မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်ရှိ ဒက္ခိဏာရာမ ဘုန်ကြီးကျောင်းအတွင်း ကျည်ဆံများနှင့် တုတ်၊ ဓား၊ လှံ စသော လက်နက်များ တွေ့ရှိ၍ ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိသည်။
အဆိုပါ လက်နက်များကို စက်တင်ဘာ ၂၇ ရက် မွန်လွဲပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောင်းထိုင် ဆရာတော် ဥူးပညာသာရ (လူအမည် – ဦးမိုးကျော်) အပါဝင် အရပ်သာ ၁၁ ဦးတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။
မူးယစ်ဆေးဝါးသတင်းအရ ဒက္ခိဏာရာမဘုန်းကြီးကျောင်းကို မော်လမြိုင်မြို့နယ် သံဃနယကအဖွဲ့မှ ဆရာတော်များနှင့်အတူ ရဲတပ်ဖွဲ့က ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်ရှာဖွေချိန် ကျောင်းထိုင်ဆရာတော် ဥူးပညာသာရ၏ အခန်းအတွင်းရှိ ဘီဒိုထဲတွင် အရက်ပုလင်းများတွေ့ရှိခဲ့ရပြီး ဥူးပညာသာရမှာလည်း အရက်သေစာ သောက်စားထားသည်ဟု ရဲတပ်ဖွဲ့မှ ဆိုသည်။
ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သော ၉ မမ ကျည် ၈ တောင့်မှာ ဥူးပညာသာရ၏ အိပ်ရာဘေးရှိ မြေအိုးအတွင်းမှ ရရှိခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။
ထို့နောက် ဘုန်းကြီးကျောင်းအတွင်း ဆက်လက်ရှာဖွေခဲ့ရာ တုတ်၊ ဓါး၊ လှံများစွာကို တွေ့ရှိခဲ့သဖြင့် ယင်းဘုန်းကြီးကျောင်းမှ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၃ ဦးကိုပါ ခေတ္တထိန်းသိမ်း၍ မုပွန်နယ်မြေရဲစခန်းတွင် စစ်ဆေးလျက်ရှိသည်။
ယင်းကိစ္စများကြောင့် ဒက္ခိဏာရာမဘုန်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးပညာသာရကို လူဝတ်လဲဖမ်းဆီးပြီး မုပွန်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅-က အပြင် လက်နက်ပုဒ်မ ၁၉ (စ) တို့ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း မုပွန်နယ်မြေရဲစခန်းမှ သိရသည်။