ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် လောင်းချောင်း မြစ်ကြောင်းအတွင်း ဂုံးကောင်များ အစုအပြုံလိုက်သေဆုံးမှု ဖြစ်စဉ်မှာ ရေထု ညစ်ညမ်းမှုကြောင့် မဟုတ်ကြောင်း ကျောက်ဖြူ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ပြောသည်။
အဆိုပါ ဂုံးကောင်များ အစုအပြုံလိုက် သေဆုံးမှုသည် မိုးတွင်းကာလ ရေချိုများ ဝင်ရောက်ရှိခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် သက်တန်းစေ့ပြီး သေဆုံးခြင်း စသည့် အချက် ၃ ခုကြောင့် ဂုံးကောင်များ သေဆုံးခြင်းများ ဖြစ်နိုင်ကြောင်း ခရိုင် ငါးလုပ်ငန်းဦးစီးဌာနက ဆိုသည်။
ဂုံးကောင်များ အစုအပြုံလိုက် သေဆုံးနေသည်ဆိုသည့် သတင်းကြောင့် စက်တင် ဘာလ ၂၄ ရက်နေ့က ကျောက်ဖြူ ခရိုင် ငါးလုပ်ငန်း ဦးစီး ဌာနအပါ အဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ပြီး လေ့လာတွေ့ရှိချက်များကို ငါးလုပ် ငန်းဦးစီးဌနမှ ယင်းသို့ ထုတ် ဖော်ပြောဆိုခြင်း ဖြစ်သည်။
ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးဦးထွန်းသိန်း က “ကျနော်တို့သွားကြည့်တော့ ဂုံးသေးသေးလေးတွေ သေတာကို တွေ့တယ်။ တခြား ခရုတွေ၊ ဂုံးကြီးကြီးတွေလည်း အသက်ရှင် လျှက်တွေ့တယ်။ မိုးတွင်းမှာ ရေချိုဝင်တိုးလို့ ရှိရင်လည်း သေတယ်။ အပူချိန်မြင့်လို့ ရှိရင် လည်း သေတယ်။ သက်တမ်းကုန်သွားရင်လည်း သေတယ်။ အဲလို ကျနော်တို့ သုံး သပ်ပါတယ်ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ကျောက်ဖြူခရိုင် လောင်းချောင်း မြစ်ကြောင်းတွင် ဂုံးကောင်များ အစုအပြုံလိုက်သေဆုံး ရခြင်းမှာ ပြီးခဲ့သော ဇူလိုင်လ အတွင်းက မဒေးကျွန်းတဝိုက်တွင် ရေမဲများ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ် နောက်ပိုင်းကတည်းက ဂုံးကောင်းများ သေဆုံးမှုမှာ တဖြည်းဖြည်း များပြားလာနေသည်ကို တွေ့မြင်နေရကြောင်းလည်း ဒေသခံများက ပြောကြသည်။
ဂုံးကောင်များ သေဆုံးမှု ဖြစ်ပွားနေကြောင်း စက်တင်ဘာလ ၂၂ ရက်နေ့က ကိုယ်တိုင် သွားရောက်လေ့ လာခဲ့သူလည်းဖြစ်၊ ဌာဆိုင်ရာများနှင့် ကွင်းဆင်းလေ့လာခဲ့ရာတွင်လည်း ပါဝင်ခဲ့သူ အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ကိုမျိုးလွင်ကတော့ မိုးများပြီး ရေချိုဝင်ရောက်မှုကြောင့် ဂုံးကောင်များ သေဆုံးသည်ဆိုခြင်းမှာ မဖြစ် နိုင်ကြောင်း ပြောသည်။
ကိုမျိုးလွင် က “ပြီးခဲ့တဲ့လက မိုးက ဒီလောက်ရွာခဲ့တာမရှိဘူး။ တခြားနှစ်တွေမှာလည်း သေဆုံးတဲ့ အလေ့အထလည်း မရှိဘူး။ ကျနော်တို့ကတော့ အဲဒီ ရေမဲကြောင့်ဖြစ်တယ်လို့ အဓိကပြောလို့ ချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ကျောက်ဖြူ ခရိုင် မြစ်ကြောင်းအတွင်း ဂုံးကောင်များ သေဆုံးရခြင်းမှာ ရေထုညစ်ညမ်းမှုကြောင်းဆိုလျှင် တခြားသော ခရုကောင်များနှင့် ရေသတ္တဝါးများမှာလည်း သေဆုံးရမည် ဖြစ်ကြောင်း ကျောက်ဖြူ ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ဆိုသည်။
ဦးဦးထွန်းသိန်း က “ရေချိုဝင်တိုးလို့ မဟုတ်ဘူး။ ပြီးခဲ့တဲ့လကလည်း မိုးမရွာဘူးလို့ အဲဒါမျိုးတွေ ပြောကြမယ်ဆိုရင် သေဆုံးတဲ့ ဂုံးတွေက ဘယ်အချိန် ကတည်းက သေဆုံးနေတာမှန်းမသိဘူး။ ဒီဂုံးမျိုးတွေက ငပလီမှာ ဂုံးခွံလေးတွေ့မှာပေါ့။ အဲဒါမျိုးတွေ ဆိုရင် တသက်လုံးက ရေထညစ်ညမ်း လို့သေလာခဲ့တာလား။ သက်ရှိ သတ္တဝါဆိုတာ သေမျိုးပါ” ဟု ပြောသည်။
အမ်းမြို့နယ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ကိုမျိုး လွင်က ယင်းမဒေးကျွန်း တဝိုက်တွင် ဖြစ်ပေါ်သည့် ရေထုညစ်ညမ်းမှု ဖြစ်စဉ်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်၊ မည်သည့် ရေအမျိုးအစား ဖြစ်သည်ကို အစိုးရမှ တိတိကျကျ ထုတ်ပြန်ရန်လိုအပ်ပြီး ယခု ထုတ်ပြန်ပြောကြားချက်မှာ ယေဘုယ ဆန်ကြောင်း ထောက်ပြသည်။
ကိုမျိုးလွင်က “မိုးများလို့ သေမယ်ဆိုရင် တခြားနေရာမှာ သေလို့ ကုန်မှာ မှာမဟုတ်ဘူး။ ထုတ်ပြန် ပြောကြားချက်က အချက် အလက် မခိုင်မာဘူး။ ယေဘုယ ဆန်တယ်လို့ ပြောလို့ရမယ်။ အဲဒီ ရေမဲက ဘာလဲဆိုတာ အစိုးရဘက်က တိတိကျကျ ထုတ်ပြန်ဖို့ လိုတယ်” ဟု ဧရာဝတီသို့ ဆက်လက်ပြောကြားသည်။
ယင်းသို့ ဂုံးကောင်များ သေဆုံးမှုဖြစ်စဉ်များကြောင့် ကျောက်ဖြူ မြို့နယ်၊ ကျောက်ငူ ကျေးရွာအုပ်စု၊ ကျောင်းငူကျေးရွာမှ ဂုံးကောင်းများ ကောက်၍ ရှာဖွေစားသောက်သူ ရွာသား ၁၆၀ ကျော်မှာ လည်း အရေပြားရောဂါကာ ဖြစ်ပွား လာသည့်အတွက် တချို့ကို ကျောက်ဖြူ ဆေးရုံသို့ လာရောက်ဆေး ကုသခဲ့ရကြောင်း ၊ ဂုံးကောင်သေဆုံးမှု ဖြစ်စဉ်များကို ဆက်လက် စောင့်ကြည်ကာ ရခိုင်ပြည်နယ်အစိုး ရအဖွဲ့ထံ တင်ပြသွားမည် ကြောင်းလည်း ကိုမျိုးလွင်က ဆက်လက် ပြောကြားသည်။
ဆက်စပ်ဖတ်ရှုရန် – ရခိုင်တွင် ကျွဲနှင့် ဂုံးကောင်များ အစုအပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေ