အမေရိကန် ဒေါ်လာကို လေပတ်ကားစနစ်ဖြင့် ဈေးကစားမှုများ ရှိနေသည်ဆိုသည့် သတင်းများကြောင့် ရန်ကုန်မြို့ ရွှေဘုံသာ လမ်းရှိ ရွှေနှင့် ဒေါ်လာ ရောင်းဝယ်မှုများနှင့် ပတ်သက်၍ ကျော်ဇော်သတင်းရှိသူများကို စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ပြီး အထူးစုံးစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်း
အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုး က “ဘယ်လိုပုံစံမျိုးလဲဆိုတော့ သူတို့ရဲ့ ရောင်းဝယ်ဖောက်ကားမှု အခြေအနေတွေကို စိစစ်ရတာပါ။ ဘယ်နှစ်ဦး အစစ်ခံရသလဲဆိုတဲ့ အင်အားကတော့ အတိအကျ ပြောလို့ မရသေးဘူး။ On going Case ဖြစ်နေလို့။ လူကြီးတွေရဲ့ တာဝန်ပေးချက်အရ ဆောင်ရွက်နေတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ပီးခဲ့သည့် တပတ်က နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတရုံး အရာရှိ ဦးဇော်ဌေး က ဒေါ်လာကို အလုံးအရင်းနှင့် ဝယ်ရောင်း ပြုလုပ်နေသူ အနည်းငယ်သာ ရှိရာ ၎င်းတို့ကို အစိုးရက စုံစမ်းနေကြောင်း၊ သတင်း အချက်အလက်တချို့ တိတိကျကျ ရရှိပါက အရေးယူမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထိုသို့ပြောဆိုပြီး နောက်တရက် စက်တင်ဘာလ ၂၂ ရက်နေ့တွင် အမေရိကန်ဒေါ်လာ၏ မြန်မာငွေလဲနှုန်းမှာ ပြန်လည် ကျဆင်း လာပြီး မနေ့က ကျပ် ၁၅၉၀ ခန့်ဖြင့် ဈေးပိတ်သွားခဲ့သော်လည်း ရွှေဈေးမှာမူ အခေါက်ရွှေ ၁ ကျပ်သာလ ျှင် ကျပ် ၁၀ သိန်းကျော်ဖြင့် ရပ်တည်လျက် ရှိသေးသည်။
စသုံးလုံး အရာရှိ ဦးအောင်မျိုး က “ရွှေတို့၊ ဒေါ်လာတို့နဲ့ ပတ်သက်ပြီး ဈေးကစားတယ်လို့ ကျော်ဇောသတင်း ရှိတဲ့သူတွေကို ဈေးကွက်အတွင်းမှာပေါ့နော်။ အဲလို ဈေးကွက် အတွင်းမှာ ကျော်ဇော သတင်းရှိသူတွေကို ခေါ်ယူပြီးတော့ စိစစ်မှုတွေ လုပ်နေပါတယ်။ မနေ့က စလုပ်ပါတယ်။ အဓိက ရန်ကုန်မှာပါ။ ရွှေဘုံသာလမ်းမှာ ဈေးကွက်ဖြစ်နေတာဆိုတော့ အဲဒီဘက်က ပိုများပါတယ်”ဟု ပြောသည်။
အစိုးရ တာဝန်ရှိသူများ၏ ညွှန်ကြားချက်ကြောင်း ဒေါ်လာဈေးကစားသူများကို စသုံးလုံးက ခေါ်ယူမေးမြန်းနေသော်လည်း မည်သည့် ပုံစံဖြင့် အရေးယူမည်ဆိုသည်ကိုမူ အသေးစိတ် ထုတ်ဖော်မပြောနိုင်သေးကြောင်း သိရသည်။
