သတင်း

တပ်ချုပ် ဆန့်ကျင်စာများ လူမှုကွန်ရက်တင်သော ရဟန်း အသရေဖျက်မှုဖြင့် ရဲတိုင်ခံရ

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အွန်လိုင်းပေါ်တွင် အသရေဖျက်သည့် စာများရေးသားသောကြောင့် ဗုဒ္ဒဘာသာရဟန်းတပါးအား အရေးယူပေးပါရန် မန္တလေးမြို့ရှိ တပ်မတော် အရာရှိတဦးက အမရပူရမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက ဘဝအလင်း ပရဟိတအဖွဲ့မှ ဦးဆောင်ဆရာတော်တပါးဖြစ်သည့် ဦးသောဘိတကို ဥပဒေအရ အရေးယူပါရန် အမရပူရမြို့နယ်ရဲစခန်းသို့ တနင်္ဂနွေနေ့က တိုင်ကြားခဲ့သည်။

“ဆရာတော်က သူ့လူမှုကွန်ရက်ပေါ်မှာ ဗိုလ်ချုပ်မှူးကြီးနဲ့စစ်တပ်ကို အထင်အမြင်မှားစေတာတွေ၊ အရိုသေပျက်စေတာတွေ ရေးသားလွှင့်တင်လို့ အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ လာတိုင်ထားတာပါ” ဟု အမရပူရမြို့နယ်ရဲစခန်းက ဧရာဝတီသတင်းဌာနသို့ အတည်ပြုပြောကြားသည်။

ဦးသောဘိတကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် တိုင်တန်းရာတွင် သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် ရေးသားခဲ့သည်များကို သက်သေအဖြစ် တင်ပြထားကြောင်း သိရသည်။

တခုသော ပို့စ်တွင် စက်တင်ဘာလ ၁၆ ရက်က ကရင်ပြည်နယ်ရှိ အကျဉ်းထောင်ဖောက်ပြေးမှုဖြစ်စဉ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နောက်ကွယ်က ကြိုးကိုင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း လွှင့်တင်ရေးသားထားသည်။ ယခင်ရက်သတ္တပတ်ကျော်က ၎င်းတင်ခဲ့သောပို့စ်များတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ကို “နွား”နှင့်နှိုင်းထားပြီး စစ်ဘေးသည် သဘာဝဘေးထက်ပို၍ ပျက်စီးစေကြောင်း ရေးသားမှုများလည်း ပါဝင်သည်ဟု သိရသည်။

ယင်းအမှုတိုင်ကြားချက်ကို ရဲက လက်ခံထားကြောင်း၊ သို့သော် ဦးသောဘိတကို စွဲချက်တင်ရန်မှာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး ရုံးတော်သို့ ဦးတိုက်လျှောက်ထားရမည်ဖြစ်ကြောင်း အမရပူရမြို့နယ်ရဲစခန်း စခန်းမှူးက ဆိုသည်။

သို့ရာတွင် ဦးသောဘိတကို အမရပူရမြို့နယ်ရှိ ၎င်းသီတင်းသုံးရာ မဟာဂန္ဓာရုံကျောင်းတိုက်တွင် မတွေ့ရကြောင်း၊ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖြေကြားခြင်း မရှိသောကြောင့် ၎င်းနှင့် အဆက်အသွယ်ရရန် ကြိုးစားနေဆဲဖြစ်ကြောင်း ယင်းရဲအရာရှိက ဆက်လက်ပြောကြားသည်။

ဦးသောဘိတသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံကြောင်းပြီး တပ်မတော်ကို ဝေဖန်ပြစ်တင်မှုများအား ၎င်း၏ ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ် ရေးသားလေ့ရှိသူဖြစ်သည်။

ဧရာဝတီက ဦးသောဘိတကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ယနေ့ထိ အဆက်အသွယ်မရခဲ့ပေ။

၎င်း သီတင်းသုံးရာ မဟာဂန္ဓာရုံကျောင်းတိုက်ကမူ ဦးသောဘိတသည် ကျောင်းတိုက်၏ ဂုဏ်သိက္ခာကျဆင်းစေသည့် အပြုအမူများကို ပြုလုပ်နေခြင်းကြောင့် ကျောင်းတိုက်မှ ထုတ်ပယ်လိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည်။

ဦးသောဘိသနှင့် သိကျွမ်းသည့် ရဟန်းတော်တပါးကမူ “ဦးသောဘိတရဲ့ပို့စ်တွေက တချို့လူတွေကို အနှောင့်အယှက် ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် သူဟာ ဗုဒ္ဒရဟန်းတော်တပါးဖြစ်နေတဲ့အတွက် နိုင်ငံတော်သံဃမဟာနာယကရဲ့စစ်ဆေးစီရင်မှုကိုသာ ခံယူထိုက်ပါတယ်လို့ ဦးဇင်းတို့ ယူဆပါတယ်” ဟု ဧရာဝတီသို့ မိန့်သည်။ ၎င်း၏ လုံခြုံရေးအခြေအနေအရ ဘွဲ့အမည် ထုတ်ဖော်ပြောရန် ငြင်းဆန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading