ရန်ကုန်မြို့ရှိ လူသွားပလက်ဖောင်းများ အလယ်၌ စိုက်ထူထားသည့် စီးပွားဖြစ်ကြော်ငြာ ဆိုင်းဘုတ် များသည် ရန်ကုန် တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့(YRTA)၏ အတည် ပြုချက်ဖြင့် စိုက်ထူထားခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
စက်တင်ဘာ ၂၄ ရက်နေ့ ကျင်းပသည့် ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မင်္ဂလာတောင်ညွှန့် မြို့ နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်၏ လူသွား ပလက်ဖောင်းများ အလယ်၌ စိုက်ထူထားသော စီးပွားဖြစ် ကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သက်သည့် မေးခွန်းအား မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ခေတ်မီ ဘတ်စ်ကား မှတ်တိုင်များ တည်ဆောက်ရန် အတွက် တင်ဒါခေါ်ယူခဲ့ရာတွင် FMI Decaux Co.,Ltd က တင်ဒါ အောင်မြင်ခဲ့ပြီး လုပ်ငန်း စာချုပ်ချုပ်ဆိုရာတွင် ကြော်ငြာဆိုင်းဘုတ်များ တည်ဆောက်ခွင့် ပါဝင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ ကြော်ငြာများမှ ရရှိသည့် ဝင်ငွေအား ခွဲဝေပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရသို့ နှစ်စဉ် ပေးသွင်းရန် စာချုပ် တွင် သတ်မှတ်ခဲ့ကြောင်း ဦးမောင်မောင်စိုးက ပြောသည်။
၎င်းက “ခေတ်မီ ဘတ်စ်ကား မှတ်တိုင်တွေ တည်ဆောက်တဲ့အခါမှာ သတ်မှတ်ထားတဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေ ပါဝင် လာပါတယ်။ ဒီ ကားမှတ်တိုင်တွေ တည်ဆောက်တဲ့ အခါမှာ YRTA က အတည်ပြုပြီးတော့ ဒီနေရာတွေမှာ တည်ဆောက် ခဲ့ခြင်း ဖြစ်ပါတယ်”ဟု ဆိုသည်။
လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်က ရန်ကုန်မြို့၏ အဓိက အချက်အချာ ကျသော နေရာများရှိ ပလက်ဖောင်း များ အလယ်တွင် စိုက်ထူထားသော စီးပွားဖြစ် ကြော်ငြာ ဆိုင်းဘုတ်များအား အခြား သင့်လျော်သော နေရာ များသို့ ရွှေ့ပြောင်း စိုက်ထူပေးရန် အစီအစဉ် ရှိ မရှိနှင့် မည်သို့သော စာချုပ်ပါ သဘောတူညီချက်များဖြင့် ဆောင်ရွက်နေ ကြောင်း၊ စာချုပ်ပါ စည်းကမ်းချက်များ အတိုင်း လုပ်ကိုင် ဆောင်ရွက်ခြင်း ရှိ မရှိ၊ မရှိပါက မည်သို့ အရေးယူ ဆောင် ရွက် မည်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဦးရန်အောင်က “စာချုပ်ချုပ်ဆိုစဉ်ကာလက လူသွားလမ်း ပလက်ဖောင်း အလယ်တည့်တည့်မှာ ဆိုင်းဘုတ်ထူမယ် ဆိုတာ ကတော့ မပါလောက်ဘူးလို့ ယူဆပါတယ်။ ဒါဆိုရင် စာချုပ်ပါ အချက်အလက်တွေကို ချိုးဖောက်ပြီး လုပ်ကိုင် နေတာလား ဒီမှတ်တိုင်တွေကို ဘယ်လောက် ရင်းနှီးမြှုပ်နှံထားပါသလဲ။ စာချုပ်ပါ စံချိန်စံညွှန်းနဲ့ အညီ တည်ဆောက် ထားတာ ဟုတ် မဟုတ် မည်သူတွေက စစ်ဆေးမှာလဲ”ဟု ယနေ့ လွှတ်တော်တွင် မေးခွန်း ထုတ်ခဲ့သည်။
