လမ်းမကြီးများ၏ နယ်နိမိတ် အတွင်း ကျူးကျော်၍ စီးပွား ရှာဖွေနေသည့် မည်သူကိုမဆို လမ်းမကြီးများ ဥပဒေ အရ တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ယနေ့ ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် တွံတေးမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးက တွံတေး မြို့နယ် လမ်းမကြီးနယ် အတွင်း ကျူးကျော်ပြီး စီးပွားရေး လုပ်ကိုင်နေသူများကို လမ်းမကြီးများ ဥပဒေ နှင့် အညီ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာတွင် ဖြေကြားခြင်း ဖြစ်သည်။
ယင်းသို့ ကျူးကျော်မှုများ အတွက် လမ်းမကြီးများ ဥပဒေ အရ တရားစွဲဆိုထားသည့် အမှုများ ရှိပြီး တရားစွဲဆို အရေးယူမှု များကိုလည်း ဥပဒေနှင့် အညီ
လုပ်ဆောင်မည် ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။
ရန်ကုန်တိုင်း အတွင်းရှိ တွံတေး-ကေားမှူး-ကွမ်းခြံကုန်း၊ ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်း၊ တွံတေး-လှိုင်သာယာ၊ တွံတေး-မအူပင်လမ်းများ၌ လမ်းနယ်နိမိတ် သတ်မှတ်ထားပြီး အဆိုပါ လမ်းနယ်အတွင်း ကျုးကျော်နေသော စီးပွားရှာ ဈေးဆိုင်များ၊ လူနေ အဆောက်အအုံများကို လမ်းမကြီး ဥပဒေ အရ ယနေ့ အချိန်ထိ တရားစွဲပြီး အမှုပေါင်း ၁၇ မှုနှင့် တရားစွဲဆိုရန် အမှု ၇ မှု ရှိကြောင်း ၎င်းက ပြောဆိုသည်။
ဒေါ်နီလာကျော်က “လမ်းမကြီးများ ဥပဒေအရ လမ်းနယ်အတွင်း ကျူးကျော်လာပါက မည်သည့် ပုဂ္ဂိုလ်မဆို ဆက်လက် ပြီး တရားစွဲဆို အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
တချို့သော သူများသည် လမ်းမကြီးများ၏ နယ်နိမိတ်များတွင် ဈေးရောင်းချရာမှ တဆင့် ကျူးကျော် နေထိုင်သည့် အခြေအနေသို့ ရောက်ရှိသည့် အတွက် ဈေးဆိုင်များ အခိုင်အမာ မဖြစ်မီ ရှင်းလင်း ဖယ်ရှားရန် လိုအပ်ကြောင်း တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးက ဆိုသည်။
ဦးနေနိုင်ဦးက “ယခုအခါ လမ်းမကြီးများ နယ်နိမိတ်ကို အသုံးပြု၍ ကိုယ်ကျိုး စီးပွားရှာခြင်းများကို အများဆုံး တွေ့ရှိ နေ ရပါတယ်။ အချို့သော ပြည်သူများသည် လမ်းနယ်များတွင် ပထမ ဦးစွာ ခုံတခု ချဈေးရောင်းပါတယ်။ ယင်းမှ တဆင့် ဈေးဆိုင်အမိုး အဖြစ် တဆင့် တက်လာပါတယ်။ ထို့နောက် လူနေထိုင်ရန် ကွပ်ပြစ်၊ ထိုမှတဆင့် အမိုးအကာ များ တစတစ တက်လာပြီးတော့ လူများပါ နေထိုင်ကြပြီး ဈေးဆိုင်ဘဝမှ ကျူးကျော်ဘဝကို လုံးဝ ပြောင်းလဲသွားတာ ကို တွေ့ရှိရပါတယ်”ဟု လွှတ်တော်၌ ပြောသည်။