ရန်ကုန်မြို့ တွင် ဒေါ်လာ ငွေကြေး ကစားတဲ့သူ လက်ကြီးသမား ၁၀ ယောက်ပင် မကျော်ဘဲ တချို့က မန္တလေးမြို့နှင့်ပါ ချိတ်ဆက်ပြီး ဆောင်ရွက်ကြကြောင်း၊ ဒေါ်လာဈေးကွက်ထဲမှာ တရက်လည်ပတ်ငွေ သန်းနဲ့ချီလည်ပတ်နေပြီး လေပတ်ကား ပုံစံမျိုးနှင့်ပါ ဆောင် ရွက်နေကြကြောင်း ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်သူ ဒေါက်တာ စိုးထွန်းကလည်း “အလွန်အကျွံ လုပ်နေတဲ့သူတွေကို ခေါ်ယူ စစ်ဆေး တာမျိုးကတော့ လုပ်ရမှာပေါ့။ ဒါပေမယ့် ဒါကလည်း Solution အမှန်တော့ မဟုတ်ဘူး။ ဒီအချိန်ကြောင့် ဖြစ်တယ်ဆိုတာလည်း ခနပဲ။ Export တက်အောင်ပဲ ပြန်လုပ်ရမှာ”ဟု ပြောသည်။
နယ်စပ်တွင် တရုတ်သို့ ပို့နေသည့် ကုန်များကို အဆင်ပြေရေး၊ ပြန်ရရှိလာသည့် ယွမ်ငွေများကို မြန်မာပြည်တွင်းသို့ ပြန်ပို့သည့် လမ်းကြောင်းကိုလည်း မှန်ကန်အောင် ဆောင်ရွက်ပေးသင့်ကြောင်း၊ Re-export ပိတ်လိုက်၍ ဒေါ်လာ ဈေးကျသွားသည် ဆိုသော်လည်း သိပ်မကြာမီ ပြန်တက်လေ့ ရှိကြောင်း ၎င်းက သုံးသပ်သည်။
၎င်းက ဆက်၍ “ဖမ်းတယ် ဆီးတယ် စစ်ဆေးတယ်ဆိုလို့ ခနကျသွားတယ်။ ပြီးတော့ ဒုန်းဆို ပြန်တက်တာပဲ။ နေမကောင်းလို့ ဖျား တဲ့အခါမှာ ဆေးထုတ်တိုက်တော့ အောင်တမန် သောက်ပြီး ချွေးထုတ်လိုက်တော့ အဖျားပျောက်သွားတာပေါ့။ ချွေးထွက်တော့ အပူချိန်ကျသွားတာ။ ဆေးမြီးတိုလေ။ ရောဂါပျောက်တာမှ မဟုတ်တာ”ဟု ပြောသည်။
ဒေါ်လာဈေးကစားသူများကြောင့် ဒေါ်လာဈေးတက်မှု ကြာမြင့်လာသည့်အခါ ပြည်တွင်း စက်သုံးဆီဈေးများလည်း မြင့်တက်လာရာ စက်သုံးဆီဖြင့် ပြေးဆွဲရသည့် သယ်ယူပို့ဆောင်ရေး စရိတ်များ မြင့်တက်လာသဖြင့် အခြေခံ စားသောက်ကုန်ဈေးနှုန်းများပါ မြင့် တက်သွားကြောင်း၊ ထို့ကြောင့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ရေသန့်မှ အစ ဈေးတက်ကုန်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ခံ တဦးဖြစ်သူ ဦးရဲနိုင်ဝင်းက ပြောသည်။
ဦးရဲဝင်းနိုင် က “ဒေါ်လာဈေးကစားတဲ့ လူ ၈ ယောက်လောက်က လုပ်တဲ့ဟာက တတိုင်းပြည်လုံး ထိတဲ့အနေအထား ဖြစ်သွားတယ်။ ဒီလူတွေက ကစားလိုက်မယ်။ သက်ဆိုင်ရာက စစ်ရင် နားလိုက်မယ်။ ကစားလိုက်၊ နားလိုက်ဆိုတော့ မဖြစ်သင့်ဘူး။ နောင် ကြောက်မှန်း၊ ကန်မှန်းသိအောင် ပြည်သူတွေ ထိခိုက်တယ်ဆိုတာ သိအောင် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှ နောက်ဒီလူတွေ မလုပ်ရဲတော့မှာ”ဟု ပြောသည်။
တိုင်းပြည်၏ ငွေရေးကြေးရေးများကို အဓိက စီမံခန့်ခွဲရသည့် အဖွဲ့တခုဖြစ်သော မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကမူ လက်ရှိ အချိန်အထိ ထုတ်ပြန်ပြောဆိုခြင်း လုံးဝ မရှိသေးဘဲ မီဒီယာ၏ ဆက်သွယ်မေးမြန်းမှုများကိုပါ ရှောင်ရှားလျက်ရှိသည်။