ယင်းစာချုပ်ပါ သဘောတူညီချက် အရ FMI Decaux Co.,Ltd သည် ဘတ်စ်ကား မှတ်တိုင်များကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံပြီး ဝင်ငွေ အဖြစ် ကြော်ငြာ လုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ကုမ္ပဏီ ဝန်ထမ်း ကိုသက်နောင်က “ပလက်ဖောင်း ဆိုတာ ကျယ်ကျယ်ဝန်းဝန်းပဲ ဖြစ်သင့်ပါတယ်။ ဟိုဘက်က လာတဲ့သူနဲ့ ဒီဘက်က လာတဲ့သူနဲ့ လွတ်လွတ် ကျွတ်ကျွတ် သွားလာနိုင်ရင် အဆင်ပြေ တာပေါ့။ အရမ်းကျယ်တဲ့ ပလက်ဖောင်းရှိတဲ့ နေရာတွေမှာဆို ကိစ္စမရှိပေမယ့် နေရာလည်း ကျဉ်းပြီး လူချင်း မရှောင် သာ တဲ့ နေရာမှာဆိုရင် ရှောင်လို့ မရလို့ ကားလမ်းပေါ် ဆင်းလျှောက်ရင်လည်း ယာဉ်မတော်တဆမှု အတွက် စိုးရိမ် စရာပါ။ လမ်းလယ် ကန့်လန့်မဟုတ်ဘဲ လမ်းဘေးဖြစ်ဖြစ် ချထားစိုက်ထူသင့်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ထိုကဲ့သို့ ကြော်ငြာ ဆိုင်းဘုတ်များ မတည်ဆောက်ခင်တွင် ကြော်ငြာ ဆိုင်းဘုတ်များသည် ပလက်ဖောင်းအစွန်မှ ဆိုင်း ဘုတ်တိုင်ကြား အနည်းဆုံး ၁ မီတာခြားပြီး အမြင့်မှာ ၂ ဒသမ ၂ မီတာ ရှိသည့် အတွက် ဝှီးချဲဖြင့် သွားလာသူများ အတွက် လည်းကောင်း ထီးအသုံးပြု သွားလာသူများအတွက် လည်းကောင်း လုံလောက်သည့် နေရာ အကျယ် ရှိသည် ဟု တင်ပြခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ပြောကြားချက် အရ သိရသည်။
လက်ရှိ ကာလ အထိ ပလက်ဖောင်းများ အလယ်တွင် စိုက်ထူထားသော ကြော်ငြာ ဆိုင်းဘုတ် ၁၃ ခုအား ပလက် ဖောင်း အနောက်သို့ ပြောင်းရွှေ့ပြီး ဖြစ်ကာ ထပ်မံပြောင်းရွှေ့ရန် လိုအပ်သည့် ဆိုင်းဘုတ်များအားလည်း ပြောင်းရွှေ့ နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ဦးမောင်မောင်စိုးက ဖြေကြားသည်။
ထို့ပြင် ဘတ်စ်ကားမှတ်တိုင် တည်ဆောက်ရာတွင် ကြော်ငြာဆိုင်းဘုတ်များ ပါဝင်ခဲ့သည့် စာချုပ်ပါ စည်းမျဉ်း စည်း ကမ်း များ အတိုင်း ဆောင်ရွက်ခြင်း မရှိပါက ဆွေးနွေး ညှိနှိုင်းခြင်း၊ ပြန်လည် ပြုပြင်စေခြင်းတို့ ပြုလုပ်စေမည်ဖြစ်ကာ လိုက်နာမှု မရှိပါကစာချုပ်ပါ စည်းကမ်းများ အတိုင်း နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိသည်အထိ အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း မြို့တော်ဝန်က လွှတ်တော်၌ ဆွေးနွေးသွားသည်။