သတင်း

ခွဲမထွက်ရေးကိစ္စ နိုင်ငံခေါင်းဆောင်များနှင့် ဆွေးနွေးရန် အပစ်ရပ်အဖွဲ့များ ကြိုးပမ်း

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် တို့နှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော်တို့မှ ထိပ်သီး ခေါင်းဆောင် များနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား မျက်နှာချင်းဆိုင် ဆွေးနွေးရန် ကြိုးပမ်းနေကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောသည်။

ပဒိုစောကွယ်ထူးဝင်း က “ပြည်ထောင်စုမှ ခွဲမထွက်ရေး အဲဒီကိစ္စ တခုတည်းတော့ မဟုတ်ပါဘူး၊ ဒါက ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြောနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ Framework (မူဘောင်) ကို ပြန် Review လုပ်မယ်၊ ဒါက ထိပ်သီး ခေါင်းဆောင် တွေက ဆွေးနွေးဆုံးဖြတ်ရမယ့် ကိစ္စတွေလေ၊ နောက်ပြီးတော့ ကျနော်တို့ ဆွေးနွေးလို့ မပြီးပြတ် သေးတဲ့ ညှိနှိုင်းလို့မရသေးတဲ့ ကိစ္စတွေကိုလည်း သူတို့ အမြင် သဘောထားတွေ ဆွေးနွေးရမှာပေါ့” ဟု ပြောသည်။

အဆိုပါ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးနိုင်ရေးအတွက် အစိုးရ၊ တပ်မတော်မှ ကိုယ်စားလှယ်များ နှင့် NCA လက်မှတ်ထိုးအဖွဲ့များမှ ၇ ဦးပါ ကိုယ်စားလှယ်တို့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းမှာ တွေ့ဆုံ ၍ အကြို ညှိနှိုင်းမှုများ အရင်ဆုံး လုပ်မည်ဖြစ်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

အဆိုပါ အကြို ညှိနှိုင်းမှု အစည်းအဝေးတွင် NCA လက်မှတ်ထိုးအဖွဲ့ဘက်မှ ပဒိုစောကွယ်ထူးဝင်းက ဦးဆောင် မည်ဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF)မှ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် အထွေထွေအတွင်း မှူး ဆလိုင်းထလာဟေး၊ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှူး၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်း၊ မွန်ပြည်သစ်ပါတီ (NMSP)မှ ဗဟိုကော်မတီဝင် နိုင်အောင်မငေးတို့ ပါဝင်ကြမည် ဖြစ်သည်။

အစိုးရ၊ တပ်မတော်ဘက်မှ ကိုယ်စားလှယ်အဖွဲ့တွင် မည်သည့် ပုဂ္ဂိုလ်များ ပါဝင်မည်ကို မသိရသလို ငြိမ်းချမ်းရေး ကော်မရှင် (PC) မှ တာဝန်ရှိသူများက ဖုန်းကိုင် ဖြေဆိုခြင်း မရှိပေ။

ယခုကဲ့သို့ ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးရန် ကြိုးပမ်းရခြင်းသည် ၃ ကြိမ် ကျင်းပပြီးခဲ့သည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် ညှိနှိုင်းမှု မပြီးပြတ်သည့် အချက်များကို ထိပ်သီး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းလျှင် အဆင်ပြေသွားနိုင်မည်ဟု မျှော်လင့်သည့်အတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း NCA ထိုး အဖွဲ့များက ပြောသည်။

NCA ထိုးထားသော လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များသည် ယခုနှစ် စက်တင်ဘာ ၁၁ ရက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှ ချမှတ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစု ပင်လုံ အစည်းအဝေးများ ဆက်လက် ကျင်းပနိုင်ရေးကိစ္စ၊ နိုင်ငံရေး ဆွေးနွေးမှုတွင် ပြည် ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသား တန်းတူရေး၊ လူနည်းစု အခွင့်အရေး၊ ပြည်နယ်စုဖွဲ့မှု စသည့် ဖက်ဒရယ်မူများ ချမှတ်နိုင်ရေးကိစ္စနှင့် ပြည်ထောင်စု တပ်မတော်ဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည် ဟု သိရသည်။

ပဒိုစောကွယ်ထူးဝင်း က “PPST က ချမှတ်ခဲ့တဲ့ အချက်တွေကို ဆွေးနွေးမယ်၊ ဘာဖြစ်လို့ သူတို့နဲ့ ကျနော်တို့ NCA လက်မှတ် ထိုးပြီး နောက်ပိုင်း UPDJC က ချမှတ်တဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ ဆွေးနွေး ပေမယ့်လည်း ၃ ကြိမ်- ၄ ကြိမ် လုပ်ပြီးတဲ့ နောက်ပိုင်း ရလဒ်က ကျနော်တို့ မျှော်လင့်သလို ညှိနှိုင်းလို့ မပြီးပြတ်သေးတဲ့ အပေါ်မှာ နိုင်ငံရေးအရ အမြင့်ဆုံး တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ ကြိုတင်ပြီးတော့ တွေ့ဆုံပြီးတော့ နိုင်ငံရေးအရ သဘောတူညီမှု ရနိုင်မယ်ဆိုလို့ရှိရင် နိုင်ငံရေး ဆွေးနွေးပွဲက ပိုမိုပြီးတော့ မြန်ဆန်မယ်” ဟု ပြော သည်။

ထို့ပြင် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ရှင်းလင်းလွယ်ကူစွာ ချမှတ်နိုင်မည့် နိုင်ငံရေး ဆွေးနွေးမှု ပုံစံများ ရှာဖွေ ရေးကိစ္စ၊ အလုပ်အဖွဲ့များ ကော်မတီများနှင့် ဆုံးဖြတ်ရန် မပြီးပြတ်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာ ဆုံးဖြတ် နိုင်သည့် ထိပ်ပိုင်း ခေါင်းဆောင်များအကြား ဆုံးဖြတ်ပေးနိုင်ရေးကိစ္စ၊ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကျန်ရှိ နေသေးသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကိစ္စတို့လည်း ပါဝင်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ခေါင်းဆောင် အချင်းချင်း ထိပ်သီးတွေ တွေ့လိုက်ရင်တော့ ဆုံးဖြတ်ချက်တချို့ အဆင်ပြေသွားနိုင်တယ်၊ ပြေလည်သွား နိုင်တယ်။ ဒါကြောင့် အဲဒီ လမ်း ကြောင်းကို ကျနော်တို့ ရွေးတာပါ။ အလွတ်သဘော တွေ့ဖို့လည်း လိုတယ်”ဟု ပြောသည်။

NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ ဆွေးနွေးလိုသော ပြည်ထောင်စုမှ ခွဲမထွက်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အချက်သည် တပ်မတော်မှ ခွဲမထွက်ပါဟု ကတိပြုချက် ထည့်ပေးရန် တောင်းဆိုထား သော အချက်ဖြစ်သလို ထိုအချက်ကို ထည့်သွင်းပေးမှ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲပြဋ္ဌာန်းခွင့် ပေးမည်ဆိုခြင်းကြောင့် ၂၁ ရာစု ပင်လုံမှာ မဆွေးနွေးနိုင်ဘဲ ဖြစ်နေသည့် အချက်များ ဖြစ်ကြောင်း သိရသည်။

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က “ကျနော် အမြင်ကတော့ ဒီကိစ္စက ခွဲမထွက်ရဘူးဆိုတာကိုက ဒါ ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူလည်း မဟုတ်ဘူးဗျ၊ ခွဲထွက်ရမယ်ဆိုတာလည်း အခြေခံမူလည်း မဟုတ်ဘူး။ ကျနော်တို့ ဖက်ဒရယ် တည်ဆောက်တဲ့ နေရာမှာ ခွဲထွက်တာ၊ မခွဲထွက်တာ အခြေခံမူ မဟုတ်တဲ့ အတွက်ကြောင့် ဒီဖက်ဒရယ်ပြည်ထောင်စုမှာ တည်ဆောက်မယ် ဆိုလို့ရှိရင် အခြေခံမူက ဒီမှာ ဆွေးနွေးပြီး တော့ ဆုံးဖြတ်ရမှာပေါ့။ ဒီကိစ္စက ခဏက ကျနော်ပြောတဲ့ ဆွေးနွေးပွဲမှာကျတော့ ဆွေးနွေးဆုံးဖြတ်ကျပါစေပေါ့နော်”ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့က ၂၀၁၈ ခုနှစ်၊ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ ကျင်းပခဲ့သော တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ၂၀၁၉ ခုနှစ် အတွင်း ဒီမိုကရေစီဖက်ဒရယ်အခြေခံမူများ ရရှိအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းထားသည်။

NCA စာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကော င်စီ(KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ လားဟူ ဒီမိုကရက် တစ် အစည်းအရုံး(LDU)၊ KNU၊ CNF၊ ALP၊ NMSP၊ PNLO စသည့် လက်နက်ကိုင်အဖွဲ့များ ထိုးထားကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading