သတင်း

ရွှေရည်ထွန်း - ၂ သဘာဝ ဓာတ်ငွေ့ လုပ်ကွက် ၁ ရက် ကုဗပေ သန်း ၅၀ ထုတ်ယူနိုင်ရန် ခန့်မှန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ ကမ်းလွန်လုပ်ကွက် အမှတ် A-6 ရှိ ရှာဖွေရေးတွင်း ရွှေရည်ထွန်း -၂ မှ သဘာဝဓာတ်ငွေ့ ၁ရက် ပျမ်းမျှ ကုဗပေ သန်း ၅၀ ထွက်ရှိနိုင်မည်ဟု စမ်းသပ်တွေ့ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

အဆိုပါ ရွှေရည်ထွန်း – ၂ လုပ်ကွက်ကို စက်တင်ဘာလ ၁၆ ရက်က ရှာဖွေ စမ်းသပ် တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က “တနေ့ကို သန်းငါးဆယ် စမ်းသပ် ထုတ်ထား တယ် လို့ ပြောပါတယ်။ ဒါဆိုရင်တော့ အလားအလာ ကောင်းတယ်လို့ မြင်လို့ ရပါတယ်။ ဖိအားလည်း ကောင်းပါ တယ်။ အတိအကျကတော့ ပြောရခက်ပါတယ်။ ကျနော်တို့ ပြောလို့မရဘူး။ တတိယ အဖွဲ့အစည်းက လာစိစစ်ပေး ဖို့ လိုပါတယ်။ သူတို့ပြောမှပဲ အတည်ဖြစ်မယ်။ ရေနံရဲ့ သဘောတရားနဲ့ အတွေ့အကြုံအရ မှန်းမယ် ဆိုရင်တော့ အထွက် ကောင်းမယ့် တွင်းလို့ ပြောလို့ ရပါတယ်”ဟု ပြောသည်။

စက်တင်ဘာ ၂၅ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၌ ပြုလုပ်သည့် လုပ်ကွက်အမှတ် A-6 ၌ သဘာဝ ဓာတ်ငွေ့ စီးပွားဖြစ် ထုတ်လုပ်နိုင်ရန် တွေ့ရှိကြောင်း သတင်း ထုတ်ပြန်သည့် အခမ်းအနားတွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်ရှိ လုပ်ကွက် A-6 တွင် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းနှင့် ထုတ်လုပ် မှု အပေါ် ခွဲဝေခံစားရေး စာချုပ် ချုပ်ဆို၍ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ စမ်းသပ် ရှာဖွေခြင်းကို အကျိုးတူ ပူးပေါင်း လုပ်ကိုင် နေသော မြန်မာ MPRL E & P Pte.,Ltd ကုမ္ပဏီနှင့် အခြား အစုရှယ်ယာရှင်များ ဖြစ်သည့် သြစတြေး လျ Woodside Energy (Myanmar) Pte., Ltd နှင့် ၂၀၁၅ ခုနှစ်တွင် ပြင်သစ် TOTAL E&P Myanmar ကုမ္ပဏီတို့က ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် စတင် စမ်းသပ် ရှာဖွေခဲ့ခြင်း ဖြစ်သည်။

လုပ်ကွက် A-6 မှ ယင်းကဲ့သို့ အလားအလာ ကောင်းများ တွေ့ရှိသည့် အတွက် အကဲဖြတ်တွင်း၊ ရှာဖွေရေးတွင်းများ တူး ဖော်ခြင်းနှင့် ရှာဖွေရေး ဆိုင်ရာ လုပ်ငန်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်သော အဆင့်သို့ ရောက်ရှိအောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဝန်ကြီးဌာနနှင့် ကုမ္ပဏီတို့က သတင်း ထုတ်ပြန်ခဲ့သည်။

