သတင်း

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ် ထူထောင်မည်ဟု NLD ကြေညာ

Want create site? Find Free WordPress Themes and plugins.

ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ် ထူထောင်ရေး လုံးဝ အောင်မြင် သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကြေညာလိုက်သည်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ယနေ့ ပြုလုပ်သော ပါတီ တည်ထောင်ခြင်း နှစ် (၃၀) ပြည့်နေ့တွင် NLD ဗဟို အလုပ်မှုဆောင် အဖွဲ့က ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းကြေညာချက်ထဲတွင် “မည်သည့် စိန်ခေါ်မှုနှင့် အခက်အခဲ၊ အကျပ်အတည်းပင် ကြုံတွေ့ရငြားလည်း၊ မိမိ၏ နိုင်ငံရေး ခံယူချက်မှ သွေဖည်သွားမည်မဟုတ်ဘဲ၊ ပြည်သူနှင့်အတူ စုပေါင်းအင်အားဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုသစ် ထူထောင်ရေး လုံးဝအောင်မြင်သည်အထိ ကြိုးပမ်းသွားမည်” ဟု ပါရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်သာ ငြိမ်းချမ်းရေးနှင့် လူသားများ ဆက်လက်ရှင်သန်ရေး ပြဿနာကို အခြေခံကျကျ ဆုံးခန်းတိုင် ဖြေရှင်းနိုင်ရန်အတွက် အာမခံချက် ပေးနိုင်လိမ့်မည်ဟု NLD အနေဖြင့် အလေးအနက် ယုံကြည်ကြောင်း၊ ထိုမှသာ ငြိမ်းချမ်းရေးနှင့် တောက်ပသည့် အလင်းရောင်များကို ပြည်သူအများ ကြည့်မြင် ခံစားနိုင်အောင် ဆောင်ကြဉ်းပေးနိုင်မှာ ဖြစ်ပါကြောင်းလည်း ဆိုထားသည်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သည့် ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား / မျိုးမင်းစိုး / ဧရာဝတီ

တိုင်းရင်းသား လူမျိုးများအားလုံး လက်တွဲမဖြုတ်စတမ်း၊ သွေးစည်းညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေး၊ ပြည်ထောင်စု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးကို ဦးတည်ရှေးရှုမှုကို လက်ခံလျက်၊ မည်သည့် လူမျိုးကိုမျှ အထူးအခွင့်အရေး မပေးရေးနှင့် လူမျိုးနွယ် လူမျိုးစုအားလုံး၏ ခံစားထိုက်၊ ခံစားအပ်သော မည်သည့် အခွင့်အရေးမျှ ချုပ်ချယ် ကန့်သတ်မှု မပြုရေးကို ဦးတည်ရှေ့ရှုမည်ဟု NLD ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုအထဲတွင် “တိုင်းရင်းသား လူမျိုးအားလုံးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍစသော နယ်အသီးသီး၌ ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ဦးတည် ရှေ့ရှုမည်” ဟုလည်း ပါရှိသည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများနှင့် ဖွဲ့စည်းတည်ထောင်ထားသည့် တိုင်းပြည်ဖြစ်သည့် အပြင် မတူညီသည့် ယဉ်ကျေးမှု၊ ဘာသာတရားများ စုစည်းရာ နေရာ တခုလည်းဖြစ်ကြောင်း၊ ၎င်းတို့ NLD ပါတီအနေဖြင့် ပြည်သူနှင့်အတူ စုပေါင်းပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နေသော နိုင်ငံရေး ပါတီဖြစ်သည်နှင့် အညီ အဖွဲ့ချုပ် ဝင်များသည် ပြည်သူလူထုအတွင်း မတူညီသူများ အတူတကွ အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့၏ သဝဏ်လွှာတွင်လည်း ဖော်ပြထားသည်။

ထိုအထဲတွင် “မိမိတို့ မြို့နယ် အသီးသီး ရပ်ကျေးအသီးသီး၊ ရပ်ကျေးအသီးသီးမှာ မှီတင်းနေထိုင်ကြတဲ့ မတူညီမှုများကို တန်ဘိုးထား၊ လေးစားခြင်းဖြင့် အဖွဲ့ချုပ်အဖွဲ့ဝင်ကောင်းများ ပီသအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ မတူညီတဲ့ ဘာသာတရားများ၊ မတူညီတဲ့ ယဉ်ကျေးမှုများကို အဖွဲ့ချုပ် အဖွဲ့ဝင်များက တန်ဘိုးထား၊ တလေးတစားဆက်ဆံကြဖို့ မေတ္တာ ရှေ့ထားပြီး တိုက်တွန်းအပ်ပါတယ်” ဟုလည်း ပါရှိသည်။

ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သည့် ပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် အခမ်းအနား / မျိုးမင်းစိုး / ဧရာဝတီ

NLD သည် အသွင်ကူးပြောင်းရေးကာလ၏ သဘာဝဖြစ်သော အကောက်အကွေ့ အလှုပ်အရမ်းများ ထိလွယ်၊ ရှလွယ် အကဲဆတ်မှုများနှင့် မသေချာ၊ မရေရာမှု အဖုံဖုံကိုလည်း သမာသမတ်ကျကျ သိက္ခာရှိရှိဖြင့် ချဉ်းကပ်ဖြစ်ကျော် နေရကြောင်းလည်း နှစ်သုံးဆယ်ပြည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူ မျက်မှောက်ခေတ် သမိုင်းကပေးသော ဖြစ်ပေါ်တိုးတက်မှုအသစ်များ၊ အတွေးအခေါ် အယူအဆသစ်များ၏ အတိုင်းအတာသည် NLD ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အပေါ် လွှမ်းခြုံစိန်ခေါ်လျှက်ရှိသည်ဟုလည်း ဆိုသည်။

NLD ပါတီသည် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်မှ စတင် ဖွဲ့စည်းခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်တွင် နှစ် ၃၀ ပြည့်ခဲ့ပြီး ဖြစ်သည်။

ထို နှစ် ၃၀ အတွင်း NLD ပါတီသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိထားသည်။

လက်ရှိတွင် NLD ပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိမှုကြောင့် အစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ် ထူထောင်နိုင်ရေးအတွက် ၂၁ ရာစု ပင်လုံ ညီလာခံကို ကျင်းပကာ ကြိုးပမ်းနေလျက် ရှိသည်။

NLD ပါတီ အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း ၂၁ ရာစု ပင်လုံ ညီလာခံကို ၃ ကြိမ် ကျင်းပ ထားပြီး ဖြစ်ရာ ဒုတိယအကြိမ် ညီလာခံတွင် ဖက်ဒရယ်အခြေခံမူ ၃၇ ချက်ကို ပြည်ထောင်စု အစိတ်အပိုင်း-၁ အဖြစ် သဘောတူညီချက် ရရှိထားပြီး တတိယအကြိမ် ညီလာခံ၌ ဖက်ဒရယ်အခြေခံမူ ၁၄ ချက်အား ပြည်ထောင်စု အစိတ်အပိုင်း-၂ အဖြစ် သဘောတူညီချက် ရရှိထားပြီး ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading