သတင်း

ကချင်တွင် တနိုင်တပိုင် သတ္တု တူးဖော်ခွင့် ပြန်ပေးရန် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်မြို့နယ်တို့တွင် ပယင်း၊ ရွှေ သတ္တုတို့ကို တနိုင်တပိုင် တူးဖော်ထုတ်လုပ်ခွင့် အမြန် ဆုံး ခွင့်ပြုပေးနိုင်ရေး ပြည်ထောင်စု အစိုးရအဖွဲ့က ကူညီဆောင်ရွက်ပေးရန် သမ္မတ ဦးဝင်းမြင့်ဆီသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တချို့က စာပေးပို့ တောင်းဆိုသည်။

တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးနှင့် ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးတင့်စိုး တို့ ၂ ဦးက စက်တင်ဘာလ ၁၇ ရက် ရက်စွဲဖြင့် လက်မှတ်ရေးထိုးပြီး သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နေပြည်တော်ရှိ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

တင်ပြရသည့် အကြောင်းရင်းမှာ နိုင်ငံတော်၏ သယံဇာတများ နစ်နာမှု မရှိစေရေး၊ နိုင်ငံသူ/သားများ စားဝတ်နေရေး ပြေ လည်ရန်၊ အလုပ်လက်မဲ့ ပြဿနာ နည်းပါးရန်နှင့် အစိုးရက အခွန်ဘဏ္ဍာများ ရရှိစေရေးတို့အတွက် ဖြစ်ကြောင်း တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။

“မြေပြင်အခြေအနေက ဒေသမှာ ကြားရတဲ့ အနေအထားအရ အခုလည်း လုပ်နေကြတာပဲ။ လူပုဂ္ဂိုလ်တချို့ကနေ လည်း ဝင်တူးလို့ ရနေတယ်ဆိုတဲ့ သတင်းမျိုး ကြားနေရတယ်။ တရားမဝင်ဘဲ ဖြစ်မှာပေါ့။ တနိုင်းဘက်မှာတော့ ဒေသ ပြောတဲ့ အနေအထားအရ ပယင်းက တနိုင်တပိုင် တူးလို့ရတယ်။ ယာဉ်ယန္တရားတွေနဲ့က တူးလို့ မရဘူး။ ပယင်း သဘောက မြေလည်း ပျော့တော့ ဒီလိုပဲ တူးကြတာပဲ”ဟု ၎င်းက ပြောသည်။

ယခင် တနိုင်းဒေသ ပယင်းမှော်များသည် ကချင် လွတ်လပ်ရေး အဖွဲ့ (KIA) ထိန်းချုပ်ဒေသ ဖြစ်သော်လည်း ယခုအခါ တပ်မတော်က ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေ စိုးမိုးရေးအတွက် အရပ်ဘက် အဖွဲ့များ အလုပ်လုပ် နိုင်ရေး တပ်မတော်က ကူညီဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်းလည်း ဦးလင်းလင်းဦးက ပြောသည်။

တနိုင်တပိုင် လုပ်ကွက်များ ခွင့်ပြုပေးရန် တင်ပြလာသဖြင့် ဝန်ကြီးဌာနတွင် အစည်းအဝေးများ ပြုလုပ်ခဲ့ရပြီး လုပ် ကွက် နေရာ သတ်မှတ်မှုများ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစာရင်းကိုလည်း ပြည်နယ်နှင့် တိုင်းအစိုးရ အဖွဲ့များ သို့ ပေးပို့လိုက်ပြီး ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲမြင့်ဆွေက ပြောသည်။

ဦးရဲမြင့်ဆွေက “သတ္တုကဏ္ဍနဲ့ ပတ်သက်လို့ အသေးစား လုပ်ကွက်တွေကို ကချင်ပြည်နယ် အစိုးရက ဆောင်ရွက်ပေး နိုင်တယ်။ သူတို့ဆီကို ပေးပို့ ထားတာတွေ ရှိပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ အသေးစိတ် သိချင်ရင် ပြည်နယ်နဲ့ တိုင်း အစိုးရတွေကို မေးပါ”ဟု ဧရာဝတီသို့ ပြောသည်။

ယခုအခါ သတ္တုတွင်း နည်းဥပဒေများ ပြီးပြီဖြစ်၍ တနိုင်တပိုင် ရွှေလုပ်ကွက်များကို ချပေးနိုင်ပြီ ဖြစ်ကြောင်း၊ ပယင်းမှာ မူ ကျောက် မျက်လုပ်ငန်းထဲတွင် ပါဝင်နေ၍ မရနိုင်သေးသော်လည်း မြေပြင် အနေအထား၊ ပြည်သူ၏ အနေအထား၊ တိုင်းပြည်၏ အနေအထားများအရ ယခုလို တောင်းဆိုရခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး က ပြောသည်။

“တနိုင်တပိုင် လုပ်ကွက်တွေက ပြည်နယ် အစိုးရကို လုပ်ပိုင်ခွင့် ပေးထားတာ။ ကျနော်တို့ နယ်မြေက သာမန် အနေ အထား မဟုတ်ဘူး။ သာမန် အနေအထား မဟုတ်တဲ့အတွက် သူတို့မှာလည်း အခက်အခဲတချို့ ရှိတယ်လို့ ပြော တယ်။ အခက်အခဲ ရှိနေတော့ ပြည်ထောင်စု အစိုးရအဖွဲ့ကနေ ကူညီဆောင်ရွက်ပေးဖို့ သမ္မတကြီးကို စာရေးဖြစ်တဲ့ အကြောင်း ပေါ့လေ”ဟု ၎င်းက ရှင်းပြသည်။

ဖားကန်ဒေသ လုံးခင်းမှ ဦးလောခန် ကမူ တနိုင်တပိုင် တူးဖော်ခွင့်ကို လုံးခင်း၊ ဖားကန့် ဧရိယာထဲတွင် ရနိုင်မည် မဟုတ် ဘဲ လက်ရှိ လုပ်ကွက် ဧရိယာပြင်ပ ကန်စီးဒေသတွင် ချထားပေးမည်ဟု အကြမ်းဖျင်း သိထားကြောင်း၊ သို့သော် ယင်းနေရာများတွင် တူးစရာ ကျောက်ကောင်းကောင်း မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“အခု ချပေးမယ်ဆိုတဲ့ နေရာတွေက တူးစရာလည်း မရှိတော့ဘူး။ တူးလို့တောင် ကုန်နေပြီ။ အဆင်မပြေနိုင်ဘူး။ အရင် တုန်း ကတည်းက ပွလန်ကြဲ လုပ်ထားပြီးမှ တူးဆိုတာက ကျောက်ဆိုတာက မလွယ်ဘူး။ တပိုင်တနိုင် တူးဖို့ ဆိုတာ မလွယ်ဘူး။ ကျောက်က ဝါး ၂ ပြန်၊ ၃ ပြန် တူးမှ ရတာ။ ကျနော်တို့ တူးဖို့ ဘယ်လွယ်မလဲ”ဟု ဦးလောခန်က ပြောဆိုသည်။

၎င်းက ဆက်၍ “အခု တူးနေတယ်။ ရနေတယ်ဆိုတာ မြေပြိုပြီး သေနေကြတဲ့ ဘက်ဟိုးကြီးတွေနောက်က ဝင်ရှာလို့ ရတာ။ တူးပြီး သားကျောက်ကို ဖော်လို့ ရတာ။ မနေ့ကလည်း ၄ ယောက်သေတယ်လေ။ လုံးခင်းအပိုင် သာယာကုန်း အောက်ခြေနားမှာ။ သူတို့ သွားဖော်တဲ့အချိန် မိုးက ရွာတော့ ပြိုတာလေ”ဟုလည်း ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်များကမူ ကချင်ပြည်နယ် တနိုင်းနှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်း မှော်များ ဆောင်ရွက်နေမှုကို နောင်အခါ မဖြစ်စေရန် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက် ရောက် ကြပ်မတ်ပေးရန် အဆိုတခုကို ၂၀၁၇ ခုနှစ် ဇူလိုင်လက ပြည်သူ့ လွှတ်တော်တွင် တင်ပြရာ လွှတ်တော်က အတည် ပြု ပေးခဲ့သည်။

ထိုစဉ်က လွှတ်တော်သို့ လာရောက်ရှင်းလင်းသည့် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းကလည်း ယင်းဒေသများတွင် တရားမဝင် လုပ်ငန်းများ ထပ်မံ မဖြစ်ပွားစေရန်မှာ ကျောက်မျက်ရတနာ၊ လက်လုပ်လက်စား တူးဖော်ခွင့် လုပ်ငန်းများ ကို ကချင်ပြည်နယ် အစိုးရ အဖွဲ့က တရားဝင် ခွင့်ပြုပေးရန် လိုကြောင်း လွှတ်တော်တွင် ပြန်လည် ဖြေကြား သွားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading