မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လိပ်အင်းရပ်ကွက်၊ ဝါးတောလမ်းရှိ ဒေါ်ဌေးဌေး (၅၀ နှစ်) နေအိမ်တွင် ကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိသော ၁ သောင်းတန် ငွေစက္ကူအတုများနှင့် ထုတ်လုပ်နေသည့် စက်များကို ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၄ ရက်နေ့ ည ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့မရဲစခန်းထံမှ သိရသည်။
သထုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင် က “၁ သောင်းတန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်နဲ့ ဆက်စပ် ပစ္စည်းတွေ မိတာ၊ တရားခံကတော့ ၃ ယောက်မှာ ၂ ယောက်ကတော့ မနေ့ညက မိတယ်၊ ၁ ယောက်ကတော့ ထွက်ပြေးနေတယ်ပေါ့၊ အဲ့ဒီတယောက်ကို လိုက်နေပါတယ်” ဟု ပြောသည်။
ရဲတပ်ဖွဲ့က ဒေါ်ဌေးဌေး နေအိမ်ကို ဝင်ရောက်ရှာဖွေစဉ် ၎င်းနေအိမ်ခေါင်းရင်းဘက် အခြမ်း၌ အိမ်ခန်း ၂ ခန်းရှိပြီး ၁ ခန်းမှာ ဒေါ်ဌေးဌေး အခန်းဖြစ်ကာ ကျန် ၁ ခန်းမှာ ပဲခူးတိုင်းဒေသကြီး၊ မိုညိုမြို့နယ်၊ ထိန်တောကျေးရွာမှ လွန်ခဲ့သော ၁ လခန့် ကတည်းက လာရောက်တည်းခို နေထိုင်နေသော ဇော်မင်းနိုင် (ခ) ကိုဇော် (၄၆ နှစ်) ၏ အခန်းဖြစ်ကြောင်းနှင့် ငွေစက္ကူ အတုများကို ဦးဇော်မင်းနိုင် အခန်းထဲမှ ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။
ဒေါ်ဌေးဌေး နေအိမ်တွင် ဦးဇော်မင်းနိုင် လာရောက်တည်းခို နေထိုင်နေပြီးနောက် ဦးဇော်မင်းနိုင်ထံ သထုံမြို့၊ အလံတရာ ကျေးရွာနေ ဘိုလေးဆိုသူမှာ လွန်ခဲ့သော ၁၀ ရက် ခန့်မှစ၍ ရောက်ရှိလာပြီး ဦးဇော်မင်းနိုင်၏ အခန်း၌ ငွေစက္ကူအတုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးဇော်မင်းနိုင်၏ အိပ်ခန်းအတွင်းမှ ၁ သောင်းတန် ငွေစက္ကူအတု ၁၂၅၄၅ ရွက်အပြင် A4 စက္ကူပေါ်တွင် ၁ သောင်းတန် ငွေစက္ကူအား မိတ္တူတစ်ခြမ်း ကူးထားသည့် A4 စာရွက် ၂၂၀ ရွက်၊ ၁ သောင်းတန် ငွေစက္ကူအား မိတ္တူနှစ်ဘက် ကူးထားပြီး ဖြတ်တောက်ခြင်း မပြုလုပ်ရသေးသည့် A4 စာရွက် ၉ ရွက်၊ မိတ္တူကူးရန် အသင့်ပြုလုပ်ထားသော ငွေစက္ကူ အစစ် ၃ ရွက်တို့ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအပြင် ငွေစက္ကူ အတု ထုတ်လုပ်သည့် Canon G 2000 အမျိုးအစား ကာလာပရင်တာ ၁ လုံး၊ TW.90AS စာတမ်းပါ ငွေစက္ကူ အတုပေါ်တွင် ကြိုးအတုပြုလုပ်ရာ၌ အသုံးပြုသည့် Myanmar စာတမ်းပါ မိုလောင်းထားသည့် ခဲပြားကပ်ထားသော ဖိစက် ၁ ခု၊ ငွေစက္ကူ အတုများ ဖြတ်တောက်ရာတွင် အသုံးပြုသည့် Paper Cutter ၁ ခုအပါဝင် ငွေစက္ကူအတုပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
အစိုးရလျှပ်စစ်မီး မလာသောညများတွင် အဆိုပါနေအိမ်၌ မီးစက်အသုံးပြုနေသည့် အသံကိုကြာရသော်လည်း အနေအိမ် မီးမလင်းဘဲ ယင်းအခန်းတစ်ခုတည်း လျှပ်စစ်မီးလင်းနေသည်ကိုလည်း သတိထားမိကြောင်း တလမ်းတည်းနေထိုင်သူ တဦးက ပြောသည်။
၁ သောင်းတန် ငွေစက္ကူအတုများ ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဒေါ်ဌေးဌေး၊ ဦးဇော်မင်းနိုင်နှင့် ဘိုလေးတို့ကို သထုံမြို့မ ရဲစခန်းတွင် (ပ) ၇၉၅/၂၀၁၈ ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆/၁၀၇ အရ အရေးယူထားကြောင်း ဒုရဲမှူး မောင်မောင်က ဆိုသည်။