မသန်စွမ်းမှု ဆိုင်ရာ အဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင် (သက်သေခံကတ်) ထုတ်ပေးရန် စတင် စီစဉ်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက သိရသည်။
အဆိုပါ အစီအစဉ်ကို ရန်ကုန်တိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ် တို့၌ ရှေ့ပြေး စီမံကိန်းအနေဖြင့် စတင်သွားမည် ဖြစ် ကြောင်း ဝန်ကြီး ဌာန၏ ထိခိုက်လွယ် အုပ်စုများ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ပြောသည်။
စက်တင်ဘာလ ၂၆ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ပြုလုပ်သော မသန်စွမ်းသူများ အကျုံးဝင် ဖွံ့ဖြိုး တိုးတက်ရေး ဖိုရမ်တွင် ယင်းသို့ မီဒီယာများကို ပြောဆိုခြင်း ဖြစ်သည်။
ဦးစွမ်းရည်ရက“အောက်တိုဘာလ နောက်ပိုင်းမှာ ကနဦး စီမံကိန်းအဖြစ် ဘားအံနဲ့ လှိုင်သာယာမှာ ဆောင်ရွက်ဖို့ ရည်မှန်း ထားတယ်။ ၂၀၁၈-၂၀၁၉ တနှစ်တာ ဘတ်ဂျက်မှာ ထည့်သွင်း ရေးဆွဲ ထားပြီး ဖြစ်ပါတယ်။ လိုအပ်တဲ့ သင်တန်းတွေ၊ စေတနာ့ ဝန်ထမ်းတွေ ရွေးချယ်ပြီးရင်တော့ စတင် ဆောင်ရွက်သွားမှာပါ”ဟုလည်း ပြောသည်။
အဆိုပါ ရှေ့ပြေး စီမံကိန်းသည် ၄ လခန့် ကြာမြင့်မည် ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များ အပေါ် ပြန်လည် သုံး သပ်ခြင်း၊ အတည်ပြုခြင်း လုပ်ငန်းများ ဆောင်ရွက်ကာ တနိုင်ငံလုံး အတိုင်းအတာဖြင့် စီမံကိန်းကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
“Pilot Project (ရှေ့ပြေး စီမံကိန်း) က အဖြေထွက်တာနဲ့ တနိုင်ငံလုံး ချဲ့ဖို့ ဆိုရင်တော့ ၁ နှစ်လောက်တော့ ကြာမယ်လို့ မျှော်လင့်ပါ တယ်”ဟု ဦးစွမ်းရည်ရ က ဆိုသည်။
မသန်စွမ်းကတ် ကိုင်ဆောင်သူများသည် နိုင်ငံတော်နှင့် သက်ဆိုင်ရာ အဖွဲအစည်းများက ပေးအပ်မည့် ကျန်းမာရေး၊ အလုပ်အကိုင် ရရှိရေး၊ သွားလာမှု လွယ်ကူရေး စသည့် ဝန်ဆောင်မှုနှင့် အထောက်အပံ့များ ရရှိမည် ဖြစ်ပြီး ယင်းသို့ ထောက်ပံ့နိုင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ် ကြောင်း သိရသည်။
ဦးစွမ်းရည်ရက“သူတို့ ဘယ်လို အခွင့်အလမ်းတွေ ရှိမလဲ။ မှတ်ပုံတင် ကတ်ရှိတဲ့ အတွက် ဥပမာ ယာဉ်စီးခ ၅၀၀ ကျ တဲ့ ခရီးဆိုရင် သူတို့ကို ၃၀၀ ပေးမလား။ ရန်ကုန်ကနေ နေပြည်တော်ကို သွားမယ်။ ကားလက်မှတ် ၆၀၀၀ ဆိုရင် သူတို့ ကို ဘယ်လောက် လျှော့ပေးမလဲ။ ဒါမျိုးတွေ သတ်မှတ်ဖို့လည်း လိုတယ်”ဟု ပြောဆိုသည်။
မသန်စွမ်းသူများကို အမြင်၊ အကြား၊ ကိုယ်အင်္ဂါ၊ ဉာဏ်ရည် မသန်စွမ်းမှုများ အပြင် အခြား မသန်စွမ်းမှုများကို ခွဲခြား သတ်မှတ်မည် ဖြစ်ပြီး မသန်စွမ်းမှု ပြင်းထန်ခြင်း အဆင့်အလိုက် ၎င်းတို့နှင့် ထိုက်သင့်သည့် အထောက်အပံ့နှင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
