မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း၏ ကချင်တိုင်းရင်းသား လူမျိုးဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည် ထောင်စုအဆင့်သို့ တင်ပြခြင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် အပေါ် ကချင်အုပ်စုဝင် လူမျိုးများ အားလုံး ၏ ဆန္ဒသဘောတူညီမှု မယူဘဲ လုပ်ခြင်းကြောင့် ကန့်ကွက်သည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေး ပါတီ (ဒူးလေးပါတီ)က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးရွှေမင်းက “အခုအချိန် ဂျင်းဖောလူမျိုး အင် အားနည်းတော့ ကချင်ကို မောင်ပိုင်မစီးရဲ၊ လက်လွတ်လည်း မခံရဲဖြစ်နေလို့(အကြပ်ရိုက်နေလို့) နိုင်ငံရေး အမြတ်ရှာ နေချိန်ဖြစ်တယ်။ ကျန်တဲ့ ၅ မျိုးကိုလည်း လက်လွတ် မခံရဲ၊ အရင်တုန်းကလိုဘဲ တို့ ၆ မျိုးဟာ ကချင်ဖြစ်တယ် ပြောပြီး ကချင်ကို ဂျင်းဖောစကား၊ ဂျင်းဖောစာ၊ ဂျင်းဖော ယဉ်ကျေးမှုနဲ့ အသုံးပြုပြီး အပေါ်စီးက လွမ်းမိုး အုပ်ချုပ်လိုတဲ့ သဘောဖြစ်တယ်”ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့ ဒေါ်ဒွဲဘူ ဦးစီးသည့် ကချင်တိုင်းရင်းသား လူမျိုးဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အသီးသီးသို့ တင်ပြခြင်း၊ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်းနှင့် ပတ်သက်သည့် ကိစ္စ ရပ်များသည် ကချင်အုပ်စုဝင်လူမျိုးများ (ဂျင်းဖော၊လီဆူ၊ရဝမ်၊ လော်ဝေါ်၊ လာချိတ်၊ ဇိုင်ဝါး) အားလုံး၏ ဆန္ဒ သဘောတူညီချက် ရရှိဆောင်ရွက်ခြင်း မဟုတ်ဘဲ ၎င်းတို့အဖွဲ့ဝင်များ၏ သဘောထားဖြင့်သာ ဆောင်ရွက် သည်ဖြစ်၍ ကန့်ကွက်သည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၏ ထုတ်ပြန်ချက် အရ သိရသည်။
ထို့ပြင် ကချင်တိုင်းရင်းသား လူမျိုးဖြစ်စဉ်နှင့်စပ်လျဉ်း၍ တင်ပြခြင်း ဖြစ်သဖြင့် အုပ်စုအတွင်းရှိ လူမျိုးအားလုံးနှင့် ကျေကျေလည်လည် ဆွေးနွေး သဘောတူညီချက် ရယူပြီးမှသာ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်၍ ကန့်ကွက်ခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၉ ရက် ရှင်းလင်းပွဲတွင် ဒေါ်ဒွဲဘူက “ ၂၀၀၃ ခုနှစ် လဝကရဲ့ ခန့်မှန်း လူဦးရေ စာရင်းမှာ ကချင် သည် ဂျင်းဖော မျိုးနွယ်တခုသာ ဖြစ်တယ်၊ အခြား မျိုးနွယ်များ မပါဝင်ခြင်းကြောင့် ဂျင်းဖော မျိုးနွယ်မှ လွဲ၍ ကျန်မျိုးနွယ်စုများဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းရင်းသား ရေးရာဝန်ကြီး ပေးအပ်ခြင်း အားဖြင့် ၎င်းမျိုးနွယ် များမှာ ပြည်နယ်မဲ့သော(သို့မဟုတ်) ကိုယ်ပိုင် အုပ်ချုပ် ခွင့် ဒေသ မရှိသော လူမျိုးများ ကွဲသို့ ဖြစ်ပေါ်နေခြင်းကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များထံ တင်ပြခဲ့ခြင်း ဖြစ်တယ်”ဟု ပြောသည်။
ဒေါ်ဒွဲဘူ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ဒုတိယအပတ်က နေပြည်တော်ရှိ အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် စက်တင်ဘာ ၁၈ ရက်တွင် ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့ရှိ မနောကွင်း၌ နေပြည်တော်ခရီးစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ခေတ်အဆက် ဆက် အစိုးရများက ကချင်တိုင်းရင်းသား လူမျိုး နှင့် ပတ်သက်ပြီး သတ်မှတ်ချက်များ ဆောင်ရွက်ရာတွင် ၁၉၅၅ ခုနှစ် နိုင်ငံတော်သမ္မတအထူး အမိန့် ပြန်တမ်း စာစောင်၌ ဂျင်းဖော၊ အဇီး၊ လရှီ၊ မရူ၊ ယောရင် (လီဆော)၊ နုံ(နုံ-ရဝမ်)ဟူ၍ လူမျိုး ၆ မျိုးဖော်ပြပြီး ၁၉၈၃ သန်း ခေါင်စာရင်းအရ ကချင်လူမျိုးစုတွင် လူမျိုး ၁၂ မျိုး ဖော်ပြထားကြောင်းဆိုသည်။
ထို့ပြင် ၂၀၀၃ ခုနှစ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ခန့်မှန်း လူဦးရေ စာအုပ်တွင်မူ ကချင်လူမျိုး ၉ မျိုးရှိသည်ဟူ၍ ဖော်ပြထားရာ လူမျိုးအရေအတွက် သတ်မှတ်ချက် ကွဲလွဲမှုများ ရှိနေကြောင်း ပြည်ထောင်စု အဆင့် တာဝန်ရှိသူများထံ တင်ပြခဲ့သည်ဟု ဒေါ်ဒွဲဘူက စက်တင်ဘာ ၁၉ ရက်က မြစ်ကြီးနားမြို့ မနောကွင်းမှာ ရှင်းလင်းပွဲလုပ်စဉ် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
လီဆူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဘက်မှ လီဆူတိုင်းရင်းသား ရေးရာ လွှတ်တော် ကိုယ်စားလှယ်(သို့မဟုတ်) လီဆူ တိုင်းရင်းသား ရေးရာဝန်ကြီးကိစ္စသည် ၂၀၁၄ ခုနှစ်၊ နိုင်ငံတော် အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးက အပြီးအပြတ် ဆုံးဖြတ်ပြီးသော ကိစ္စဖြစ်ကြောင်း၊ လီဆူသည် လူမျိုးဖြစ်၍ ကချင်သည် အုပ်စု အမည်သာ ဖြစ်ကြောင်း၊
ကချင်သည် လူမျိုးအမည်မဟုတ်ဘဲ လီဆူလူမျိုးသည် လူမျိုး တမျိုး၏ ရှိသင့် ရှိထိုက်သော ကြန်အင်လက္ခဏာ ဂုဏ်အင်္ဂါရပ်များဖြစ်သည့် ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင် ရိုးရာ ဓလေ့ယဉ်ကျေးမှုများနှင့် ပြီးပြည်စုံသော လူမျိုးဖြစ်ကြောင်းဆိုသည်။
လီဆူ လူမျိုးများသည် ဂျင်းဖောမှ ဆင်းသက်ပုံ၊ ရိုးရာဓလေ့ ထုံးတမ်း၊ ယဉ်ကျေးမှု၊ ဘာသာစကား မည်သို့မှ မတူညီကြောင်း၊ လီဆူလူမျိုးသည် တိဘက်မြန်မာအနွယ်ဝင်ဖြစ်ပြီး လားဟူ၊ အာခါ၊ လီဆူတို့သည် တူညီကြ ကြောင်း သိရသည်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)မှ ဥက္ကဋ္ဌ ဦးရွှေမင်းက “ သူတို့က ဖက်ဒရယ်နဲ့ တန်းတူ အခွင့်အရေးတော့ တောင်းနေတယ်၊ အခြား လူမျိုးတွေကိုတော့ တန်းတူ အခွင့်အရေး မပေးချင်ဘူး၊ အခု ဒီတခေါက် ဦးခက်နန်၊ ဒေါ်ဒွဲဘူတို့ အဖွဲ့လည်း KIA နောက်ခံ ပြုထားတဲ့ ကချင် အတိုင်ပင်ခံအဖွဲ့ရဲ့ ကြိုးကိုင် လုပ်ဆောင်မှုတွေပါ”ဟု ပြောသည်။
