မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ရှိ သားဖွားဆရာမ ဒေါ်သန်းသန်းမြင့်အား မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးသည့်အပေါ် အမှုမှန် ပေါ်ပေါက်ရေး အတွက် ဆန္ဒထုတ်ဖော် တောင်းဆိုရန်အထိ စီစဉ်ထားကြောင်း ဂန့်ဂေါပြည်သူ့ဆေးရုံမှ သူနာပြု ဦးတော်မီအောင် က ပြောသည်။
ဒေါ်သန်းသန်းမြင့်အနေဖြင့် စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်တိုင်းမ် မှုခင်းနှင့်သတင်းစုံ မီဒီယာမှ အမှု ဆောင်အရာရှိချုပ် ဦးဝရိန်မိုးအား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားမှုအား ရုံးချိန်းအပြီး တရားရုံးမှအပြန်တွင် ဆိုင်ကယ်ဒူးကာ ခွက်အတွင်းမှ မူယစ်ဆေး ၁၈ ပြားတွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခံထားရခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာ ၂၆ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ကြောင်း သိရသည်။
ဦးတော်မီအောင်က “ အမှုက မတရားခံရတာဆိုရင် သူ့အတွက်ရော၊ ကျန်းမာရေးဝန်ကြီးဌာနတခုလုံးရဲ့ ဂုဏ် သိက္ခာ ထိခိုက်တာပါပဲ၊ အမှုမှန် ပေါ်ပေါက်ခြင်းမရှိခဲ့ဘူးဆိုရင် ဆန္ဒထုတ်ဖော်ဖို့လည်း တိုင်ပင်ထားပါတယ်၊ တခြားမြို့ နယ်တွေလည်း ပါဝင်ကြမယ်ပြောတယ်” ဟု ပြောသည်။
ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထွဋ်က “ အထူးအဖွဲ့နဲ့ ဆင်းစစ်တဲ့ကိစ္စတေ ွဘာမှမသိရဘူး၊ အနားတောင် ကပ်လို့မရဘူး၊ မနက်ဖြန်မှာတော့ ဒေါ်သန်းသန်းမြင့်ကို ရုံးထုတ်ပြီး ရမန်ထပ်ယူမှာပါ၊ ရဲလုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး” ဟု ဧရာဝတီသို့ပြောသည်။
အထူးအဖွဲ့၏စစ်ဆေးမှုများတွင် နေပြည်တော်တိုင်းမ် မီဒီယာမှ သတင်းထောက် ၃ ဦး ခန့်ပါဝင်ကြောင်း သိရသော်လည်း စစ်ဆေးမှုရလဒ် အခြေအနေများအား ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပါ။
မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကလည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် စိစစ်ဖော်ထုတ်ရန် တိုင်းရဲတပ်ဖွဲ့မှူးအား ပြောကြားထားပြီး ဒေသလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများကပါ ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှုများအား စောင့်ကြည့်လျှက်ရှိနေကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “ ဒီဆရာမလေးက မူးယစ်ဆေးနဲ့ လုံးဝ မပတ်သက်တာ သူနဲ့ပတ်သက်တဲ့အကုန်လုံးက အာမခံနိုင်တယ်၊ အမှုလာရင်ဆိုင်ရင်း ဒီလိုအဖမ်းခံရတာက ဘယ်လိုလဲသိသာနေတဲ့ကိစ္စပဲ၊ အမှုမှန်ပေါ်ပေါက်စေရမယ်လို့ ကတိတလုံးကြောင့် အေးအေးဆေးဆေး လုပ်နေ ကြတာ၊ လူတွေကဆန္ဒပြဖို့ အဆင်သင့်ပဲ၊ ဒို့မြို့တို့နယ်မှာ အမှုဆင်ခံရတဲ့အဖြစ်ကြောင့်နဲ့ လူတယောက် ဘယ်တော့ မှ ဒုက္ခမရောက်စေရဘူး” ဟု ပြောသည်။
အမှုနှင့်ပတ်သက်ပြီး ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော်ကလည်း အမှုမှန်အမြန်ဆုံး ပေါ် ပေါက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာန များထံသို့ စက်တင်ဘာ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ဒေသခံလူထုအကြား အမှုမှာ ထောင်ချောက်ဆင်ခံရခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ပြင်းထန်လျှက်ရှိပြီး ဖမ်းဆီးမှုတွင်ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်အချို့နှင့် သတင်းပေးအချို့အား အထူးအဖွဲ့ဖြင့် စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါ်သန်းသန်းမြင့်အနေဖြင့် ဦးဝရိန်မိုးအား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့်အပြင် နေပြည်တော် တိုင်းမ် မှုခင်းသတင်းထောက်ဟောင်း မောင်ဇော်(ပွင့်ဖြူ) ဆိုသူကိုလည်း ကျပ်သိန်း ၂၀ လိမ်လည်ရယူမှုဖြင့် ဂန့်ဂေါမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားသည်။
ဆက်စပ်ဖတ်ရှုရန် – သားဖွားဆရာမအား မူးယစ်မှုဖြင့် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ကို ခုံရုံးဖွဲ့စစ်ဆေး