၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည့် မန္တလေးမြို့ရှိ ဗုဒ္ဒဘာသာရဟန်းတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ယင်းတော်လှန်ရေး ၁၁ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မစိုးရိမ်တိုက်ဟောင်းရှိ ပါဠိနုပဒေသ ကျောင်းတိုက်တွင် စက်တင်ဘာ ၂၅ရက်နေ့က ကျင်းပခဲ့ကြ သည်။
အချိန်ကာလအားဖြင့် ၁၁ နှစ်ကြာခဲ့ပြီဖြစ်သော်လည်း ယင်းတော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ရဟန်း တော်များနှင့် လူပုဂ္ဂိုလ် များက မိမိတို့တိုင်းပြည်တွင် ယနေ့ထက်တိုင် ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီမရရှိသေးသည့်အပေါ် စိတ်ထိခိုက်ခံစားနေရဆဲဖြစ်ကြောင်း ပြောကြသည်။
“ ၁၁နှစ်အတွင်းမှာ နိုင်ငံရေးအခြေအနေက အများကြီးပြောင်းလဲပြီး တိုးတက်လာတယ်ဆိုပေမယ့် နိုင်ငံထဲမှာက ငြိမ်းချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီကင်းမဲ့နေတာ ခံစားနေရတုန်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ကန့်သတ်ထားတာတွေ အများကြီးရှိနေ တာကြောင့် အရပ်သားအစိုးရအနေနဲ့ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝ ရှိမနေလို့ပဲ” ဟု ၂၀၀၇ ခုနှစ် မေတ္တာပို့လမ်းလျှောက်ချီတက်ရာတွင် ပါဝင်ခဲ့သည့် ပခုက္ကူမှ ဆရာတော် ဦးစိန္တိတ က မိန့်သည်။
“တကယ်လို့ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေး ကလည်း အလှမ်းဝေးနေဦးမယ်။ ဒီအတွက်တိုင်းပြည်ဖွံ့ ဖြိုး တိုးတက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်” ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
၂၀၀၇ ခုနှစ် သြဂုတ်လ စစ်အစိုးရလက်ထက်တွင် လောင်စာဈေးနှုန်းအဆမတန်မြှင့်တင်လိုက်မှု ကြောင့် တက်ကြွလှုပ်ရှား သူများက ဆန္ဒထုတ်ဖော်မှုများ ပြုခဲ့ကြသည်။
ထင်ရှားသည့် တက်ကြွလှုပ်ရှားသူများဖြစ်သော ဦးမင်းကိုနိုင်၊ ဦးမင်းဇေယျ၊ ဦးကိုကိုကြီး၊ ဦးအံ့ဘွယ်ကျော်၊ ဦးမြအေး၊ ဒေါ်နီလာသိန်း၊ ဒေါ်မီးမီး(ကွယ်လွန်)နှင့် ဦးထင်ကျော် စသူတို့ ဖမ်းဆီးခံခဲ့ရကာ နောက်ပိုင်းတွင် ၎င်းတို့ကို တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် ခေါင်းဆောင် လှုပ်ရှားသည်ဟုဆိုကာ စစ်အစိုးရက စွဲချက်တင် အရေးယူခဲ့သည်။
ထိုနှစ် စက်တင်ဘာလ ၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင် သံဃာတော်များသည် မြို့၏ အထင်ကရ လမ်းမပေါ် စီတန်းလှည့်လည်၍ ဆုတောင်းမေတ္တာပို့ကာ ဖမ်းဆီးထားသော တက်ကြွ လှုပ်ရှားသူများကို ပြန်လွှတ်ပေး ရေးနှင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သည်။
စီတန်းလှည့်လည်မှုတွင် ပါဝင်သည့် သံဃာတော် ၃ ပါးကို စစ်သားများက ဓာတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ပြီး ရက်ရက် စက်စက်နှိမ်နင်းခဲ့မှုကြောင့် နိုင်ငံတဝန်းရှိ သံဃာတော်များအကြား အမျက်ထွက်သွားစေခဲ့သည်။
နောက်တနေ့တွင် ဒေသဆိုင်ရာအစိုးရတာဝန်ရှိသူများက ဆန္ဒထုတ်ဖော်မှုရပ်တန့်ရန် ဘုန်းကြီး ကျောင်းသို့ ရောက်ရှိလာ သောအခါ ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်ဖျက်ဆီးခံရပြီး ကျောင်း တိုက်တွင်းရှိ သံဃာများက ၎င်းတို့ကို ဓားစာခံ အဖြစ် နာရီအနည်းငယ်ကြာအောင် ထိန်းသိမ်းခဲ့သည်သည်။
ထိုသို့ အခြေအနေများကြောင့် သံဃာများနှင့်အစိုးရတာဝန်ရှိသူအကြား တင်းမာမှုများ ဆက်တိုက်ဖြစ် ပေါ်ခဲ့ပြီး သံဃာများ ဘက်မှ အရိုက်နှက်ခံရသောသံဃာ ၃ ပါးကိစ္စ စက်တင်ဘာ ၁၇ ရက်နောက်ဆုံး ပြန်လည်ဝန်ချတောင်းပန်ရန် တောင်းဆို လိုက်သည်။
စက်တင်ဘာလ ၂၂ ရက်တိုင်အောင် စစ်အစိုးရဖက်မှ ဝန်ချတောင်းပန်မှုမရှိခဲ့သည့်အတွက် ရန်ကုန်မြို့ တွင် သံဃာရာ ဂဏန်းနှင့်ချီ၍ လမ်းမပေါ် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ကြသည်။
မန္တလေးမြို့နှင့်အခြားမြို့ကြီးများတွင်လည်း သံဃာ များအပြင် သီလရှင်များနှင့် ဒါယကာ၊ ဒါယိကာမများပါ စီတန်းလှည့်လည်မေတ္တာပို့မှုများ ပြုခဲ့ကြသည်။
ထိုသို့ ငြိမ်းချမ်းရေးဆန္ဒထုတ်ဖော်မှုများ ၄ ရက်ကြာဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၂၆ ရက်တွင် စစ်အစိုးရက ရန်ကုန်မြို့တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများ၊ စစ်သားများဖြင့် လူစုလူဝေးအတွင်းသို့ မျက်ရည်ယိုဗုံးခွဲခြင်း၊ ဆန္ဒထုတ်ဖော်သူများကို ရိုက်နှက်ခြင်းတို့ပြုလုပ်ပြီး ရက်ရက်စက်စက် စတင် ဖြိုခွင်းခဲ့သည်။
နောက်ရက်များတွင်လည်း ဆက်လက်ဖြိုခွင်းခဲ့ပြီး ရန်ကုန်မြို့နှင့်အနီးတဝိုက်ရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ သံဃာတော်ဒါဇင်လိုက်ကို ဖမ်းဆီးခြင်း၊ အတင်းအဓမ္မ လူဝတ်လဲစေ၍ ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။
ယင်းနောက် နောက်ရက်များ၌ နိုင်ငံတဝန်းမှ သံဃာ ၂၀၀ နှင့်တက်ကြွလှုပ်ရှားသူ နှင့်ဆန္ဒထုတ်ဖော် သူ ၅၀၀ ထက်မနည်း ဖမ်းဆီးပြီး ထောင်ချခဲ့သည်။
၂၀၁၁ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးသိန်းစိန်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဖမ်းဆီး ထောင်ချသူအားလုံးကို ပြန်လွှတ်ပေးခဲ့သော်လည်း သံဃာအများစုကို ၎င်းတို့ကျောင်းတိုက် အသီးသီးက နေထိုင်ရန် ပြန်လည်လက်ခံခြင်း မရှိခဲ့ပေ။
“မူလသီတင်းသုံးရာ ကျောင်းတိုက်တွေထဲ ပြန်ကြွခွင့်မရတဲ့ သံဃာတွေ အများကြီးပဲ။ တက်ကြွ လှုပ်ရှားတာကြောင့် မူလ ကျောင်းတိုက်တွေက လက်မခံဘူးဆိုတာတွေရှိတုန်းပဲ။ တချို့က ရင်းနှီးတဲ့ မိတ်ဆွေသံဃာတွေရဲ့ကျောင်းမှာ တည်းခို သီတင်းသုံးရတယ်။ အဲ့ဒီလိုဖြစ်တော့ တချို့သံဃာတော် တွေအတွက်က ပရိယတ္တိ စာဝါလိုက်ခွင့်တွေပါ ကန့်သတ်ခံရသလို ဖြစ်သွားတယ်” ဟု ဆန္ဒထုတ်ဖော်မှု တွင် ပါဝင်ခဲ့သည့် နောက်ထပ်သံဃာတပါးဖြစ်သော ဦးအာစရိယက မိန့်သည်။
“အဲဒီအချိန်တုန်းက လူမဆန်အောင် ပြုမူပြီး အခုချိန်ထိ တောင်းပန်ဖို့ပျက်ကွက်တဲ့ စစ်အစိုးရကို စိတ်ပျက်နေတုန်းပါပဲ။ သူတို့လှူဒါန်းထောက်ပံ့တာကို လက်မခံခြင်းအားဖြင့် ဦးပဉ္စင်းတို့ ပတ္တနိကုဇ္ဇန ကံဆောင်ထားဆဲပါပဲ” ဟု ဦးအာစရိယက မိန့်သည်။
ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် ဖော်ပြသည့် ဇာနည်မာန်ရေးသားသော 11 Years On, Monk Protesters Still Await an Apology for Brutal Public Beatings ကို ဘာသာပြန်သည်။