မြန်မာနိုင်ငံတဝန်း လီဆူလူမျိုး လူဦးရေ ၅ သိန်းကျော် ၆ သိန်းရှိပြီး ကချင်ပြည်နယ်အတွင်းရှိ ပူတာအိုမြို့နယ်၊ မချန်းဘောမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ် စသည့် မြို့နယ် ၅ မြို့နယ်ကို စုစည်း၍ လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးရန် ၂၀၁၆ ခုနှစ်၊ ကျင်းပခဲ့သော ပထမ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံမှာ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ(ဒူးလေး ပါတီ)က တင်ပြ တောင်းဆိုခဲ့သည်။
ဦးရွှေမင်းက “ ကျနော်တို့ လီဆူတွေ ကချင်မှာ ဆက်ပြီး ပါဝင်နေမယ်ဆိုရင် ပြည်နယ်ရရှိပြီးသော ကချင်လူမျိုး ဖြစ်တယ်ဆိုပြီး ရေးရာဝန်ကြီးနေရာ (တိုင်းရင်းသား ရေးရာလွှတ်တော် ကိုယ်စားလှယ်)ဆုံးရှုံးမယ်၊ ပြည်နယ်ရ ရှိပြီး လူမျိုး ဖြစ်လို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိနိုင်မှုနဲ့ ပြည်နယ်သစ် ဖော်ထုတ်နိုင်ရေး အနာဂတ် ပျောက်ဆုံးမယ်၊ နဂို မူလပုံစံနဲ့ ဂျင်းဖောတွေက ပိုနေမြဲ ကျားနေမြဲ လူမျိုးကြီးဝါဒနဲ့ လွှမ်းမိုးသွား လိုကြတာပေါ့”ဟု သုံးသပ်သည်။
လက်ရှိတွင် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)သည် ကချင်ပြည်နယ်လွှတ်တော်တွင် ၂ နေ ရာ၊ ရှမ်းပြည်နယ်လွှတ်တော်တွင် ၁ နေရာ(လီဆူတိုင်းရင်းသားရေးရာဝန်ကြီး)၊ ပြည်သူ့လွှတ်တော် ၂ နေရာ စသဖြင့် အသီးသီး တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လီဆူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေး ကြိုးပမ်းနေ ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဒေါ်ဒွဲဘူက ရှင်းလင်းပွဲတွင် ရှင်းပြခဲ့သည့် မှားယွင်း နေသည့် ကချင်မျိုးနွယ်ဆိုင်ရာ အမည်သတ်မှတ်ချက်နှင့် အရေအတွက် သတ်မှတ်ချက်တို့အား ကချင်လူမျိုး များအကြား ဆွေးနွေးညှိနှိုင်း သဘောထားရယူရန် စီစဉ်ထားကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မျိုးနွယ်တခုချင်းစီ အလိုက်သော်လည်းကောင်း၊ မျိုးနွယ်များအားလုံး စုပေါင်း၍ သော်လည်းကောင်း ပြုလုပ်ရန် ရှိကြောင်း၊ ရလဒ်ကို အစိုးရထံပေးပို့မည်ဟု ဆိုသည်။
လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ကမူ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစရှိသည့် နေရာများသို့ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း၏ ကချင်တိုင်းရင်းသား လူမျိုးဖြစ်စဉ်နှင့် စပ်လျဉ်း၍ တင်ပြခြင်းအပေါ် စက်တင်ဘာ ၂၅ ရက်က စာပေးပို့ ကန့်ကွက်ခဲ့သည်။