ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ရိုဟင်ဂျာခေါ် ဘင်္ဂါလီ မွတ်ဆလင်များ ပြန်ပို့ရေးအတွက် မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ အကူအညီ လိုအပ်နေမည်ဟု နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံပြင်ပ ကျင်းပပြီး ရိုဟင်ဂျာခေါ် ဘင်္ဂါလီ ဒုက္ခသည်များဆိုင်ရာ အစည်းအဝေးတခုတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ ပြန်လည်လက်ခံရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဘဏ္ဍာရေးအကူအညီအပါအဝင် ထောက်ပံ့မှုများ တိုးချဲ့ပေးရန် လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ စတင်ခဲ့ပြီဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဒီနိုင်ငံ နောက်ကြောင်းပြန်တဲ့ဘေးကနေ ကာကွယ်ဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အကူအညီတွေလည်း လိုအပ်နေပါတယ်။”
“မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ကော်မရှင်ကနေ ပွင့်လင်းမြင်သာပြီး ယုံကြည်လက်ခံနိုင်လောက်တဲ့ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ ထွက်ပေါ်လာမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဖိလစ်ပိုင်နှင့် ဂျပန် သံအရာရှိဟောင်းတို့ ဦးဆောင်ပါဝင်သော ပြည်တွင်းစုံစမ်းရေးကော်မရှင်ကို ရည်ညွှန်း၍ တာရိုကိုနိုက ပြောသည်။
နိုင်ငံခြားရေးဝန်ကြီးများနှင့် ထိပ်တန်း သံတမန်များ တက်ရောက်သည့် ယင်းအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး နစ်ကိုင်းဟာလေးက ဒေါ်လာ ၁၈၅ သန်းတန်ဖိုး အစားအစာ၊ သောက်ရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားအရေးကြီး အကူအညီများအား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများထံသို့ ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ထို့ပြင် “လူမျိုးစု သန့်စင်ရေး” ကို လုပ်ဆောင်သူများအား တာဝန်ခံလာစေရေး အမြန်ဆုံး ဆောင်ရွက်ရန်၊ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးနှင့် သတင်းရယူမှု၊ လူသားချင်း စာနာမှု အထောက်အပံ့များအတွက် အာမခံရန်လည်း နစ်ကိုင်းဟာလေးက တိုက်တွန်းခဲ့သည်။
ရိုဟင်ဂျာခေါ် ဘင်္ဂ ါလီ မွတ်ဆလင်များအပေါ် မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များက လူမျိုးရေးသုတ်သင်မှု ကျူးလွန်ခဲ့ကြောင်း အမေရိကန်နှင့် အနောက်အုပ်စု မဟာမိတ်နိုင်ငံများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတို့က တညီတညာတည်း စွပ်စွဲထားကြသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ရိုဟင်ဂျာခေါ် ဘင်္ဂ ါလီအရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ ကန့်ကွက်တားဆီးနေမှုကြောင့် မည်သည့် ဆုံးဖြတ်ချက်ကိုမျှ ချမှတ်နိုင်ခြင်း မရှိပါ။ ထိပ်တိုက်ရင်ဆိုင်ခြင်းအစား ပူးပေါင်းဆောင်ရွက်ခြင်းက ပိုအလုပ်ဖြစ်မည်ဟု တရုတ်နိုင်ငံက ကြေညာချက် ထုတ်ပြန်ထားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် တိုက်ဆိုင်စွာ မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်က မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း (သို့မဟုတ်) မည်သည့်အုပ်စုကမျှ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက် ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ပြောဆိုခဲ့သည်။
အမေရိကန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကမူ အမေရိကန် အစိုးရအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာဥပဒေများအရ အရေးယူနိုင်ရေး တိုက်တွန်းလှုံ့ဆော်လျက်ရှိရာ နယူးယောက်မြို့ထဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူသတ်သမားအဖြစ် ပုံဖော်ထားသော ပိုစတာများတင်ဆောင်သည့် ကားများ လှည့်လည်နေကြောင်း တွေ့ရှိသူများက ဆိုသည်။
ကိုးကား။ ။ Kyodo, The Wall Street Journal