မသန်စွမ်းသူများ အရေး လှုပ်ရှား ဆောင်ရွက်နေသော ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက “မသန် စွမ်းမှု ပြင်းထန်ရင်တော့ သူတို့အတွက် အခွင့်အရေး ပိုပေးသင့်တာပေါ့။ အဲဒါမှ သာတူညီမျှ အခွင့်အရေးလို့ ခေါ်ပါ တယ်”ဟု ပြောသည်။
ထိုသို့ မသန်စွမ်းကတ် ရရှိရေး အတွက် မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းမှာ အရေးကြီး၍ ဦးစားပေး ဆောင်ရွက်ရန် မသန်စွမ်း အဖွဲ့အစည်းများက အစိုးရကို တိုက်တွန်းနေကြောင်း ၎င်းက ဆိုသည်။
ဦးမြတ်သူဝင်းက“မသန်စွမ်းသူတွေကလည်း အပြည့်အဝ ပူးပေါင်းပါဝင်ဖို့ လိုတယ်။ ကျန်သွားတယ် ဆိုရင် မကောင်း ဘူး။ အခုတောင် ထောက်ပံ့ကြေးတွေ ပေးဖို့ စာရင်းလိုက်ကောက်တဲ့ အခါ ကျန်ခဲ့တာတွေ ရှိတယ်။ ကျန်ခဲ့ရင် နစ်နာ တာ ပေါ့။ အပြည့်အဝ ပူးပေါင်းဖို့ အားပေးချင်တယ်”ဟု ပြောသည်။
အဆိုပါ မသန်စွမ်း မှတ်ပုံတင်ကတ် ထုတ်ပေးခြင်းကို ကြိုဆိုပြီး အမြန်ဆုံး အကောင်အထည် ဖော်စေလိုကြောင်း မသန်စွမ်း သူအားလုံး ကတ်ရရှိစေရန် လုပ်ပေးစေချင်ကြောင်း ပျဉ်းမနားမြို့မှ မသန်စွမ်းတဦး ဖြစ်သည့် ဦးသန့်စင်က ဆို သည်။
“ဘယ်လောက် ကြာဦးမလဲတော့ မသိသေးဘူး။ ကျနော်တို့ကတော့ မြန်လေ ကောင်းလေပဲ။ ဒါလေးရှိထားရင် ကိုယ်နဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတွေ ရလာမှာဆိုတော့လေ။ တခု စိုးရိမ်တာက အလှမ်းဝေးတဲ့ နေရာကလူတွေ ကျန်ခဲ့မှာ တော့ စိုးရိမ်မိတာ ရှိတယ်”ဟု ပြောဆိုသည်။
မသန်စွမ်းသူများ၏ အခွင့်အရေးများ နည်းဥပဒေကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာက ထုတ်ပြန်ခဲ့ပြီး ယင်း နည်းဥပဒေတွင် မသန် စွမ်းသူများ မှတ်ပုံတင်ခြင်းနှင့် ပညာရေး၊ ကျန်းမာရေး၊ လွယ်ကူစွာ သွားလာ နေထိုင် အသုံးပြုနိုင်ရေး ကဏ္ဍ များ၊ မသန်စွမ်း အသင်းအဖွဲ့ ဖွဲ့စည်းခြင်း၊ ပုဂ္ဂလိက ပညာသင် အထူးကျောင်း၊ အသက်မွေးမှု အထူး သင်တန်း ကျောင်း များ တည်ထောင်ခြင်း၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာ နယ်ပယ်များတွင် ပါဝင်ဆောင်ရွက်ခွင့် ရရှိရေး စသည့် ကဏ္ဍများကို ထည့်သွင်း ရေးဆွဲထားသည်။
ယင်း နည်းဥပဒေတွင် မှတ်ပုံတင်ရန်အတွက် မသန်စွမ်းမှု အဆင့် စိစစ်သတ်မှတ်သည့် အဖွဲ့ထံတွင် ဆေးစစ်ဆေးမှု ခံယူ ခြင်းနှင့် ဆေးထောက်ခံချက် လက်မှတ်များကို အခမဲ့ စီစဉ်ပေးရန်နှင့် မသန်စွမ်းမှု ပြင်းထန်သူများနှင့် သွားလာ ရေး ခက်ခဲ ဒေသရှိ မသန်စွမ်းများ အတွက် ကွင်းဆင်း ဆောင်ရွက်ပေးရမည် ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မသန်စွမ်းသူ ဦးရေ သိန်း ၂၀ ခန့် ရှိကြောင်း မသန်စွမ်း အဖွဲ့အစည်းများထံက သိရသည်။