တန်ဖိုးမြင့်မားသော ကျွန်းတန်ချိန် ၃၀၀၀ အပါအဝင် သစ်မာတန်ချိန် ၅၀၀၀ ပြည်ပတင်ပို့ခွင့်ပြုရန် မြန်မာ အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိသော သဘောတူညီချက်နှင့် ပတ်သက်ပြီး လန်ဒန်အခြေစိုက် သဘာ၀ ပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) က သတိပေး ခေါင်းလောင်းတီးလိုက်သည်။
ပြည်တွင်း မီဒီယာများက စတင်ဖော်ပြခဲ့သည့် မြန်မာနိုင်ငံ ကယားပြည်နယ်မှ သစ်များတင်ပို့မည့် သဘော တူညီချက်သည် မြန်မာအစိုးရက ကြေညာထားသည့် သစ်တောစီမံခန့်ခွဲမှု ပိုမို ကောင်းမွန်အောင် လုပ်ဆောင်မည့် မူဝါဒကို ထိခိုက်စေမည် ဖြစ်ကြောင်း EIA က ကြေညာချက်တစောင်တွင် ဖော်ပြထားသည်။
ထုတ်လုပ်မည့်သစ်များမှာ အစိုးရနှင့် နားလည်မှု ရရှိသော တပ်အဖြစ် ရပ်တည်နေသည့် ကယားပြည်နယ်အတွင်းရှိ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (က.လ.လ.တ) ထိန်းချုပ်ဒေသမှ သစ်များဖြစ်ပြီး ထိုသစ်များကို အစိုးရဌာနဖြစ်သော မြန်မာ့သစ်လုပ်ငန်းက လေလံတင် ရောင်းချမည် ဖြစ်သည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရသူ ဦးဇော်ဌေးက က.လ.လ.တ ကို ပေးခဲ့သည့် သစ်ပါမစ်မှာ နောက်ဆုံးပါမစ် ဖြစ်ပြီး က.လ.လ.တ အဖွဲ့ ၏ တင်ပြချက်ကြောင့် သစ်တောဌာနကို ထိုနေရာသို့ သွားကြည့်ခိုင်းခဲ့ပြီး ဓါတ်ပုံနှင့် တင်ပြလာကြောင်း၊ ခုတ်ပြီးသား သစ်များဖြစ်သဖြင့် အလဟသ မဖြစ်ရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ထိုသို့ ကယားပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့တဖွဲ့ကို သစ်ထုတ်ခွင့်ပါမစ် ပေးသဖြင့် နောက်အဖွဲ့များကလည်း လိုချင်လာသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်မထိုးရသေးသော ကရင်နီ အမျိုးသားတိုးတက်ရေးပါတီကလည်း သစ်များကို ပြန်လည်ထုတ်ယူရန် တောင်းဆိုလာရာ ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) က NCA ကို လက်မှတ်ထိုးမှ ရမည်ဟု အကြောင်းပြန်ကြောင်း KNPP ခေါင်းဆောင်များက ဆိုသည်။
အကယ်၍ ထိုသို့ သစ်ထုတ်ခွင့်နှင့် ငြိမ်းချမ်းရေးလက်မှတ် လဲလှယ်ခြင်း ဖြစ်လာလျှင် ဖော်ပြထားသော သစ်တန်ချိန် ၅၀၀၀ ထက် ပိုမိုခုတ်လှဲမည့် အလားအလာလည်း မြင့်မားလာသည့် သဘော ဖြစ်သည်။
စက်တင်ဘာ ၂၄ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင်မူ ဦးဇော်ဌေး၏ အဆိုအရ တိုင်းရင်းသား လက်နက်ကိုင် မည်သည့် အဖွဲ့ကိုမဆို သစ်ထုတ်လုပ်ခွင့်(သစ်ပါမစ်) ထုတ်မပေးတော့ဟု လေသံပြောင်းသွားသည်။
မည်သို့ဆိုစေ မြန်မာနိုင်ငံ၏ နှစ်စဉ်ခွင့်ပြုနိုင်သော ထုတ်လုပ်မည့် သစ်တန်ချိန် ၅၀၀၀ ခုတ်လှဲမှုထက် ကျော်လွန်နေသောကြောင့် ထို သစ်ထုတ်လုပ်မည့် အစီအစဉ်သည် မြန်မာနိုင်ငံ၏ သစ်တောလုပ်ထုံးလုပ်နည်း များကိုပင် ချိုးဖောက်သကဲ့သို့ ဖြစ်နေသည်။
မြန်မာ့သစ်လုပ်ငန်းသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ရောင်းချသော သစ်များ၏ မူရင်း ဒေသအတိအကျကို သတ်မှတ်ရန် မဖြစ်နိုင်သောကြောင့် မြန်မာ့သစ်လုပ်ငန်း ပါဝင်ပတ်သက်နေခြင်းသည်လည်း တခြား လက်မခံနိုင်သော အချက် ဖြစ်နေသည်။
“လိျှု့ဝှက်မှုတွေ ဖုံးအုပ်ထားတော့ သစ်ထုတ်လုပ်ရေး သဘောတူညီချက် အသေးစိတ်တွေကို မသိနိုင်ဘူး။ လူအနည်းငယ်လောက်ပဲ အသေးစိတ်တွေကို သိရတယ်။ လက်ရှိသုံးနေတဲ့ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးတဲ့စနစ်တို့၊ စည်းမျဉ်းညီ မညီ စစ်တဲ့စနစ်တို့က ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျတို့က ဥပဒေပြဌာန်းချက်တွေအောက် အရမ်းနိမ့်နေတယ်” ဟု EIA ၏ သစ်တောဆိုင်ရာ လှုပ်ရှားမှုများကို ဦးဆောင်သူ ဖိတ်သ် ဒိုဟာတီ က ပြောသည်။
ဥရောပသမဂ္ဂ သစ်လုပ်ထုံးလုပ်နည်း (EUTR)၊ အမေရိကန်ပြည်ထောင်စု၏ Lacey Act ဥပဒေနှင့် သြစတြေးလျနိုင်ငံ၏ တရားမဝင် သစ်ထုတ်လုပ်မှု တားဆီးပိတ်ပင်ရေး အက်ဥပဒေ (ILPA) တို့အရ ကုမ္ပဏီများအနေဖြင့် ၎င်းတို့ဝယ်ယူသော သစ်များသည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲမှုနှင့် ဥပဒေအရ မူရင်းဒေသများ ကိုက်ညီရေးအတွက် လုပ်ဆောင်ရန် တာဝန်ရှိသည်။
မြန်မာနိုင်ငံမှ ကျွန်းသစ်တင်သွင်းသူတဦးသည် EUTR အရ စုံစမ်းစစ်ဆေး အရေးယူခြင်း ခံခဲ့ရကြောင်း ၂၀၁၆ ခုနှစ်တွင် ဆွီဒင်နိုင်ငံက ဥပမာ ပြခဲ့သည်။ ထိုကုမ္ပဏီသည် ထိုကျွန်းများကို မြန်မာ့သစ်လုပ်ငန်းမှ ဝယ်ယူပြီးနောက် မည်သည့် နေရာတွင် ခုတ်သည် ဆိုသည့်အချက် အပါအဝင် ထိန်းသိမ်းစောင့်ရှောက်မှု မှတ်တမ်း စာရွက်စာတမ်းများ လုံလောက်စွာ ထုတ်ပေးနိုင်ခဲ့ခြင်း မရှိပေ။
လွန်ခဲ့သော နှစ်ကလည်း မြန်မာနိုင်ငံမှ ကျွန်းသစ်များကို ဥရောပဈေးကွက်သို့ တင်သွင်း ရောင်းချသော ကုမ္ပဏီများအားလုံးကို ဒိန်းမတ်နိုင်ငံက ပိတ်ပင်ခဲ့သည်။ ယခုနှစ် အစောပိုင်းက ပြုလုပ်သော စုံစမ်းစစ်ဆေးမှု တခုတွင် မြန်မာနိုင်ငံမှ တရားမဝင် ထုတ်လုပ်၍ မှောင်ခိုထုတ်လာသော ကျွန်းသစ်များကို ဗြိတိန်ရှိ ဇိမ်ခံ သင်္ဘော ကုန်းပတ်များတွင် အသုံးပြုထားသည်ကို EIA က စုံစမ်းသိရှိခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် သစ်လုံးတင်ပို့မှု ပိတ်ပင်ခံရခြင်းနှင့် ၂၀၁၇ ခုနှစ်တွင် ကုန်ဆုံးသည့် တနှစ်တာ ပုဂ္ဂလိက သစ်တင်ပို့ရန် ထုတ်လုပ်မှု ပိတ်ပင်ခြင်းတို့ ကဲ့သို့သော တိုးတက်သော သစ်တောမူဝါဒများ ချမှတ်ခဲ့ပြီးနောက် ကယားပြည်နယ်မှ သစ်ထုတ်လုပ်မည့် အစီအစဉ်သည် မြန်မာနိုင်ငံအတွက် ကြီးမားစွာ နောက်ပြန်ဆုတ်သွားသော ဖြစ်ရပ်ဖြစ်ကြောင်း EIA က ဖော်ပြသည်။
ယခုအခါ မြန်မာ့သစ်လုပ်ငန်းကို ပုဂ္ဂလိက ကဏ္ဍ စီမံခန့်ခွဲမှုအောက်တွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းနေပြီး ၂၀၂၀ တွင် အစိုးရအတွင်းမှ ကော်ပိုရေးရှင်းတခု ဖြစ်လာအောင် စီစဉ်နေသည်။ ပြည်ပတင်ပို့မှု ပိတ်ပင်ခြင်းကြောင့် တရားမဝင် သစ်ခုတ်ခြင်းနှင့် ကျွန်းသစ်နှင့် အခြားသစ်များ တင်ပို့ခြင်း သိသိသာသာ ကျဆင်းသွားသည်ဟု မြန်မာ့သစ်လုပ်ငန်းက ဆိုနေသည်။
တရားဝင် စာရင်းများအရ ပိတ်ပင်မှု၏ သက်ရောက်မှု မည်သို့ရှိသည်ဖြစ်စေ တရားမဝင် သစ်ထုတ်လုပ်သူ များသည် ၎င်းတို့၏ လုပ်ငန်းများကို အလျှင်အမြန် ပြန်လည်စတင်ကြပြီး သစ်ထုတ်လုပ်မှု ပိတ်ပင်ပြီး ပထမ ၁၅ လ အတွင်း မကွေးတိုင်းတခုတည်းတွင်ပင် တရားမဝင် သစ်ထုတ်လုပ်မှု ၁၄၂၅ ခု ဖြစ်ပွားခဲ့ကြောင်း EIA က ဆိုသည်။
ဆက်စပ်ဖတ်ရှုရန် – လက်နက်ကိုင်အဖွဲ့များကို သစ်ပါမစ် ထုတ်မပေးတော့ဟု သမ္မတရုံး ပြော