သတင်း

တာမွေ အုပ်စုဖွဲ့ လူသတ်မှု ဝင်းထွဋ်ဝင်း အပါ ၁၄ ဦးအား ဖမ်းဆီးထား

Want create site? Find Free WordPress Themes and plugins.

တာမွေမြို့နယ်၊ မလွှကုန်း ဌေးကြွယ် (က) ရပ်ကွက်တွင် စက်တင်ဘာ ၁၁ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ လူသတ်မှုနှင့် ပတ်သက်ပြီး ဝင်းထွဋ်ဝင်း အပါအဝင် ၁၄ ဦးအားဖမ်းဆီးထားပြီး ယနေ့နေ့လည်ပိုင်းက တာမွေမြို့နယ်တရားရုံးတွင် ချုပ်ရမန်ထပ်ယူခဲ့သည်။

ယနေ့ရုံးချိန်းသည် အမှုနှင့်ပတ်သက်ပြီး ဒုတိယအကြိမ်မြောက် ချုပ်ရမန်ရယူခဲ့ခြင်းဖြစ်ပြီး နောက်တပတ်ရုံးချိန်းအား အောက်တိုဘာ ၁၀ ရက်နေ့ကို ထပ်မံချိန်ဆိုခဲ့သည်။

ယနေ့ချုပ်ရမန်ရယူခဲ့သူများသည် ဝင်းထွဋ်ဝင်း၊ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ ဖြူတုတ်(ခ)သိန်းထွေး၊ ဝင်းမြင့်၊ ယဉ်မိုး(ခ)မိုးကြီး၊ သီဟအောင်၊ သိန်းထိုက်အောင်(ခ)အန်းကုန်း၊ မင်းအောင်၊ သက်မောင်မောင်(ခ)သက်နိုင်(ခ)ကျန်ကျောင်း၊ လင်းကိုကို(ခ)လင်းကို၊ မျိုးသူ၊ အောင်မင်းထွန်း(ခ)မာမက်အာလီ(ခ)အားကလီ၊ ဇင်ယော်(ခ)ဇင်မင်းဦးနှင့် ထိန်လင်း(ခ)ကုလား(ခ)ဆိုလီယန် တို့ဖြစ်ကြောင်း တာမွေမြို့နယ်တရားရုံး တာဝန်ရှိသူကပြောသည်။

တာမွေအုပ်စုဖွဲ့လူသတ်မှုအား ယနေ့ ရုံးထုတ် ယမန်ယူ/ထက်ဝေ၊ ဧရာဝတီ

အမှုပတ်သက်ပြီး နောက်ဆက်တွဲပါဝင်ပတ်သက်သူများအား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျှက်ရှိသော်လည်း ၎င်းတို့အနေဖြင့် ထွက်ပြေး တိမ်းရှောင်လျှက် ရှိကြောင်း သိရပြီး ရဲတပ်ဖွဲ့၏အဆိုအရ အနည်းဆုံး ၆ ဦးခန့် ကျန်ရှိနေသေးကြောင်း တာမွေမြို့မ ရဲစခန်းကသိရသည်။

အမှုဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက်နေ့ညနေပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ 777 ဂိမ်းဆိုင်တွင် စကားများရာမှ စတင်ကာ ညပိုင်းတွင် ဝင်းထွဋ်ဝင်းဆိုသူမှ ဦးကြည်ဝင်းထံသို့ ဖုန်းဖြင့် “ မင်းတို့စောက်ချိုးမပြေဘူး မင်းတို့ကို လာခုတ်ပြီး” ဟုပြောဆိုကာ ည ၁၀ နာရီခွဲခန့်တွင် ကားသုံးစီးဖြင့် လူများရောက်ရှိလာပြီး ဝိုင်းဝန်းထိုးခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

အဆိုပါအုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှုတွင် ဇော်ဟိန်းသူ(ခ) ကတုံးမဆိုသူမှာ သေဆုံးခဲ့ပြီး ဦးကြည်ဝင်းနှင့် ဇော်လင်းဦးတို့မှာ ထိခိုက်ဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။

လတ်တလောတွင်အမှုအား တာမွေမြို့မရဲစခန်းမှ (ပ)၈၈၃/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စိစစ်လျှက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading