ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဌာနဆိုင်ရာများက တောင်းခံသည့် ဘတ်ဂျက်တွင် ကျပ်ဘီလီယံနှင့် ချီပြီး လိုငွေ ပိုငွေ ကွာဟ မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ပြည်သူ့ငွေ စာရင်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်တွင် ဖော်ပြထားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့ ငွေစာရင်း ကော် မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို စက်တင်ဘာလ ၂၆ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့ ငွေစာရင်း ကော်မတီ အတွင်း ရေးမှူး ဒေါ်သက်ထားနွယ်ဝင်း က“ရန်ကုန်တိုင်း ဘဏ္ဍာငွေ ရသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်) ကို လွှတ်တော်တွင် တင်ပြ ဆွေးနွေးပြီးချိန်မှ လွှတ်တော်သို့ ပြန်လည် တင်ပြချိန် ၃ လခန့် ရရှိ ပေမယ့်လည်း ဌာနအများစုဟာ မိမိတို့ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို အသေးစိတ် တွက် ချက် ထားမှု၊ ဒီဇိုင်း ကြိုတင် ရေးဆွဲထားမှု၊ မြေပြင်သို့ ကွင်းဆင်း လေ့လာပြီး အသုံးစရိတ် အနီးစပ်ဆုံး ဖြစ်စေရန် ပြန်လည် တွက်ချက်မှုတို့ မရှိပါဘူး”ဟု ပြောသည်။
ထိုကဲ့သို့ လုပ်ငန်း စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် အချိန် ကာလ၊ ဘဏ္ဍာငွေ လိုအပ်ချက်၊ Feasibility Study (လုပ်ငန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု)တို့ိကို ဆောင်ရွက်နိုင်ခြင်း မရှိသောအခါ အချိန် ကြာမြင့်လာသည့်နှင့် အမျှ ကုန် ကျစရိတ် များပြားလာသည့် အတွက် စီမံကိန်း ကာလနှင့် ကုန်ကျစရိတ်များကို သေချာစွာ တွက်ချက်သင့် ကြောင်း နိုင်ငံ တော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသည်ကို ပြည်သူ့ ငွေစာရင်း ကော်မတီ အစီရင်ခံစာ တွင် ဖော်ပြထားသည်။
ပြည်သူ့ ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အရ ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရှင်းမှ ဘဏ္ဍာ ငွေ တောင်းခံထားမှုများ အနက် ဆောင်ရွက်ပြီးသော လုပ်ငန်း ၄ ခုအတွက် ကျပ်ငွေ ၃၄၁ ဒသမ ၈၂၉ သန်း၊ ပြည်ထောင်စု အဆင့်က ဆောင်ရွက်သော လုပ်ငန်း ၆ ခုအတွက် ကျပ် ၄၉၆ ဒသမ ၉၅၀ သန်း ၊၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလ အထိ ၆ လ ဘတ်ဂျက်က သုံးစွဲပြီး လုပ်ငန်း ၉ ခု အတွက် ကျပ် ၆၁၃ ဒသမ ၉၆၃ သန်း စသည်ဖြင့် စုစုပေါင်း ဘဏ္ဍာငွေ သုံးစွဲရန် မလိုအပ်တော့သည့် လုပ်ငန်း ၁၉ ခုအတွက် တောင်းခံထားမှု ကျပ်ငွေ စုစုပေါင်း ၁၄၅၄ ဒသမ ၄၅၄ သန်း (၁ဘီလီယံခွဲ နီးပါး) ရှိကြောင်း သိရသည်။
ထို့ပြင် ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ စည်ပင်ပြင်ပ မြို့နယ်များတွင် ဆောင်ရွက်သော လုပ်ငန်း များ ကို စိစစ်ခဲ့ရာ တွက်ချက်မှုများ မှားယွင်းခြင်းကြောင့် စုစုပေါင်း လုပ်ငန်း ၄၇ ခုတွင် ပိုလျှံ ဘဏ္ဍာငွေ ကျပ်၂၂၁၃ ဒသမ ၃၂၆ သန်း ဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်း ၄၂ ခုတွင်မူ အသေးစိတ် တွက်ချက်မှု မှားယွင်းခြင်းကြောင့် ကျပ် ၆၅၀ ဒသမ ၀၄၅ သန်း လိုအပ်လျက် ရှိသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။
