သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် အပါ အဝင် ၆ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ထောင်ဆယ်နှစ် အထက် ချမှတ် နိုင်သည့် ပုဒ်မများဖြင့် စက်တင်ဘာ ၂၅ ရက်နေ့တွင် တရားစွဲတင် လိုက်ပြီဖြစ်သည်။
တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅၊ တိုင်း ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒု-ခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒု-ခရိုင် တရားသူကြီး ဦးအောင်ကြည်နှင့် ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ် ကိုကို တို့ကို ၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ တို့ဖြင့် တရားစွဲတင်ကြောင်း တိုင်းတရား လွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေး အရာရှိ၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နွဲ့နွဲ့ဦးက ပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ (သို့) နိုင်ငံရေးရာထူး လက် ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ် ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
ပုဒ်မ ၅၆ အရ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့် အာဏာရှိသူ (သို့) လုပ်ပိုင်ခွင့်အာဏာရှိ စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ၎င်းတို့သည် သံသယတရားခံဖြစ်သူ သန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေး ထံမှ လာဘ်ငွေနှင့် တံစိုးလက် ဆောင်များ ရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် စိစစ်ခြင်းမရှိဘဲ ရုပ်သိမ်းခွင့်ပြုခဲ့ပြီး ဖမ်းဆီး ထားသည့် သံသယ တရားခံများကို လွှတ်ပေးခဲ့သည့်အတွက် အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူဆောင်ရွက်ရန် စက်တင်ဘာ ၁၃ ရက်နေ့က သုဝဏ္ဏနယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။
ထို့အတွက် ၂၇ ရက်နေ့၌ ရမန်ပြည့်မည်ဖြစ်ပြီး ရမန်မပြည့်ခင် ၂ ရက်အလိုတွင် ယခုကဲ့သို့ တရားစွဲတင်လိုက် ခြင်းအပေါ် မီဒီယာများက ဒေါ်နွဲ့နွဲ့ဦးကို မေးမြန်းရာ “ဘာလို့ စွဲတင်လဲဆို သူတို့ အမှုတည် ဆောက်တာပြီးလို့ သူတို့ ဒီနေ့ လာစွဲတင်တာ” ဟု ရှင်းပြသည်။
တိုင်းဥပဒေချုပ်အပါအဝင် ၆ ဦး၏ အမှုကို တိုင်းတရားလွှတ်တော် တရားသူကြီး ဒေါ်စိုးစိုးအောင် (တရားခွင် ၄) က စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့်ရုံးချိန်းကို အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်နေ့တွင် ချိန်းဆိုထားသည်ဟု ၎င်းက ပြောသည်။
တရားခွင်အတွင်း ဝင်ရောက်လေ့လာခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က “သူတို့ ရမန်ယူထားတာက ၂၇ ရက်နေ့ ရမန်ပြည့်တယ်။ ဒါပေမယ့် တရားစွဲတင်နိုင်လောက်တဲ့ သက်သေခံ ချက် အထောက်အထားတွေ ရသွားတဲ့အတွက် စွဲတင်လိုက်တာ။ ကောင်းပါတယ်။ ဒီလိုမျိုး တရားစွဲအဖွဲ့အစည်း တွေက အမှုကို မြန်မြန်ဆန်ဆန် တည်ဆောက်ပြီး အမှုတင်တယ် ဆိုတော့ ကောင်းတာပေါ့” ဟု ပြောသည်။
စွပ်စွဲခံရသူ တိုင်းဥပဒေချုပ် ဦးဟန်ထူးသည် သိန်း ၁၅၀ ကျပ်၊ Blue Label အရက်ပုလင်း တလုံးနှင့် အင်္ကျီတထည်၊ တိုင်းဥပဒေ အရာရှိ ဦးသိန်းဇော်သည် သိန်း ၅၀ ကျပ်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးသည် သိန်း ၁၃၀ ကျပ်နှင့် Gold Label အရက် ပုလင်းတလုံး၊ ဒုခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်သည် ကျပ် သိန်း ၃၀ နှင့် ပါတိတ်လုံ ချည်တထည်၊ တရားသူကြီး ဦးအောင်ကြည်သည် သိန်း ၃၃၀ ကျပ်၊ ရဲအုပ်ချစ်ကိုကိုသည် သိန်း ၃၀ ကျပ်တို့ အသီးသီး ရယူခဲ့သည်ဟု စစ်ဆေး ပေါ်ပေါက် ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောဆိုထားသည်။
ယနေ့တွင် ရုံးချိန်းတွင် ဦးအောင်ကြည် အတွက် တရားလွှတ်တော်ရှေ့နေ ဦးသက်စောအောင်၊ ဦးဟန်ထူးအ တွက် တရားလွှတ်တော်ရှေ့နေ ဦးမင်းစိန်နှင့် ဦးသိန်းဇော်အတွက် တရားလွှတ်တော်ရှေ့နေ ဦးမျိုးညွန့်ဝင်းတို့ ပါဝါတင်ထားသည်ဟုလည်း သိရသည်။
ဦးရောဘတ်စန်းအောင် က “ဒါ အောင်ပွဲတခုပဲ။ ကြိုဆိုရမှာ။ ဒါမှ အမှန်တရားကလည်း ပေါ်မယ်။ မဟုတ်လို့ရှိရင် အမှန်တရား အတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်” ဟု မှတ်ချက်ပြုသည်။
တဖက်တွင်လည်း အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ ရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို စွဲချက်မတင်မီ လွှတ်သည့် အမိန့်ကို ပယ်ဖျက်ပြီး မူလ အရှေ့ပိုင်းခရိုင် တရားရုံးက အမှုကို ဥပဒေနှင့်အညီ ဆက်လက် စုံစမ်း စစ်ဆေးရန် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က စက်တင်ဘာ ၂၄ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
၂၀၁၆ ခုနှစ်မှ စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများတင်ပြီး နာမည်ကြီး လာသည့် အောင်ရဲထွေး သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ် သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်း ထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာရရှိကာ ရန်ကုန်ပြည် သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂ ရက် တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။