ယခုကဲ့သို့ သဘာဝ ဓာတ်ငွေ့ ထုတ်ယူနိုင်ရန် ချုပ်ဆိုထားသည့် ထုတ်လုပ်မှု အပေါ် ခွဲဝေ ခံစားရေး စာချုပ် (PSC) အရ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက၂၀ ရာခိုင်နှုန်း ပါဝင် ရင်းနှီးမြှုပ်နှံခွင့် ရရှိမည်ဖြစ်ကြောင်း ဦးဝင်းခိုင်က ပြောသည်။

“စာချုပ်ထဲမှာ ဓာတ်ငွေ့ထွက်ရင် နိုင်ငံတော်က ပါဝင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ပါတယ်။ အဲဒီအချိန်ကျမှ စဉ်းစားမယ်။ အခု သူတို့ ထွက်ပြီလို့ ကြေညာတယ်။ နောက် ဆက်ပြီး ကြေညာမယ်။ ဘယ်လောက် ထွက်မယ်။ ဘယ်နှနှစ် ကြာမလဲ။ ဘယ်လို ပုံစံမျိုးနဲ့ ထုတ်မလဲပေါ့နော်။ ဒီလို သိလာတဲ့အခါ၊ စာချုပ်အရတော့ နိုင်ငံတော်ရဲ့ ပါဝင်ခွင့်က၂၀ ရာခိုင်နှုန်း အထိ ရရှိပါတယ်”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ သဘာဝ ဓာတ်ငွေ့လုပ်ကွက်မှ ထွက်ရှိသမျှ၏ ၂၅ ရာခိုင်နှုန်းကို အထူးလျှော့ဈေးဖြင့် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းက ဝယ်ယူခွင့်ရရှိမည် ဖြစ်ပြီး ယင်းပမာဏထက် ပိုမိုဝယ်ယူလိုပါက ကမ္ဘာ့ပေါက်ဈေးဖြင့် ဝယ်ယူနိုင် မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ ရောင်းချမှုများမှလည်း သတ်မှတ်ထားသော အခွန်အခများကို နိုင်ငံတော်က ရရှိမည်ဟုလည်း ပြည် ထောင်စု ဝန်ကြီးက ဆိုသည်။
လုပ်ကွက် A-6 တွင် မြန်မာကုမ္ပဏီ MPRL E & P Pte.,Ltd မှ ရင်းနှီးမြုပ်နှံမှု ၂၀ ရာခိုင်နှုန်း၊ Woodside Energy ( Myanmar) Pte.,Ltd မှ ၄၀ ရာခိုင်နှုန်း၊ TOTAL E & P Myanmar ကုမ္ပဏီမှ ၄၀ ရာခိုင်နှုန်း တို့ဖြင့် စမ်းသပ် ရှာဖွေ မှု ကို ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းလုပ်ကွက်မှ ၅ နှစ်အတွင်း သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နိုင်ရန် ရည်မှန်းထားကြောင်း MPRL E & P ကုမ္ပဏီမှ Country Manager ဦးစည်သူမိုးမြင့်က ပြောသည်။

“လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဆောက်လုပ်ရေးပိုင်းကို စတင် ဆောင်ရွက်ပြီး ၅ နှစ် အတွင်း ထုတ်နိုင်ဖို့ ရည်ရွယ်ထားပါ တယ်”ဟု ၎င်းက ဆိုသည်။

ယင်းကာလ အတွင်း ခိုအောင်းနေသည့် ဓာတ်ငွေ့ပမာဏကို စမ်းသပ်ရမည့် လုပ်ငန်းများ၊ အင်ဂျင်နီယာ ဒီဇိုင်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကုန်းတွင်းပိုင်းသို့ ပိုက်လိုင်းများ သွယ်တန်းခြင်းများ၊ ရေအောက် ပိုက် လိုင်း များ လေ့လာ စိစစ်ခြင်း လုပ်ငန်း စသည်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ရှိသေးကြောင်း၊ ယင်းလုပ်ငန်း များကို အချိန် ၂ နှစ်ခန့် အတွင်း ပြီးစီးအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ဦးစည်သူမိုးမြင့်က ပြောသည်။

