တပ်မတော် ထိန်းချုပ်ထားသည့် ကချင်ပြည်နယ် တနိုင်းဒေသ ပယင်းနှင့် ရွှေမှော်များတွင် အစိုးရ အာဏာပိုင်များထံ အသိမပေးဘဲ တရား မဝင် ဝင်ရောက် တူးဖော် လုပ်ကိုင်မှုများ ရှိနေသည်ဟု တနိုင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦး က ပြောသည်။
တနိုင်းမြို့နယ် အတွင်းရှိ ပယင်းနှင့် ရွှေမှော်များမှာ ၂၀၁၇ ခုနှစ် မတိုင်ခင်တွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တပ်ရင်း ၁၄ က စီးပွားရေး လုပ်ငန်းရှင်များနှင့် လက်လုပ် လက်စားများကို ခေါ်ယူကာ အခကြေးငွေ ကောက်ခံ ၍ မှော်လုပ်ကွက်များ ချပေးပြီး စီးပွားရှာခဲ့သည့် နေရာများ ဖြစ်သည်။
ထို ပယင်းနှင့် ရွှေမှော်များမှာ KIA က လုပ်ကိုင်နေသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံးသည်ဟု ဆိုကာ ဒေသ ခံများ နှင့် မှော်လုပ်သားများကို နှင်ထုတ်၍ ၂၀၁၇ ခုနှစ် ဇွန်လတွင် တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်ကာ သိမ်းယူ လိုက် ပြီး ထိန်းချုပ်ထားသည်။
ဦးလင်းလင်းဦးက“တပ်မတော်က နယ်မြေ စိုးမိုးထားတယ်။ အဲဒီမှာ တချို့ လူပုဂ္ဂိုလ်တွေက တရားမဝင် ပယင်း တူး နေတဲ့ အနေအထားတွေ ကျနော်တို့ မဲဆန္ဒရှင်ပြည်သူတွေ တင်ပြလို့ နယ်မြေ သတင်းအရ သော်လည်းကောင်း၊ လူမှု ကွန်ရက် ကနေသော်လည်းကောင်း ကျနော်တို့ သိနေပါတယ်”ဟု ပြောသည်။
တရားမဝင် လုပ်ကိုင်နေသည့် မှော်များသို့ ရောက်ခဲ့သည့် ဒေသခံများဆီကလည်း သတင်း အချက်အလက်များ ရရှိ ထား သည်ဟု ဦးလင်းလင်းဦး က ဆိုသည်။
တပ်မတော် ထိန်းချုပ်ထားသည့် နယ်မြေအတွင်း တရားမဝင် သယံဇာတ တူးဖော်မှုများ ရှိနေသည် ဟူသည့် သတင်း ကို စက်တင်ဘာလ အစောပိုင်းက စတင် ကြားသိရခြင်း ဖြစ်ပြီး မှော်နယ်မြေများကို ကွင်းဆင်း လေ့လာရန်လည်း လွှတ်တော် ကိုယ်စားလှယ်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အစိုးရ အာဏာပိုင်များ အနေဖြင့် ဝင်ရောက်၍ မရသည့် အနေ အထားရှိနေသည် ဟု ၎င်းက ပြောသည်။
ဦးလင်းလင်းဦးက“သူတို့ စိုးမိုးထားတဲ့ နယ်မြေဆိုတော့ သူတို့ မသိဘူးလို့ ပြောလို့ မရဘူး။ သူတို့ စိုးမိုးထားတဲ့ နယ်မြေ မှာ တရားမဝင် လုပ်ငန်းတွေ ရှိနေတာကတော့ သူတို့ဆီမှာ တာဝန် တစုံတရာတော့ ရှိပါတယ်။သူတို့ မသိဘဲနဲ့ ဘာမှ တော့ လုပ်လို့ မရပါဘူး”ဟုလည်း ပြောဆိုသည်။
တည်ဆဲ ဥပဒေအောက်တွင် အလုပ်လုပ်ကိုင်နေကြသည့် အစိုးရ အာဏာပိုင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် အရပ်ဘက် ကိုယ်စားလှယ်များ ပယင်းမှော်နယ်မြေများ အတွင်း ဝင်ရောက် ကြည့်ရှုခွင့်ကို တပ်မတော်က စီစဉ်ပေး သင့် သည် ဟုလည်း ဦးလင်းလင်းဦး က ဆိုသည်။
KIA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း မြေပြင်မှ ရရှိသည့် သတင်းများ အရ တပ်မတော် က ထိန်းသိမ်းထားသည့် ပယင်းနှင့် ရွှေမှော်များတွင် ဝင်ရောက် တူးဖော် လုပ်ကိုင်နေသူများ ရှိနေသည်ဟု ပြောဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူက“လီဒိုလမ်းဘက်က ရွှေမှော်တွေမှာ ရွှေတူးနေကြတာတွေ အများကြီး ရှိနေတယ်။ သတ္တုတွင်း ဝန် ကြီးဌာနက ခွင့်ပြုချက် မရှိဘဲနဲ့ ရှေ့တန်းက တပ်မတော်နဲ့ ညှိပြီး တူးနေကြတာပါ။ ဒါတွေက တရားမဝင် ဖြစ်ပါ တယ်။ ကျနော်တို့ကိုတော့ တရားမဝင် သယံဇာတတွေ ထုတ်တယ်လို့ အပြစ်တင်ကြတယ်။ ကျနော်တို့ဘက်က ပြန် ကြည့်ရင် သူတို့လည်း အဲဒီလို လုပ်တယ်ဆိုတာ ပြန်တွေ့ရတယ်”ဟု ပြောသည်။
တိုက်ပွဲများ မဖြစ်ခင်ကာလ KIA ဘက်မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တနိုင်တပိုင် လုပ်သူများကို လုပ်ကွက်များ ချပေးပြီး လုပ်ကိုင်စဉ်ကလည်း တပ်မတော်၏ မြေပြင်မှ တပ်ရင်းမှူး၊ ဗျူဟာမှူးများက လက်ခံခဲ့ကြောင်း၊ လုပ်ငန်းသုံး စက်ယန္တရား များနှင့် ပစ္စည်းများ သွင်းရာတွင်လည်း မြေပြင်မှ တပ်မတော် အရာရှိ တချို့နှင့် ညှိနှိုင်း ဆောင်ရွက်ပြီးမှ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆက်လက်၍ ဗိုလ်မှူးကြီး နော်ဘူက “ရွှေမှော်တွေကလည်း သူတို့ တပ်ရင်းမှူးတွေနဲ့ တွဲပြီးလုပ်ခဲ့တဲ့ ရွှေမှော်တွေပဲ ဖြစ်ပါ တယ်။ ဥပမာ- ယန္တရားတွေပေါ့။ တပ်မတော် မသိဘဲ အစိုးရ မသိဘဲ အဲဒီလောက်ကြီးတဲ့ ယန္တရားတွေက KIO/KIA က လုပ်လို့ မဖြစ်ပါဘူး။ သူတို့ရှေ့တန်းက လူကြီးတွေနဲ့ ညှိနှိုင်းပြီးမှ လုပ်ခဲ့တာလို့ ပြောလိုပါတယ်” ဟု ပြော သည်။
အထက်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော်၏ ပြောရေးဆိုခွင့် ရှိသူများကို မေးမြန်းရန် ဧရာဝတီက ဖုန်းဖြင့် အကြိမ် ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပါ။
ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာ အနီးနှင့် တနိုင်းမြို့နယ် အတွင်းရှိ ပယင်း၊ ရွှေနှင့် အခြား ကျောက်မျက် ရတနာများ ထွက် ရှိသည့် နေရာများကို KIA က တရုတ် နိုင်ငံသားများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တနိုင်တပိုင် လုပ်ကိုင်သူ များ ကို ငွေကြေး တောင်းခံကာ လုပ်ကွက် ချပေးမှုများ လုပ်ကိုင်ခဲ့သည်။
၂၀၁၆ ခုနှစ်တွင် ရှဒူးဇွပ် ကျေးရွာ အနီး တရုတ် နိုင်ငံသားများ တူးဖော်နေသည့် ရွှေမှော်များကို တပ်မတော်က ဝင်ရောက် သိမ်းဆည်းရာ KIA နှင့်ပါ စစ်ရေး တင်းမာပြီး ဒေသခံ ၂၀၀ ကျော် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
၂၀၁၇ခုနှစ် ဇွန်လတွင် တနိုင်းမြို့နယ်အတွင်း လုပ်ကိုင်နေသည့် KIA ၏ ပယင်းမှော်အားလုံးမှာ နိုင်ငံတော် ဘဏ္ဍာငွေ ဆုံး ရှုံးနေပြီး တူးဖော်မှုများကြောင့် သဘာဝ ပတ်ဝန်းကျင် ဆုံးရှုံးနေသည်ဟု ဆိုကာ တပ်မတော်က ဒေသခံ ၁၀၀၀ ကျော် ကိုလည်း ဒေသမှ ထွက်ခွာရန် စာကျဲပြီး တိုက်ပွဲများ ဆင်နွှဲခဲ့သည်။
တနိုင်း တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင် ဒုက္ခသည်များ ဖြစ်လာပြီး ပယင်းလုပ်ငန်း လုပ်ကိုင် နေ သည့် စီးပွားရေး လုပ်ငန်းရှင်များ၊ အခကြေးငွေဖြင့် ကျင်းလာတူးသူများ စုစုပေါင်း ၂ သိန်းဝန်းကျင် ထွက်ပြေးခဲ့ရ သည်။