ထို့ပြင် ဦးနေနိုင်ဦးက တွံတေးမြို့နယ် လမ်းဦးစီးဌာန ကြီးကြပ် ကွပ်ကဲသော လမ်းမကြီးများအား နယ်နိမိတ် အတိ အကျ သတ်မှတ်ပေးပါရန် အစီအစဉ် ရှိ မရှိကိုလည်း မေးမြန်းသည်။
အဆိုပါ မေးမြန်းမှုနှင့် ပတ်သက်ပြီး လမ်းမကြီးများ၏ နယ်နိမိတ် သတ်မှတ်ချက်များကို မြန်မာ့အလင်း သတင်းစာတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ကတည်းကပင် ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ကြောင်း ဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည် ဖြေကြားသည်။
ယင်းသို့ လမ်းမကြီးများပေါ်၌ ကျုးကျော် ဆိုင်ခန်းများ၊ နေအိမ်များ ဆောက်လုပ်ထားခြင်းကြောင့် ခရီးသွားယာဉ်များ ရပ်နားထားကြခြင်းမှာ ယာဉ်ကြော ပိတ်မှုလည်းဖြစ်ပွားစေနိုင်သည့် အပြင် ယာဉ်များ အရှိန်နှင့် သွားလာနေရသည့် အချိန် ၌ အိမ်မွေး တိရစ္ဆာန်များ၊ လူသွားလူလာများကိုပါ ပို၍ သတိထား မောင်းနှင်ရကြောင်း ခရီးသွား ပြည်သူတချို့ က ပြောဆိုသည်။
တွံတေးသို့ အလုပ်ကိစ္စဖြင့် မကြာခဏ သွားလာရသူ ကိုကောင်းမြတ် ကလည်း“လမ်းမကြီးတွေဘေးမှာ ဈေးဆိုင်တန်း တွေ ရဲ့ အဓိကပြဿနာက ကားတွေ အရှိန်နဲ့ ဖြတ်သွားနေတဲ့ လမ်းတွေဆိုတော့ အထူးသဖြင့် ကလေးတွေ လမ်းပေါ် ပြေးထွက် လာရင် အန္တရာယ် အရမ်းများတယ်။ လမ်းပေါ်မေးတင်ပြီး ဆောက်ထားတဲ့ ဆိုင်တွေဆို ပိုတောင် စိုးရိမ်ရ သေး တယ်”ဟု ပြောသည်။
၂၀၁၅ ခုနှစ်တွင် ဒုတိယ အကြိမ် ပြင်ဆင်ခဲ့သည့် လမ်းမကြီးများ ဥပဒေ၌ လမ်းမကြီးနယ်နိမိတ်အတွင်း လမ်းဦးစီးဌာန ၏ ခွင့်ပြုချက်မရှိဘဲ လမ်းဘေး စားသောက်ဆိုင်များ၊ ဈေးဆိုင်များ ဆောက်လုပ်တည်ခင်း ရောင်းချပါက ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်ငါးသောင်း မှ အများဆုံး ကျပ်ငါးသိန်း အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
ယင်း ဥပဒေတွင် မည်သူမဆို လမ်းဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ လမ်းမကြီး၏ နယ်နိမိတ်အတွင်း အဆောက်အအုံ ဆောက်လုပ်ကြောင်း ပြစ်မှု ထင်ရှားပါက အနည်းဆုံး ကျပ်တသိန်းမှ အများဆုံး ကျပ်ငါးသိန်း အထိ ငွေဒဏ် ချမှတ် ရမည် ဖြစ်ပြီး အဆိုပါ ပြစ်မှုကို ထပ်မံ ကျူးလွန်ပါက ထောင်ဒဏ် တနှစ် အထိ ချမှတ်ရမည့် အပြင် အနည်းဆုံး ကျပ် တသိန်းမှ အများဆုံး ကျပ်ဆယ်သိန်း အထိ ငွေဒဏ် ချမှတ်ရမည် ဖြစ်ကြောင်းကိုလည်း ပြဋ္ဌာန်းထားသည်။
လက်ရှိ၌ ရန်ကုန်တိုင်း အတွင်းသာမက မြန်မာနိုင်ငံရှိ လမ်းမကြီးများ၏ နယ်နိမိတ် အတွင်း ကျူးကျော်၍ ဈေးရောင်း ချခြင်းများ ရှိနေကြောင်း သိရသည်။