ဦးစည်သူမိုးမြင့်က“ချုပ်ဆိုရမယ့် စာချုပ်တွေကလည်း တော်တော်များများ ရှိပါတယ်။ လုပ်ကွက်ကို ထုတ်လုပ်တဲ့ အချိန် မှာ Development Agreement စာချုပ်တွေ ချုပ်ဆိုဖို့ ရှိတယ်။ Gas Sale အရောင်းအဝယ် စာချုပ်ဖြစ်တဲ့ Gas Sale Agreement စာချုပ်တွေလည်း ပြည်တွင်းမှာရော ပြည်ပမှာရော ချုပ်ဆိုသွားဖို့ ရှိပါတယ်။ ဒါတွေအားလုံးကို လာမယ့် ၂ နှစ်၊ ၂ နှစ်ခွဲ အကြားမှာ ချုပ်ဆိုဖို့ ရည်မှန်းထားပါတယ်”ဟု ပြောဆိုသည်။

အဆိုပါ သဘာဝ ဓာတ်ငွေ့ လုပ်ကွက်မှ ထုတ်ယူရရှိနိုင်မည့် ဓာတ်ငွေ့ပမာဏကို လေ့လာ စမ်းသပ်မှုများ ပြုလုပ်ပြီးမှ သိရှိနိုင်မည် ဖြစ်ကြောင်း၊ ထွက်ရှိသည့် ဓာတ်ငွေ့ ပမာဏကို ပြည်တွင်း အသုံးပြုနိုင်ရန်အတွက်လည်း ဖြန့်ဖြူးမည် ဖြစ် သကဲ့သို့ ပြည်ပသို့လည်း ပို့ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ပြောသည်။

MPRL E & P Pte.,Ltd က လုပ်ကွက် A-6 ၌ ရှာဖွေရေးတွင်း ပြည်သာ-၁ ကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ရာ သဘာဝ ဓာတ်ငွေ့ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အစုရှယ်ယာရှင်များ အဖြစ် ၂၀၁၃ ခုနှစ်တွင် Woodside Energy (Myanmar) Pte., Ltd နှင့် ၂၀၁၅ ခုနှစ်တွင် TOTAL E&P Myanmar ကုမ္ပဏီတို့ ပါဝင် ရင်းနှီးမြှုပ်နှံခဲ့သည်။

မြန်မာနိုင်ငံ အနောက်ဘက် ကမ်းလွန်ရှိ ကမ်းလွန် လုပ်ကွက်အမှတ် A-6 တွင် စမ်းသပ်ရှာဖွေခြင်း လုပ်ငန်းများ လုပ်ကိုင် ရန် မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် MPRL E & P Pte.,Ltd တို့သည် လုပ်ငန်း စာချုပ်ကို ၂၀၀၇ ခုနှစ်က ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ ကမ်းလွန် လုပ်ကွက် A-6 ရှိ အကဲဖြတ်တွင်း ရွှေရည်ထွန်း-၂ ၌ မူလ ခန့်မှန်းသည်ထက် မိုမို ထုထည်ကြီးမား သော သဘာဝ ဓာတ်ငွေ့ ခိုအောင်း သဲကြောများကို တွေ့ရှိခဲ့ကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက် ရွှေရည်ထွန်း – ၁၊ ရွှေရည်ထွန်း – ၂ အပါအဝင် စုစုပေါင်း လုပ်ကွက် ၅ ခု တူးဖော်ခဲ့ရာ ၅ ခုလုံး၌ သဘာဝ ဓာတ်ငွေ့ တွေ့ ရှိခဲ့သည့် အတွက် ရာနှုန်းပြည့် အောင်မြင်မှု ရရှိကြောင်း MPRL E & P က သတင်း ထုတ်ပြန်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading