နေပြည်တော် ကောင်စီနယ်မြေ အတွင်း နယ်မြေ လုံခြုံရေး တိုးမြှင့်သည့် အနေဖြင့် ကာဂိတ်များနှင့် လူစည်ကားရာ နေရာများကို တားမြစ် ပစ္စည်းများ ပါဝင်ခြင်းရှိ မရှိကို ရှောင်တခင်ဝင်ရောက် စစ်ဆေးသွားမည်ဟု သတင်းရရှိသည်။
နေပြည်တော် ၈ မြို့နယ်အတွင်း အဝေးပြေးယာဉ်များ အများဆုံးရပ်နားသည့် ဘောဂသီရိ ကားကွင်းအတွင်း စက်တင်ဘာ ၂၆ ရက်နေ့မှ စပြီး ကားဂိတ်များတွင် လူမပါသည့် ပါဆယ်များကို အဓိကထား စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ ရှာဖွေရာတွင် မူးယစ်ဆေးဝါး၊ ဖောက်ခွဲရေး ပစ္စည်းများ ၊ တရားဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ ကို အဓိကထား၍ ရှာဖွေ စစ်ဆေးသည်ဟု ပျဉ်းမနားနယ်မြေ ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမြင့်နိုင်က ပြောသည်။
ရဲမှူး အေးမြင့်နိုင် က “နေ့တိုင်းရှာမှာတော့ မဟုတ်ပါဘူး။ ရှောင်တခင် ရှာဖွေတာ ဖြစ်ပါတယ်။ ပျဉ်းမနား မြို့မှာ ပထမဆုံး ရှာဖွေတာ ဖြစ်ပါတယ်။ လုံခြုံရေး တိုးမြှင့်ရန် အတွက် ရှာဖွေတာပါ။ မူးယစ်ဆေးဝါးတွေ များလာတာလည်း ရှိတယ်။ ပါဆယ်တွေနဲ့ ပို့မှာ စိုးလို့ရယ်၊ မလိုအပ်တဲ့ ကိစ္စတွေ မဖြစ်ဖို့အတွက် ဗုံးခွဲတာ ဘာညာ ဖြစ်လာမှာ စိုးလို့ ကြိုတင် ကာကွယ်ရခြင်း ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ လုံခြုံရေးအတွက် အပတ်စဉ် အင်္ဂါ၊ စနေ နေ့များတွင် စစ်ဆေးလျက် ရှိကြောင်း၊ ယခုအခါ အသစ်ရောက်လာသည့် ပျဉ်းမနား မြို့နယ် ရဲတပ်ဖွဲ့မှူးက ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းလာသဖြင့် လူအင်အား တိုးမြင့်၍ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နေပြည်တော် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (အဝေးပြေး)မှ လက်ထောက်ဌာနမှူး ဦးအောင်ကျော်နိုင်က ပြောသည်။
ဦးအောင်ကျော်နိုင် က “စစ်တာက အခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ကာလတွေထဲက စစ်တယ်။ တပတ်ကို ၂ ကြိမ်စစ်တယ်။ ဘယ်သူတွေနဲ့ ဘယ်ဟာက ဘယ်လောက် စစ်တယ်ဆိုတာ တောက်လျောက် နေပြည်တော်ကောင်စီ တင်ရတယ်။ ဒါကတော့ ပုံမှန်လုပ်နေကြပါ” ဟု ပြောသည်။
ရှာဖွေ စစ်ဆေးရေးတွင် ပါဝင်သူ ပျဉ်းမနားမြို့မ ရဲစခန်းမှ ရဲအုပ် စိုင်းကျော်လွင် က “မိုင်းရှာတဲ့စက်နဲ့ လိုက်စမ်းတာပေါ့၊ အထဲမှာ သတ္တုလို ပစ္စည်းပါရင်ကို အချက်ပေးတယ်။ အပြင်ဂျက်ဖာဗုံးမှာ စတာပလာကို ထိမိရင်တောင် သူက အသံမြည်တယ်။ အဲ့တော့ မသင်ကာရင်တော့ ပါဆယ်ဗုံးကို ဖောက်စစ်တယ်။ ပစ္စည်းတိုင်းတော့ ဖောက်မစစ်ပါဘူး” ဟု ရှင်းပြသည်။
ထိုသို့ ရှာဖွေရာတွင် BE တပ် (တပ်မတော်မှ မိုင်းရှာသည့် အဖွဲ့)၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၊ စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (အဝေးပြေး)၊ အုပ်ချူပ်ရေးမှူး အဖွဲ့များ ပူးပေါင်း၍ ရှာဖွေလျက်ရှိသည်။
နေပြည်တော် – ရန်ကုန် သို့ လူမဲ့ ပစ္စည်း အမြဲပို့နေသူ ဒေါ်နီလာထွန်း က “ကိုယ်ကပစ္စည်းကို သေချာထုတ်ပိုးပီးမှ ပို့လိုက်တာလေ၊ သူတို့က ဖွင့်ဖောက်ပြီးရင် ကိုယ့်လက်ရာ အတိုင်း ပြန်ပိတ်ပေးမှာလား အဲ့ဒါကိုဘယ်လိုတာဝန်ယူမှာလဲ ဒါကတော့ စိုးရိမ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများကို ပျဉ်းမနားရှိ ဘောဂသီရိ ကားကွင်း အပြင် မြို့မဈေး၊ သပြေကုန်းဈေး အပါအဝင် အခြား လူစည်ကားရာ နေရာများတွင်လည်း ရှာဖွေ စစ်ဆေးသွားမည်ဟု သိရသည်။
လူစည်ကားဆုံးမြို့ကြီးများဖြစ်သည့် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင်လည်း လုယက်မှု၊ လူသတ်မှု များမှာ ခပ်စိပ်စိပ် ဖြစ်ပေါ်မှုများ ရှိနေခြင်းကြောင့် ပြည်သူများ အထိတ် တလန့် စိုးရိမ်မှုများ ဖြစ်ပေါ်နေခြင်းကို လူမှုကွန်ရက် စာမျက်နှာပေါ်၌ ရေးသားဖော်ပြမှုများ လည်းတွေ့ရသည်။
ပျဉ်းမနားဒေသခံတဦးဖြစ်သူ ဦးဝင်းနိုင်အေးက လည်း “ဘာပဲဖြစ်ဖြစ် အခုလို စစ်ဆေးတာ ကြိုက်တယ်။ ပြဿနာဟာ မဖြစ်ခင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးပဲ။ ရဲတွေလည်း အခုနောက်ပိုင်း အတော်လေး အလုပ်လုပ်လာကျတာ တွေ့ရတော့ ပြည်သူတွေ အတွက် တကယ်ဝမ်းသာစရာပါ” ဟု ပြောသည်။
ထိုသို့ စစ်ဆေးမှု များပြုရန် အတွက် အထက်အရာရှိများမှ ညွှန်ကြားချက်ဖြစ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ နယ်ဝေးမှ ပို့လိုက်သည့် လူမပါသည့် ပါဆယ်အိတ်များကို အဓိက စစ်ဆေးလျက်ရှိကြောင်း၊ ယခု လက်ရှိ အချိန်ထိ မသင်ခါဖွယ်ရာ ပစ္စည်း တစုံတရာ မတွေ့ရှိ သေးကြောင်း ဦးအေးမြင့်နိုင်ကပြောသည်။