နိုင်ငံတကာရာဇဝတ်တရားရုံး ICC သည် တရားဝင်မှုမရှိဘဲ တရားမျှတမှု၏ စည်းမျည်းအားလုံးကို ချိုးဖေါက်နေကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
“အမေရိကန်ပြည်ထောင်စုအပေါ်မှာ ICC ကတရားစီရင်ခွင့်မရှိဘူး။ တရားမဝင်ဘူး။ အခွင့်အာဏာမရှိဘူး” ဟု ထရမ့်က ပြောသည်။
“ ICC ဟာ နိုင်ငံအားလုံးက နိုင်ငံသားတွေ အားလုံးနီးပါးကို အကြွင်းမဲ့နီးပါး စီရင်ခွင့်ရှိတယ်လို့ပြောပြီး တရားမျှတမှု၊ သမာသမတ်ရှိမှုနဲ့ မှန်ကန်တဲ့ လုပ်ငန်းစဉ်ဆိုင်ရာ သဘောတရားအားလုံးကို ချိုးဖေါက်နေတယ်။ ကျုပ်တို့က အမေရိကန်ပြည်ထောင်စုရဲ့ အချုပ်အခြာအာဏာကို ရွေးချယ်တင်မြှောက်ခံရခြင်းမရှိ၊ တာဝန်ခံမှုကင်းမဲ့တဲ့ ကမ္ဘာ့ဗျူရိုကရေစီ ယန္တရားလက်ထဲ ဘယ်တော့မှ ပေးအပ်မှာမဟုတ်ဘူး” ဟု ထရမ့်ပြောသည်။
တချိန်တည်းတွင် ထရမ့်သည် တည်ငြိမ်လေးနက်သော ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ရယ်မောခြင်းများစွာကိုလည်း ဆောင်ယူပေးနိုင်ခဲ့သည်။
နိုင်ငံအကြီးအကဲများ နှစ်စဉ်ဆုံတွေ့ရာ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားရာ၌ ထရမ့်သည် သူ၏ဆောင်ရွက်ချက်များကို ကြွားဝါပြီး ပြည်တွင်းတွင် မဲဆွယ်သကဲ့သို့ လေကြီးမိုးကြီးပြောသည်။
“ နှစ်နှစ်အတွင်း ကျနော့်ရဲ့အစိုးရဟာ ကျနော်တို့နိုင်ငံသမိုင်းက အစိုးရတိုင်းထက် ပိုမိုစွမ်းဆောင်နိုင်ခဲ့တယ်”ဟု အမေရိကန်ကွန်ဂရက်ရွေးကောက်ပွဲ ကျင်းပရန် တလမျှပင် မလိုတော့ချိန်တွင် ထရမ့်က အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
တက်ရောက်လာသော နိုင်ငံတကာ သံတမန်များ ကြိတ်ရယ်ကြချိန်တွင် ထရမ်က စကားကိုရပ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော သူ၏ မိန့်ခွန်းသည် လွန်စွာ မှန်ကန်ကြောင်း ပြောလိုက်သေးသည်။
ရယ်မောသံများ ပေါ်ထွက်လာသောအခါ ထရမ့်ကပြုံးလိုက်ပြီး “ဒီလို တုံ့ပြန်မှုမျိုးကိုမျှော်လင့်မထားခဲ့ဘူး။ ဒါပေမယ့် အိုကေပါ” ဟု ပြောသည်။
မိန့်ခွန်းကိုဆက်လက်ပြောကြားရာ အလုပ်လက်မဲ့နှုန်း နိမ့်ကျလာခြင်းကို ကြွားဝါသည်။ သူ၏ မိန့်ခွန်းသည် နိုင်ငံတကာစည်းမျဉ်းများကို မလိုက်နာဘဲ အမေရိကန်ပြည်ထောင်စု၏ အခွင့်အရေးများကို ကာကွယ်သော သဘောထားတင်းမာသည့် မိန့်ခွန်းဖြစ်သည်။
အီရန်နိုင်ငံ၏ ညူကလီးယားအစီအစဉ်ကို ထိန်းချုပ်သည့် သဘောတူစာချုပ်မှ နုတ်ထွက်ပြီး ဥရောပမဟာမိတ်များကို စိတ်ပျက်အောင်လုပ်ခဲ့သော ထရမ့်က အီရန်နိုင်ငံအပေ ါ်နိုင်ငံတကာဖိအားပေးရန် တိုက်တွန်းသည်။ ရေနံဈေးနှုန်းအတွက် ရေနံတင်ပို့သောနိုင်ငံများအဖွဲ့ OPEC ကို တိုက်ခိုက်ပြီး ကုန်သွယ်ရေးမညီမျှမှုအတွက် တရုတ်နိုင်ငံကို ဝေဖန်သည်။ ယမန်နှစ်က “ဒုံးပျံဆောက်တဲ့ ကောင်လေး” ဟု ပြောဆိုခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကိုမူ ချီးမွမ်းသည်။
မျက်မှောက်ပြဿနာများကို ပြောကြားရန် နိုင်ငံခေါင်းဆောင်များကို မိန့်ခွန်းပြောစင်မြင့်သို့ အစောင့်အကြပ်များဖြင့် ခေါ်ဆောင်သွားရသည့် ကျင့်ဝတ် တင်းကျပ်လှသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ယခုကဲ့သို့ ပေါ့ပေါ့ပါးပါးဖြစ်သော အချိန်မှာ လွန်စွာ ရှားပါးလှသည်။