တက္ကစီယာဉ်မောင်းအား စက်တင်ဘာ ၂၆ ရက်နေ့ မနက် ၂ နာရီခွဲခန့်က ဓားထောက်လုယက်ခဲ့သူနှစ်ဦးအနက် ကျော်ဇင်ထွန်း (ခ) စမွတ်ဆိုသူအား ယမန့်နေညနေပိုင်းက ဖမ်းမိခဲ့ပြီး ကျန်တဦးအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း တာမွေမြို့မရဲစခန်းက ပြောသည်။
အမှုနှင့်ပတ်သက်ပြီး တဦးတယောက်မှ အမှုလာရောက်ဖွင့်လှစ်ခြင်းမရှိခဲ့သော်လည်း လုယက်ခံရသည့် ဗီဒီယိုဖိုင်မှာ Facebook ပေါ်တွင် ပျံ့နှံခဲ့ပြီးနောက် တာမွေမြို့နယ်ရဲစခန်းက (ပ) ၉၃၅/၂၀၁၈ ၊ ခြိမ်းခြောက်လုယက်မှု ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဖမ်းမိထားသည့် ကျော်ဇင်ထွန်းအား ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်၊ ရန်ငြိမ်းလမ်းသွယ် (၂) အတွင်းရှိ ၎င်း၏နေအိမ်တွင်ပင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အေးချမ်းပိုင် ဆိုသူအား ဆက်လက်စုံစမ်းလျှက်ရှိကြောင်း သိရသည်။
တာမွေမြို့မရဲစခန်း တာဝန်ရှိသူတဦး က “တဦးပဲမိသေးတယ်၊ ကျန်တဲ့တယောက်ကို စုံစမ်းနေဆဲပါ၊ စဖြစ်တုန်းက အမှုဖွင့်တာ မရှိခဲ့ပေမယ့် အခုမိပြီဆိုတော့ ခံလိုက်ရတဲ့ ကာယကံရှင်ကို ဆက်သွယ်ထားတယ်၊ သူကအမှုဖွင့်မဖွင့်တော့မသိသေးဘူး၊ အခုမနက်ပဲ တရားရုံးမှာ ရမန်ယူထားတယ်” ဟု ပြောသည်။
၎င်းတို့နှစ်ဦးအနေဖြင့် အငှားယာဉ်အား စီဒိုးနားဟိုတယ်ရှေ့၊ အင်းလျားကန်ဘောင်ဘေးမှ ပုဇွန်တောင်ဈေးသို့ ကျပ် ၂၅၀၀ ဖြင့်ငှားရမ်းခဲ့ပြီး ဈေးသို့ရောက်ရှိစဉ် ၎င်းတို့သူငယ်ချင်းမရှိတော့ဟုဆိုကာ မင်္ဂလာဈေးသို့ ထပ်မံပို့ဆောင်ခိုင်းခဲ့ပြီးနောက် မအူကုန်းရပ်ကွက်၊ ၁၃၃ လမ်းထဲအရောက်တွင် တဦးမှဓားထုတ်ကာ လုယက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
လုယက်မှုတွင် ၎င်းတို့နှစ်ဦးအနေဖြင့် တက္ကစီယာဉ်မောင်းထံမှ ငွေကျပ် ၈ သောင်းနှင့် Huawei ဖုန်းတလုံးတို့အား ယူဆောင်သွားခဲ့ကြောင်းလည်း သိရသည်။
ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၈၆ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။