တနိုင်းမြို့နယ် အတွင်း ၂၀၁၇ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ် ဧပြီလထိ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ပြီး နောက်ပိုင်း တွင် တနိုင်းဒေသ၏ ကမ္ဘာကျော် နမ်ဗျူ ပယင်းမှော်နှင့် အခြား တုံမဏီ၊ အွယ်လော၊ အင်ဂါးဂါး၊ ဇီးဖြူကုန်း စသည့် နေရာ များကို တပ်မတော်က ထိန်းချုပ်ထားခြင်း ဖြစ်သည်။
တနိုင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလင်းလင်းဦးနှင့် ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးတင့်စိုး တို့က ပယင်းမှော်နှင့် ရွှေမှော်များတွင် တရားမဝင် ဝင်ရောက် လုပ်ကိုင်မှုများကို တားဆီးနိုင်ရန် အသေးစားနှင့် လက်လုပ်လက်စားများကို တရားဝင် လုပ်ကွက်များ အမြန်ဆုံးချပေးရန်လည်း စက်တင်ဘာလ ၁၇ ရက်က သမ္မတထံ စာပို့ တောင်းဆိုထားသည်။
ဦးလင်းလင်းဦးက“အခွန်အခနဲ့ တရားဝင် ဖြစ်ဖို့ဆိုတာ တပ်မတော်က ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုတယ်။ ပူးပေါင်း ဆောင်ရွက်ပေးဖို့ လိုတယ် ဆိုတာက KIO ထိန်းချုပ် တုန်းကလည်း သူတို့ပြောခဲ့တဲ့ စကားတွေ ရှိတာပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်ငံတော်ရဲ့သယံဇာတ ဆုံးရှုံးမှု မရှိစေဖို့ တပ်မတော်ဘက်မှာ တာဝန် အများကြီး ရှိတယ်”ဟု ပြောသည်။
ကချင်ပြည်နယ် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးHလအောင်က တနိုင်း မြို့ နယ်အတွင်း နိုင်ငံတော် အစိုးရမှ သတ်မှတ်ထားသည်မှာ အကြီးစားနှင့် အလတ်စား လုပ်ငန်းများသာ ဖြစ်သဖြင့် ပြည် ထောင်စု အစိုးရက ကိုင်တွယ်ရမည့် နေရာများ ဖြစ်ကြောင်း၊ သို့သော် တိုက်ပွဲများ ဖြစ်ပွားပြီး နောက် နိုင်ငံတော် က သတ်မှတ်ထားခြင်း မရှိသေးသည့် နေရာများကို အသေးစား၊ လက်လုပ် လက်စား လုပ်ကွက်များ ချပေးရန် ပြည်နယ် အစိုးရကို တင်ပြလာခြင်းများ ရှိကြောင်း ပြောသည်။
ဒေသခံများ အနေဖြင့် ၎င်းတို့ ဒေသအတွင်း လုပ်ကိုင်စားသောက်ရန် ပယင်းနှင့် ရွှေမှော်များသာ ရှိသဖြင့် ယခင် KIA က လုပ်ကွက်များ ဖော်ပေးရာတွင် ငွေကြေးပေးဆောင်ကာ သွားရောက် လုပ်ကိုင်ကြကြောင်း၊ ယခုအခါ အစိုးရက အခွန် ဆောင်ခိုင်းပြီး တရားဝင် လုပ်ကွက်များ ချပေးမည် ဟူသည်ကိုလည်း ဝမ်းသာကြောင်း ဒေသခံများထံမှ ကြား သိရသည် ဟုလည်း ဦးHလအောင် က ဆိုသည်။
ကချင်ပြည်နယ် ဝန်ကြီးချုပ်က လက်ရှိ အခြေအနေတွင် ခွင့်မပြုသေးကြောင်း ပြောဆိုထားသဖြင့် ကွင်းဆင်း စစ်ဆေး မှု များလည်း ရပ်တန့်ထားကြောင်း၊ ပြည်နယ်အစိုးရ အနေဖြင့် အကွက်ဖော်ပေးရန် ၅၄ ကွက်ရှိရာ ၆ ကွက်ကိုသာ တိုင်းတာ ထားသေးကြောင်း၊ လက်ရှိတွင် လုပ်ကွက်ချထားပေးခြင်းများ မရှိကြောင်းလည်း ပြောသည်။
လက်ရှိတွင် တနိုင်းမြို့နယ် အတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည် ဟူသည့် သတင်းများနှင့် ပတ်သက်၍ မေး မြန်းရာ ဦးHလအောင်က “စစ်တပ်ပိုင်း ဆိုင်ရာတွေကို ကျနော်တို့က ဝင်လည်း မဝင်ဘူး။ သိလည်း မသိဘူး။ သူတို့ လည်း အဝင်မခံဘူး။ အဲဒီတော့ သူတို့အကြောင်းကို ကျနော်တို့ ပြောလည်း မပြောဘူး”ဟု ပြောဆိုသည်။