မန္တလေးတိုင်းဒေသကြီးရှိ ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရွှေဆိုင်း၊ အိမ်တော်ရာထီး၊ သင်္ကန်း ချုပ်လုပ်ငန်း တို့သည် ဈေးကွက်အရ၎င်း၊ လက်မှုအတတ်ပညာမှ စက်မှုနည်းပညာကို အစားထိုးလာ ၍၎င်း တိမ်မြှပ်လာရာ အရေး တကြီး ထိန်းသိမ်း စောင့်ရှောက်ရန် ဥပဒေတရပ်မဖြစ် မနေလိုအပ် နေကြောင်း တိုင်းလွှတ်တော်တွင် ယမန်နေ့က ဆွေးနွေးသည်။
ဒုတိယအကြိမ် မန္တလေးတိုင်းလွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အောင်မြေသာစံ မြို့နယ် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရန် တိုင်း အဆင့်ဥပဒေတရပ်ရေးဆွဲရန် အစီအစဉ်ရှိ/မရှိ မေးခွန်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ မန္တလေးတိုင်းမှာ ဒြပ်မဲ့အမွေအနှစ်တွေ အများကြီး ထွန်းကားခဲ့ပေမယ့် ဒါကို ထိန်းသိမ်းဖို့ ခေတ်အဆက် ဆက် အုပ်ချုပ်သူတွေကလည်း စိတ်ဝင်စားမှုမရှိသလို အများ ပြည်သူကလည်း တန်ဖိုး ထားရကောင်း မှန်းမသိကြပါ ဘူး၊ ဒါကြောင့် တချို့အမွေအနှစ်တွေက ပျောက်ကွယ်လု နီးပါးဖြစ်လာ တဲ့အထိ ခြိမ်းခြောက် ခံနေရပါပြီ၊ မထိန်းသိမ်း ရင် နောင်မျိုးဆက်တွေလက်ထက်မှာ ပျောက်တော့ မယ်”ဟု ၎င်းကဆိုသည်။
ဒေါက်တာကျော်ဦး၏ မေးမြန်းချက်နှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ဥပဒေမူကြမ်းကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ရေးဆွဲထားပြီး ဖြစ်လို့ လိုအပ်တာ ပြင်ဆင်ဖြည့်စွက်နိုင်ဖို့အတွက် တိုင်းဥပဒေချုပ်ရုံးကို ဆက်လက် ပေးပို့သွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။
ဒြပ်မဲ့ယဉ်ကျေးမှုဆိုသည်မှာ ရှင်သန်နေသောအမွေအနှစ်တစ်ခုဖြစ်ပြီး ဘိုးဘွားအစဉ်အဆက် ဆောင် ရွက်လာခဲ့ရာ လက်ဆင့်ကမ်းမှု ရှိနေသည့်အရာဟု အဓိပ္ပါယ်ဖွင့်ဆို၍ ၎င်းတွင် လူမှုရေး အစဉ်အလာ အလေ့အထများ၊ ဖျော်ဖြေမှု အနုပညာများ၊ ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ၊ ဘာသာစကားများ၊ ရိုးရာလက်မှု ပညာရပ်များနှင့် သဘာဝ၊ စကြာဝဌာဆိုင်ရာဗဟုသုတ၊ ရိုးရာအစဉ်အလာ အလေ့အထများ အကျုံး ဝင်ကြောင်း သိရသည်။
မန္တလေးတိုင်း ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီက ကောက်ယူစာရင်း ပြုစုထားသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ပေါင်း ၂၀၃ မျိုးရှိပြီး၊ မန္တလေးမြို့၏အထင်ကရများ ဖြစ်သော မြို့မတူရိယအသင်း၊ မာဃ လုင်ဗြော၊ တောင်ပြုံးပွဲ၊ ကျောက်ဆည်ဆင်ပွဲ၊ အိုးပုတ်ပွဲ၊ လှေဦးတိုက်ပွဲ၊ ဆံရစ်ဝိုင်းဆင်ယင်ထုံးဖွဲ့မှု၊ ကျောက်ဆစ်လုပ် ငန်း၊ ရွှေဆိုင်း၊ ကြေးသွန်းလုပ်ငန်း၊ ပုန်းရည်ကြီးလုပ်ငန်း၊ သပိတ်လုပ်ငန်း၊ ထိုးမုန့်လုပ်ငန်း၊ ရွှေမိုက်ထုတ်လုပ်ငန်း၊ အိမ်တော်ရာထီး အစရှိသည်တို့ ပါဝင်ကြောင်း ကော်မတီမှ သိရသည်။
မန္တလေးမြို့ မျက်ပါးရပ်ရှိ ကံကော်ပွင့် ရွှေဆိုင်းလုပ်ငန်းမှ မသွယ်နှင်းအေးက “အမတို့ ရွှေဆိုင်းက လက်မှုလုပ်ငန်းဖြစ် အခုလို စက်ရွှေတွေ ဝင်လာတဲ့ အချိန်မှာ ဈေးကွက်ယှဉ်ပြိုင်မှုအရ မယှဉ်နိုင်တာ တွေ ဖြစ်ရတယ်၊ အစကတည်းက စက်မှုနဲ့လက်မှုနဲ့ဆိုတာ ကွာတာပဲလေ။ ပြီးတော့ ဘာသာရေးနဲ့ ဆိုင်တဲ့ ထုတ်ကုန်ဖြစ် တာမလို့ နယ်ပယ်ကလဲကျဉ်းပါတယ်။ ပြီးတော့ လုပ်ငန်းအခွန်အခတွေပေး ရပါတယ်။ ဒါကြောင့် ဒီလုပ်ငန်းကိုရေရှည်တည်တံ့ဖို့အတွက်ဆို သက်ဆိုင်ရာတာဝန်ရှိသူတွေက ထိန်းသိမ်းပေးစေချင်ပါ တယ်” ဟု ဧရာဝတီကိုပြောသည်။
ရွှေဆိုင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၌ မန္တလေးမြို့ မျက်ပါးရပ်တွင်သာလုပ်ကိုင်ပြီး ကုန်ကြမ်းမှ ကုန်ချောအဆင့်ထိ လက်မှုပညာဖြင့်သာ ထုတ်လုပ်သည့်အတွက် ရှားပါးဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်တခု အဖြစ် သတ်မှတ်ထားရာ ၎င်းကိုရေရှည်တည်တံ့စေရေးအတွက်၊ နိုင်ငံတကာမှ အသိအမှတ်ပြု မူပိုင်တစ်ခုရရှိရန် အစိုးရမှ ပံ့ပိုးပေးသင့်သည်ဟု ၎င်းက ဆိုသည်။
မြန်မာဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်နိုင်ရန်အတွက် ၂၀၁၇ အောက်တိုဘာလက မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တိုးတက်မြှင့်တင်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌ အဖြစ် တာဝန်ယူကာ သက်ဆိုင်ရာ တိုင်း/ပြည်နယ် အဆင့်ကော်မတီများကိုလည်း ထပ်မံဖွဲ့စည်းခဲ့သည်။
ထို့အတူ ယင်းအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရန်အတွက် ဥပဒေရေးဆွဲပြီး ပြည်နယ်/တိုင်းအလိုက် စာရင်းကောက်ယူခဲ့ရာ အကြောင်းအရာ ခေါင်းစဉ် ၅ ခုဖြင့် ကောက်ယူလျက်ရှိရာ မန္တလေးတိုင်းသည်လည်း အပါအဝင်ဖြစ်သည်။
ထိုသို့ဖော်ထုတ်ရခြင်းရည်ရွယ်ချက်သည် လူတစ်ဦးချင်း၊ လူမျိုးတခုချင်းနှင့် အဖွဲ့အစည်း တခုချင်း အလိုက် တည်ရှိနေသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ကွယ်သွားအောင် ကာကွယ် စောင့်ရှောက် နိုင်ရန်ဖြစ်ကြောင်း သိရသည်။