ကျောက်တံတား မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာက “ကျမတို့ ကိုယ်စားလှယ်တွေ တောင်းဆိုတာ ရှိပါတယ်။ ဌာနတွေကနေ သင့်တော်လို့ ထည့်တာတွေ ရှိပါတယ်။ မည်သို့ပင် ဆိုစေ ကျမတို့တွေက ဘတ် ဂျက်ကို စနစ်တကျ စိစစ်ပြီး သုံးစွဲဖို့ လိုတဲ့အတွက်ကြောင့် တကယ် လိုအပ်/မလိုအပ် လိုတာချင်း တူတူ ဆိုရင် တောင် မြို့သစ်ပိုင်းတွေ ရွာတွေ ရှိတဲ့ နေရာတွေကို ဦးစားပေး လုပ်ဖို့ အကြံပြု လိုပါတယ်။ လက်တွေ့ မြေပြင်မှာ လုပ် ဖို့ မလိုတဲ့ လုပ်ငန်းတွေ တွေ့ရတာ အများကြီး ရှိပါတယ်”ဟု ပြောဆိုသည်။
ဌာနအချို့သည် ဘဏ္ဍာငွေ လျာထား တွက်ချက်ရာတွင် မြေပြင် အခြေအနေကို ကွင်းဆင်း ကြည့်ရှုမှု မရှိခြင်း၊ တိုင်းတာ စစ်ဆေးမှု မရှိခြင်း၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၏ တောင်းဆိုမှုကြောင့် ဘဏ္ဍာငွေကို ချက်ချင်း လျာထား ထည့်သွင်းသည့် အခါ ခန့်မှန်း တကြောင်းတည်းသော ကိန်းဂဏန်း (One line Figure) ဖြင့် တောင်းခံခြင်းကြောင့် လုပ်ငန်း တခုချင်း အလိုက် ကော်မတီက စိစစ်ရာ ကျပ်သန်း ဆယ်ဂဏန်းမှ ရာဂဏန်း အထိ လိုငွေ ပိုငွေများ ဖြစ်ပေါ်နေကြောင်း ပြည်သူ့ ငွေစာရင်း ကော်မတီက ထောက်ပြခဲ့သည်။
၂၀၁၈-၂၀၁၉ လျာထား ဘတ်ဂျက်ကို ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ လွှတ်တော်သို့ ဆွေးနွေး တင်သွင်းခဲ့ရာတွင် ပါရှိ သည့် ရန်ကုန်မြို့တော် ဘဏ်တွင် နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ရန် အတွက် (ယခင် ဒေါ်လာဈေးဖြင့် ကျပ် သန်း ၆၈၀၀) ဒေါ်လာ ၅ သန်းနှင့်ညီမျှသော မြန်မာ ကျပ်ငွေကို ရင်းနှီးမြှုပ်နှံရန် ဆိုသည့် အချက်အား လွှတ်တော် ကိုယ် စားလှယ်များက အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်မှ ပြန်လည် ရောက်ရှိလာသည့် ဘတ်ဂျက် လျာထားချက်တွင် အဆိုပါ ရင်းနှီးမြှုပ်နှံသည့် အချက် ပြန်လည် ပါဝင်လာသည်။
ထိုသို့ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးသည် ယခု ဒေါ်လာ ဈေးတက်သည့် အချိန်နှင့် တွက်ကြည့်ပါက ကျပ် သန်းပေါင်း ၈၀၀၀ ခန့် ဖြစ်လာပြီး ယင်းငွေပမာဏကိုလည်း တလုံးတခဲတည်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ရန် မလိုအပ်သေးပါက အရေးကြီးသည့် တခြားသော ဖွံ့ဖြိုးရေး လုပ်ငန်း များကို ပြောင်းလဲ ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ ငွေစာရင်း ကော်မတီက ထောက်ပြခဲ့သည်။
ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက “ဘဏ်ကို ထည့်မှာ ကျနော်တို့ ကန့်ကွက် တာကို အခု ခွင့်ပြုထားတယ်။ ကျပ်သန်းပေါင်း ၆၈၀၀၊ ဒေါ်လာ ၅ သန်းနဲ့ ညီတဲ့ငွေ အခုဆိုလည်း ဒေါ်လာနှုန်းထားက ပြောင်းသွား ပြီ။ ဒီငွေတွေဟာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ပြောင်းလဲပြီးတော့ လုပ်သင့်ကြောင်း တင်ပြလိုပါ တယ်”ဟု လွှတ်တော်တွင် အကြံပြုခဲ့သည်။