ရန်ကုန်တိုင်း ဒေသကြီး ဘတ်ဂျက်တွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တောင်းယူခဲ့သည့် ပလတ်စတစ် ကုလား ထိုင် တလုံး ၇ သောင်းသည် ကိန်းဂဏန်း ရိုက်နှိပ်မှု မှားယွင်းခြင်းသာ ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနမှ လာရောက် တင်ပြထား သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး (စီမံ/ဘဏ္ဍာ) ဝန်ကြီး ဦးမြင့်သောင်း က ပြောသည်။
စက်တင်ဘာ ၂၈ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေး၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ကော်မတီများ၏ သုံးသပ်ချက်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေး နွေးချက်များ အပေါ် စီမံ/ဘဏ္ဍာ ဝန်ကြီးက ပြန်လည် ရှင်းလင်းချက်တွင် ပြောကြားခြင်း ဖြစ်သည်။
ဦးမြင့်သောင်းက “ရုံးသုံး ပရိဘောက ခေါင်းစဉ်အောက်မှာ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးက ပလတ်စတစ် ကုလားထိုင် (ယိုးဒယား) ဝယ်မယ့် အလုံးက ၂၅၀ လုံး ဝယ်ပါမယ်။ တလုံးကို ၇ ထောင် ကျပ် ပဲကျခြင်း ဖြစ်ပါတယ်။ ၇ ထောင်ကျပ် အစား ၇ သောင်းကျပ်ကို မှားယွင်းပြီးတော့ Typing Error ဖြစ်ပါတယ်လို့ လာရှင်းပြပါတယ်” ဟု ဆိုသည်။
ယင်းသို့ စာရိုက် မှားယွင်းခဲ့သည်ဟု ပြန်လည်ပြောဆိုခဲ့သော်လည်း အလုံး ၂၅၀ စာ အတွက် ၇ သောင်းကျပ်နှုန်းဖြင့် တွက်၍ စုစုပေါင်း တောင်းခံမှုမှာ ၁၇၅ သိန်း ဖြစ်ကြောင်း ဘတ်ဂျက်တွင် တင်ပြထားခြင်း ဖြစ်သည်။
အမှန်တကယ် ကျသင့်မည့် ၇ ထောင်နှင့် တွက်ချက်ကြည့်ပါက ၁၇ သိန်းကျော် ကုန်ကျမည် ဖြစ်သဖြင့် ငွေကျပ် ၁၅၇ သိန်းခန့် ကွာဟနေခြင်း ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးမြင့်သောင်းက “ကျနော်တို့ ရေးဆွဲထားတဲ့ ရသုံးမှန်းခြေ ငွေစာရင်းရဲ့ အဓိက အားသာချက်များကို ဒီ တချက် နဲ့တင် တော်တော်လေး ဖျက်လိုက်တဲ့ အတွက် ကျနော့် အနေနဲ့ ဝေဖန်ရရင် ဆွမ်းဆန်စိမ်း ထဲမှာ ကြွက်ချေး ရောသလို ဖြစ်သွားတဲ့ အနေအထား လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ယင်းကဲ့သို့ မှားယွင်း တင်ပြသည့် ဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို အရေးယူရန်လည်း ပြုလုပ်ထားပြီး ဖြစ် ကြောင်း ဝန်ကြီးက ယနေ့ လွှတ်တော်တွင် ပြောကြားသည်။
အဆိုပါ ပလပ်စတစ် ထိုင်ခုံ ငွေကြေး ပမာဏနှင့် ပတ်သက်၍ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က စက်တင်ဘာလ ၂၆ ရက်က ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ ထောက်ပြခဲ့ခြင်း ဖြစ်သည်။
ဦးဝေဖြိုးဟန်က “၇ သောင်းနဲ့ ၇ ထောင်ဆိုတာ ဆယ်ဆ ကွာတယ်။ တင်ပြတဲ့ သူက Typing Error ဖြစ်တာပါလို့ ပြောတယ်။ ဒါပေမယ့် ဘတ်ဂျက် ဆိုတာ နောက်စရာ မဟုတ်ဘူး။ လွှတ်တော်ထဲကို တင်ပြတဲ့ ဘတ်ဂျက်တွေက ကလေး ကစား သလို ပြီးပြီးရော ဆိုပြီး သုညလေး တလုံး ပိုရေးလိုက်တာမျိုးက လုပ်လို့ မရဘူး။ နိုင်ငံတော် ပိုက်ဆံလေ” ဟု ဧရာဝတီကို ပြောဆိုသည်။
၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ အရ အသုံး ဆိုင်ရာ ဥပဒေကြမ်းကို ယနေ့ ကျင်းပ သည့် လွှတ်တော်တွင် အတည်ပြုလိုက်ပြီ ဖြစ်ပြီး ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၌ စတင် အသက်ဝင်မည် ဖြစ် သည်။