ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လစ်ဟင်းနေသည့် ရန်ကုန်တိုင်းဥပဒေချုပ် နေရာ အတွက် ဥပဒေ လုပ်သက် ၃၄ နှစ် ရှိပြီဖြစ်သည့် ဒေါ်ခင်မျိုးကြည်အား ခန့်အပ်နိုင်ရန်အတွက် ယနေ့လွှတ်တော်တွင် စာရင်း တင်သွင်းလိုက်သည်။
စာရင်းတင်သွင်းခဲ့သည့် အသက် ၆၁ နှစ်အရွယ်ရှိ ဒေါ်ခင်မျိုးကြည်သည် မိုတောင်ရွာ၊ ငါန်းဇွန်မြို့နယ် ဇာတိဖြစ်သည်။
ဒေါ်ခင်မျိုးကြည်သည် ၁၉၈၄ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ငါးဇွန်မြို့နယ် အောင်မြေသာစံမြို့နယ် တွင် ဥပဒေဝန်ထမ်း (အဆင့် ၄) ၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပုသိမ်ကြီးမြို့နယ် ဥပဒေရုံးတွင် မြို့နယ်ဥပဒေအရာရှိ (အဆင့် ၃)၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မန္တလေးမြို့ ရှေ့နေချုပ်ရုံး (ရုံးခွဲ)တွင် လက်ထောက်ညွှန်ကြားရေးမှူး (ခရိုင်အဆင့်) တာဝန်ယူခဲ့ကြောင်းသိရသည်။
ထို့အပြင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ အထိ မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် နေပြည်တော်ပြည်ထောင်စု ရှေ့နေချုပ်ရုံး တွင် ဒုတိယညွန်ကြားရေးမှူး၊ ၂၀၁၆ ခုနှစ်တွင် ဘားအံမြို့ ကရင်ပြည်နယ် ဥပဒေချုပ်ရုံးတွင် ပြည်နယ် ဥပဒေ အရာရှိ၊ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နေပြည်တော် ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင် ညွန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ယခင် ဥပဒေချုပ် ဦးဟန်ထူးသည် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခံထားရပြီး တရားစွဲခံနေရသည်။
၂၀၁၇ ခုနှစ်က အသတ်ခံခဲ့ရသည့် သရုပ်ဆောင် အောင်ရဲထွေးအမှုကို ရုပ်သိမ်းခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ကို ဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲတင်ထားခြင်း ဖြစ်သည်။
အဆိုပါအမှုအား ကိုင်တွယ်ခဲ့ရသူ ဥပဒေချုပ်အပါအဝင် ၆ ဦးအား ၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ များဖြင့် တရားစွဲတင်ထားကြောင်း သိရသည်။