ရန်ကုန်တိုင်း ဒေသကြီး အစိုးရက Ford ကား ၁၀ စီးအပါအဝင် မော်တော်ယဉ် ၇၆ စီး ဝယ်ယူရန် တင်သွင်းထားသည့် လျာထား ဘတ်ဂျက်ငွေကို ပြည်ထောင်စု လွှတ်တော်က ဖြတ်ချ လိုက်ကြောင်း သိရသည်။
စက်တင်ဘာ ၂၄ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော်မှ ပြန်လည် ရောက်ရှိလာသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရသုံးမှန်းခြေ ငွေစာရင်းတွင် ကားများဝယ်ယူမည့် လျာထား ဘတ်ဂျက် ငွေများကို ယင်းသို့ လျှော့ချလိုက်သည့် အတွက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည်သုံးစွဲ သွား မည် ဖြစ်ကြောင်းလည်း တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး (စီမံ/ဘဏ္ဍာ) ဝန်ကြီး ဦးမြင့်သောင်း က ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရက တင်သွင်းခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွက် ရသုံးမှန်းခြေ ငွေစာရင်းတွင် ပါရှိ သည့် ကျပ် သိန်း ၁ ထောင်တန် Ford ကား ၁၀ စီးဝယ်ရန်နှင့် ပတ်သက်ပြီး တိုင်းလွှတ်တော်တွင် ကိုယ်စားလှယ် များက ကန့်ကွက်ခဲ့သည့် အတွက် အဆိုပါ ရသုံးမှန်းခြေ ငွေစာရင်း (လျာထားချက်) ကို ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့ တင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တိုင်းအစိုးရ အနေဖြင့် Ford ကား ၁၀ စီး အပါအဝင် မော်တော်ယာဉ် ၇၆ စီး ဝယ်ယူရန်နှင့် ပတ်သက်၍ နိုင်ငံတော် ဘဏ္ဍာ ငွေ ခြိုးခြံချွေတာရေး အတွက် ယင်းသို့ စိစစ် လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်သောင်းက ဆိုသည်။
ဦးမြင့်သောင်းက “ပြည်ထောင်စုမှ ဌာန အဖွဲ့အစည်း ၁၀ ဖွဲ့ရဲ့ မော်တော်ယာဉ် ၇၆ စီးဝယ်ယူဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ကျပ် ၁ ဒသမ ၀၈၉ ဘီလျံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ ဒေါပုံမြို့နယ် ယမုံနာလမ်း သင်္ဘော ကျင်းရဲ့ ခုံးကျော်တံတား တည်ဆောက်ခြင်း အတွက်နဲ့ မြေယာလျော်ကြေးများ ပေးချေရန် အတွက်ကို ပြောင်းလဲပြီး တိုးချဲ့လျာထား ဆောင်ရွက်ခဲ့တယ်”ဟု ပြောဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အတွက် လိုအပ်သည့် မော်တော်ယာဉ်များကိုမူ နိုင်ငံတော် ဘဏ္ဍာ အဖြစ် သိမ်းဆည်း ထား သည့် ယာဉ်များကို အသုံးပြုမည် ဖြစ်ပြီး ဗဟို စက်ပစ္စည်းနှင့် စာရင်းအင်း စိစစ်ရေး ဌာနထံ တင်ပြ တောင်းခံ သွားမည် ဖြစ်ကြောင်း သိရသည်။
ယမန်နေ့က လွှတ်တော်တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ကိုယ်စား စီမံ/ဘဏ္ဍာ ဝန်ကြီးက ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေး နှစ် ရန်ကုန်တိုင်း၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်သို့ ရှင်းလင်း တင်ပြခြင်းနှင့် ဥပဒေ ကြမ်း တင်သွင်းခဲ့ရာတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
တိုင်းဒေသကြီး အစိုးရက ကားများဝယ်ယူမည့် ဘတ်ဂျက်ငွေ အပြင် စည်ပင်သာယာ ဘဏ်တွင် နိုင်ငံခြား ဘဏ် လုပ်ငန်း လုပ်ကိုင်ရန် ရင်းနှီမြှုပ်နှံမည့် ငွေကျပ် သန်း ၆၈၀၀ ကိုလည်း အဆိုပြု လျာထား စာရင်းမှ ထုတ်ပယ်ပေးရန် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေး ကော်မတီ က ပြီးခဲ့သည့် တိုင်းလွှတ်တော်တွင် ထောက်ပြ ဆွေးနွေးခဲ့သည်။
သို့သော် ယခု ပြည်ထောင်စု လွှတ်တော်မှ ပြန်လည် ရောက်ရှိလာမှုတွင် နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ရန် ရင်းနှီး မြှုပ်နှံမည့် ကျပ်သန်း ၆၈၀၀ ပြန်လည် ပါဝင်လာသည့်အတွက် ဆက်လက် ဆွေးနွေးရဦးမည် ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “လွှတ်တော်က ကန့်ကွက်လို့ ကားတွေကိုတော့ ပြည်ထောင် စု လွှတ်တော်က ဖြတ်ချလိုက်တယ်။ ပြည်ထောင်စုကနေ အစိုးရ အဖွဲ့လည်း အလုပ်ဖြစ်အောင် ကားကို ဘတ်ဂျက်မှာ ဖြတ် ချ လိုက်တယ် ဆိုပေမယ့်လို့ လိုအပ်တာကို ပြည်ထောင်စုကနေ ထောက်ပံ့မှာပဲလေ။ စည်ပင်ဘဏ် ရင်းနှီးမြှုပ်နှံမှု ထည့် တာ ကိုပဲ အန်ကယ်တို့ ကန့်ကွက်တာနဲ့ မတူဘဲ ပြန်ပါလာတာ။ အဲဒါကိုတော့ ပြန်ဆွေးနွေးရမှာပေါ့။ တိုင်း ဘတ်ဂျက် ကနေ မသုံးရတော့ဘူးပေါ့။ သုံးမယ့် ပိုက်ဆံတွေကို တိုင်းဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပိုပြီးတော့ သုံးလို့ ရသွားတာ ပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဘတ်ဂျက်တွင် ပြည်ထောင်စု အစိုးရမှ ထောက်ပံ့ငွေ ကျပ် ၆၂ ဒသမ ၆၅ ဘီလီယံ အပါအဝင် စုစုပေါင်း ဘတ်ဂျက် ရငွေသည် ကျပ် ၆၅၀ ဒသမ ၁၉၄ ဘီလီယံ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့က သိရသည်။
၂၀၁၈-၂၀၁၉ အသုံးစရိတ် ဘတ်ဂျက် အနေဖြင့် စုစုပေါင်း ကျပ် ၆၅၀ ဒသမ ၁၉၄ ဘီလီယံ သတ်မှတ် ထားကြောင်း လည်း ယမန်နေ့က ရှင်းလင်း တင်ပြချက်တွင် စီမံ/ဘဏ္ဍာ ဝန်ကြီးက ထည့်သွင်း ပြောကြားသွားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အနေဖြင့် အသုံးစရိတ် ကျပ်ငွေ ၃၃၆ ဘီလီယံကျော် သုံး စွဲခဲ့ပြီး ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၄၀၀ ဘီလီယံ သုံးစွဲရန် လျာထားခဲ့ကြောင်း ရန်ကုန်တိုင်း လွှတ်တော် မှတ်တမ်း များ အရ သိရသည်။