ဟာသ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုမှ ပြန်လွှတ်ပေးခဲ့သည့် သံသယတရားခံများဖြစ်သော သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇော ဟန် (ခ) ကျော်ဇော တို့ကို မိသားစုဝင်များက စက်တင် ဘာ ၂၆ ရက်နေ့တွင် သုဝဏ္ဏနယ်မြေရဲစခန်းသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
ဧရာဝတီက သုဝဏ္ဏနယ်မြေ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ “ဟုတ်ပါတယ်။ တရားရုံးကို ရုံးထုတ်သွားပါတယ်။ စခန်းမှူးပါ ပါသွားတယ်။ စခန်းမှူးဆီ မေးလိုက်ပါ” ဟု စခန်းတာဝန်ကျ ရဲတဦးက ပြန်လည် ပြောဆို သည်။
အသေးစိတ်သိရှိရန် သုဝဏ္ဏနယ်မြေရဲစခန်း စခန်းမှူးကို ထပ်မံ ဆက်သွယ်မေးမြန်းရာ မြို့နယ်မှူးကို ဆက် သွယ် မေးမြန်းရန် ပြောဆိုသည့်အတွက် မြို့နယ်မှူးကို ဆက်သွယ်ခဲ့ရာ ရုံးတွင်မရှိဟုဆို၍ အဆက်သွယ် မရခဲ့ပါ။
အဆိုပါ သတင်းနှင့်ပတ်သက်၍ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး က “စခန်းမှူး နဲ့ ပြောပြီးပြီ။ သူပြောတဲ့စကားက ဖမ်းဝရမ်းထုတ်တဲ့ အတွက်တော့ ဖမ်းပြီးပြီ။ ဒါပေမယ့် လောလောဆယ် သုဝ ဏ္ဏစခန်းမှာ မရှိဘူး။ အချိန်တန်ရင်တော့ အင်းစိန်ရောက်သွားမှာပေါ့။ သူက အဲဒီလိုပြောတယ်” ဟု ဧရာဝတီကို ပြောသည်။
စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အောင်ရဲထွေးအမှုကို ရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို စွဲချက်မတင်မီ လွှတ်သည့် အမိန့်ကို ပယ်ဖျက်ပြီး မူလခရိုင်တရားရုံးက အမှုကို ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေးရန် အမိန့်ချပြီးနောက် ယခုကဲ့သို့ သက်ဆိုင်ရာရဲစခန်း၌ ပြန်အဖမ်းခံခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ်က စတင်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဟာသဇာတ်လမ်းတိုများ တင်ပြီး နာမည်ကြီးလာ သည့် အောင်ရဲထွေး သည် ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက် ညပိုင်း The One Entertainment Park ၌ ပြုလုပ်ခဲ့သည့် နှစ်သစ်ကူးပွဲတွင် လူတစုက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန၌ အရေးပေါ် ခွဲစိတ်ကုသပြီးနောက် ၂၀၁၈ ဇန်နဝါရီ ၂ ရက် တွင် ကွယ်လွန်သွားခဲ့သည်။
ယင်းအမှုနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ၆ လကြာ စစ်ဆေးပြီးနောက် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄(က)အရ အမှုရုပ်သိမ်းကြောင်း ဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ပြီး ဖမ်းဆီးထားသည့် သံသယ တရားခံ ၃ ဦး တို့ကို စွဲချက်မတင်မီ ပြန်လွှတ်ပေးခဲ့သည်။
ယင်းသို့ ရုပ်သိမ်းခွင့် ပြုလိုက်ခြင်းနှင့် ပတ်သက်၍ အမိန့်ပြင်ဆင်ချက် တင်သွင်းရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံး က တိုင်းဒေသကြီး ဥပဒေချုပ်ထံ ဇူလိုင် ၃၀ ရက်တွင် ညွှန်ကြားခဲ့သည်။
ထို့နေ့တွင်ပင် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီး တရားလွှတ်တော်သို့ ပြင်ဆင်ချက် လျှောက်ထား ခဲ့ရာ ယင်းလျှောက်ထားမှုကို တိုင်းတရားလွှတ်တော်၏ ရာဇဝတ်ပြင်ဆင်မှု အမှတ် ၂၉၆(ခ)/၂၀၁၈ ဖြင့် အမှုဖွင့် လက်ခံခဲ့ပြီး သြဂုတ် ၂၉ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက်များ ကြားနာပြီးနောက် စက်တင်ဘာ ၂၄ တွင် အမိန့်ချခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – ရန်ကုန်တိုင်း ဥပဒေချုပ်နှင့် ၆ ဦးကို နှစ်ရှည်ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မများဖြင့် တရားစွဲတင်
အောင်ရဲထွေးအမှု ဆက်လက်စစ်ဆေးရန် အမိန့်ချ