သတင်း

လှိုင်သာယာ၌ အိမ်ထဲဝင် ပစ်သတ်မှု ဖမ်းဆီးထားသူများကို စစ်ကြောရေးဝင်နေ

လှိုင်သာယာမြို့နယ်နေ ခင်မောင်လွင်(ခ) ဝါကြီးအား နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြစ်ပစ်သတ်ခဲ့သည့် စောလမွန် (ခ) ကိုစောနှင့် အဖွဲ့အား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်စပ်မှု ရှိ/မရှိ စစ်ကြောနေဆဲဖြစ်ကြောင်း လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးကျော်ကျော် က ပြောသည်။

အမှုတွင် ဖမ်းဆီးထားသည့် စောလမွန်၊ စောကြီး (ခ) စောလမွန်ဖားကြယ်၊ စောညီညီနိုင် (ခ) ဖိုးကုလား၊ စောထွန်းနိုင်နှင့် ဇေယျာဦး (အငှားယာဉ်မောင်း) တို့အား လူသတ်မှု အားပူးပေါင်းကြံစည်မှု ပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ယနေ့စက်တင်ဘာ ၂၇ ရက်နေ့တွင် ချုပ်ရမန်ယူထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရဲမှူး မိုးကျော်ကျော် က “အမှုက စစ်ကြောရေးလုပ်နေတုန်း၊ နဂိုကတည်းက သူတို့က အလုပ်အတူလုပ်ဖူးတဲ့သူတွေ၊ ခြံစည်းရိုး ခတ်တာမှာ လုပ်အားခမရသေးတဲ့ ကိစ္စတွေကနေ ဖြစ်တာလို့ပဲ သိထားရသေးတယ်၊ နောက်ထပ် ဘယ်သူတွေရှိသေးလဲ၊ ဘယ်လို အရေးယူမှုတွေ လာဦးမလဲ အတည်ပြုလို့တော့ မရသေးဘူး” ဟုပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နေသည့် လှိုင်သာယာ လူသတ်မှု သံသယ တရားခံများနှင့် ဆက်စပ်ပစ္စည်းများ

တွံ့တေးမြို့နယ်၊ မင်းပိုင်းရပ်ကွက်တွင် နေထိုင်သည့် စောလမွန် (ခ) ကိုစောနှင့် ပတ်သက်ပြီး ၎င်းသည် ငြိမ်းချမ်းရေး အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် ကရင်လက်နက်ကိုင် အဖွဲ့တခုသို့ လွန်ခဲ့သည့် ၃ နှစ်ခန့်က ဝင်ရောက်ထားသူ ဖြစ်သည်ဟု သိထားရကြောင်း တွံ့တေး မြို့ခံများက ဧရာဝတီသို့ပြောသည်။

စောလမွန်အနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်မှုရှိမရှိမှာ လတ်တလောတွင် အတည်မပြုနိုင်သေး ကြောင်းနှင့် ဖမ်းဆီးရမိထားသည့် သေနတ်များနှင့် ပတ်သက်၍လည်း စစ်ဆေးနေဆဲသာ ဖြစ်ကြောင်းလည်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံက သိရသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် က “မြန်မာပြည်အတွင်းပိုင်း ရန်ကုန်၊ မန္တလေးစတဲ့ ဘယ်နေရာမှာ ဖြစ်ဖြစ် KNU ဆိုပြီးလွှဲလွှဲချကြတယ်၊ စီးပွားရေးတာဝန်ခံတို့ ဘာတို့ဆိုတာလဲ ပြည်တွင်းမှာ မရှိပါဘူး၊ အနိမ့်ဆုံး ဆက်ဆံရေးရုံးတွေတောင် ပြည်တွင်းမှာမရှိပါဘူး၊ များသောအားဖြင့် KNU နာမည်လွှဲလွှဲချတဲ့ ပြဿနာကရှိတယ်” ဟု ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က လှိုင်သာယာမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ ဆန်စက်လမ်းရှိ နေအိမ်၌ ခင်မောင်လွင် (ခ) ဝါကြီး နှင့် အောင်မင်းဦး ဆိုသူတို့ အတူရှိနေစဉ် စောလမွန် (ခ) ကိုစောတို့အဖွဲ့မှ အငှားယာဉ်တစီး ဖြင့် ရောက်လာကာ ခြံစည်းရိုး ခတ်ခပေးချေရန် ကျန်ရှိသည့် ကျပ်သိန်း ၃၃၀ အား တောင်းခံရာ မရသဖြင့် အပြန် အလှန်စကားများခဲ့ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လူမှုကွန်ရက်တွင် ပျံ့နေသည့် လှိုင်သာယာ လူသတ်မှု သံသယ တရားခံများနှင့် ဆက်စပ်ပစ္စည်းများ

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ခင်မောင်လွင် (ခ) ဝါကြီး၏ ယာ နားထင်ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့ပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အောင်မင်းဦးအား ဒဏ်ရာများဖြင့်ပြန်လည် တွေ့ရှိခဲ့သည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသလျှက်ရှိကြောင်းသိရသည်။

စောလမွန် (ခ) ကိုစော အပါအဝင် ၄ ဦးအား တွံ့တေးမြို့နယ်၊ ရေကျော်လေး ကျေးရွာအနီး ငါးကန်ဘောင် တခုပေါ်တွင် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ကာ ဖမ်းဆီးခဲ့ရပြီး ၎င်းတို့ထံမှ ပွိုင့် ၄၅ ပစ္စတိုသေနတ်တစ်လက်နှင့် ရီမင်တန်တလုံးထိုး သေနတ် တစ်လက်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ်အတွင်း ဒုစရိုက်မှု အဖြစ်များသည့်အတွက် ရဲစခန်းတခုထပ်မံတိုးချဲ့နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြထားပြီဖြစ်ကြောင်းနှင့် ယင်းမြို့နယ်အတွင်း ရဲတပ်ဖွဲ့ဝင်အင်အားကိုလည်း ဖွဲ့စည်းပုံထပ်တိုးမြင့်ကာ ချထားဆောင်ရွက်လျှက် ရှိနေကြောင်း တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက စက်တင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ပြောကြားထားသည်။

Loading