာဉ်ကို တာဝန်ယူ ဆောင်ရွက်နေရသော်လည်း အဆင့်မြှင့်တင်ရန်အတွက် ကန့်သတ်ချက်များဖြစ်သည့် ဘတ်ဂျက်၊ နည်းပညာတို့ကို ကျော်လွှားနိုင်ရန်အတွက် ယင်းကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ခေါ်ယူရခြင်း ဖြစ်ကြောင်း ဦးမင်းသူက ရှင်းပြသည်။
ရေပန်းဥယျာဉ်သို့ မိသားစုလိုက် သွားရောက် အပန်းဖြေလေ့ရှိသူ ဒေါ်မေမျိုး က “နေပြည်တော်မှာက သွားစရာဆိုလို့ ရေပန်းဥယျာဉ်၊ ဘုရား ဒါပဲ ရှိတာလေ။ အဲ့တော့ ပန်းဥယျာဉ်ထဲမှာ ဒီထက်စုံစုံလေး ဖြစ်စေချင်တယ်။ အခုကျ ရေပန်း ရုပ်ရှင်ဖွင့်တာတောင် ညပိုင်းမှအချိန်နဲ့ဆိုတော့ အစောပြန်လာတဲ့ အပတ်တွေဆို မကြည့်ခဲ့ရတဲ့ အပတ်မျိုးတွေလည်းရှိတယ်” ဟု ပြောသည်။
ရေပန်းဥယျာဉ်သို့ ဧည့်သည်ဝင်ရောက်မှုမှာ အခါကြီးရက်ကြီး လူစည်ကားသည့် နေ့များတွင် တရက်လျင် သိန်းတရာကျော် အထိရရှိပြီး မိုးရာသီဖြစ်ပါက တရက်လျင် ဆယ်သိန်းကျင်သာ ရရှိကြောင်း ဦးမင်းသူက ပြောသည်။
ရေပန်းဥယျာဉ်ကို တည်ဆောက်ထားသည်မှာ ၁၀ နှစ် ဝန်ကျင်းရှိနေပြီဖြစ်ကြောင်း၊ ယခုကဲ့သို့ ပုဂ္ဂလိက သို့ လွဲပြောင်းပေးခြင်းကြောင့် အဆင့်မြင့် ခေတ်မီ ပန်းဥယျာဉ် ဖြစ်လာစေရန် အတွက် ရည်ရွယ်ချက်ဖြင့် လွဲပြောင်းရခြင်း ဖြစ်ကြောင်း၊ ပန်းဥယျာဉ် အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် ပုဂ္ဂလိက သို့ လွှဲအပ်ပြီးပါကလည်း ဆက်လက်တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်ဟု သိရသည်။
ရေပန်းဥယျာဉ်သို့ သွားရောက် လည်ပတ်သူ မသွန်းဆက် ကလည်း “ပုဂ္ဂလိက ယူမယ်ဆိုရင် ပြင်စေချင်တာက ကားဂိတ်၊ ဆိုင်ကယ်ဂိတ်တွေ အတွင်းထဲမှာ ထပ်တိုးစေချင်တယ်။ မုန့်ဆိုင်၊ အအေးဆိုင်လည်း ထပ်တိုးစေချင်တယ်။ အခုတော့ မုန်းစားချင်ရင် အပြင်က ဝယ်သွားနေရတယ်” ဟု ပြောသည်။
နေပြည်တော် ရေပန်းဥယျာဉ်ထဲသို့ သွားရောက်ပါက လက်ရှိကောက်ခံနေသည့် ဝင်ကြေးမှာ လူကြီး ၇၀၀ ကျပ် ၊ ကလေး ၅၀၀ ကျပ်၊ ဆိုင်ကယ် တစီး ၂၀၀ ကျပ်၊ အိမ်စီးကား ၅၀၀ ကျပ်နှင့် ယာဉ်ကြီးများကို ၁၀၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိပြီး၊ လက်ရှိ ရေပန်းဥယျာဉ်တွင် တာဝန်ထမ်းဆောင်နေသူ စည်ပင်သာယာရေး ကော်မတီ ဝန်ထမ်းများဖြစ်သည့် အမှုထမ်း၊ အရာထမ်း ၁၁ ဦးနှင့် နေ့စား လုပ်သား ၆၇ ဦး ရှိကြောင်း ဦးတင်အောင်နီ ကရှင်းပြသည်။