အသက် ၈၅ နှင့် အထက် ဘိုးဘွားဦးရေ တသိန်းကျော်ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် လူမှုရေး ပင်စင် ထောက်ပံ့ ကြေး ခံစားခွင့်ပြုမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန (လူကယ်ပြန်) က သိရသည်။
အဆိုပါ ဝန်ကြီးဌာနမှ ဒု ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက“အခု လာမယ့် ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ဆိုရင် ထောက်ပံ့သွားမယ့် ဘိုးဘွားဦးရေက ၁၄၀,၀၀၀ ကျော်လောက် ရှိတာပေါ့။ အဲဒီအတွက် ကျနော်တို့က ၁၇ ဘီလီယံ လောက် သုံးစွဲပြီးတော့ လူမှုရေး ပင်စင် ထောက်ပံ့ ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
စက်တင်ဘာလ ၂၈ ရက်က နေပြည်တော် MICC-2 ခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီး ရွယ်အို များ နေ့ ဂုဏ်ပြု အခမ်းအနားတွင် ၎င်းက မီဒီယာများကို ပြောခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အသက် ၉၀ နှင့် အထက် ဘိုးဘွားဦးရေ လေးသောင်းကျော်ကို တလလျှင် ၁ သောင်း ကျပ်နှုန်းဖြင့် လူမှုရေး ပင်စင် ထောက်ပံ့ခဲ့ကာ ယခု ဘဏ္ဍာနှစ်၌ အသက် ကန့်သတ်မှုကို ၉၀ မှ ၈၅ နှစ် အထိ လျှော့ချခဲ့ခြင်း ဖြစ်ပြီး ယခင်ထက် လူဦးရေ ၃ ဆကျော်သို့ တိုးမြှင့်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများသည် ဝင်ငွေ မဖူလုံမှု၊ ကျန်းမာရေး ပြုစု စောင့်ရှောက်မှု ဆိုင်ရာ ပြဿနာနှင့် လူမှုရေး ဆိုင်ရာ အထီးကျန်မှု ပြဿနာများကို ရင်ဆိုင်နေရသည့် အတွက် ဝင်ငွေ အထောက်အကူ ဖြစ်စေရန် ၂၀၁၇ ခုနှစ်မှ စတင်၍ အိမ်တိုင်ရာရောက် ပံ့ပိုးပေးခြင်း ဖြစ်သည်။
ခံစားခွင့်ရှိသူ ဘိုးဘွားများ အနေဖြင့် လူမှုဝန်ထမ်းရုံးနှင့် အုပ်ချုပ်ရေး ရုံးများသို့ မှတ်ပုံတင် သို့မဟုတ် အိမ်ထောင်စု စာရင်းများဖြင့် ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။
သက်ကြီးရွယ်အိုများကို ယခုကဲ့သို့ ထောက်ပံ့ပေးသည့် အစီအစဉ်သည် ကောင်းမွန်သော်လည်း ခံစားခွင့် နည်းပါး ကြောင်း၊ ခွန်အားဖြည့် ဆေးဝါး၊ ဓာတ်စာများ ထပ်ဆောင်းပေးခြင်းနှင့် ငွေကြေး ကုန်ကျမှု သက်သာသော ကျန်းမာရေး စစ်ဆေး ကုသခွင့်တို့ ရရှိပါက ပိုမို ကောင်းမွန်ကြောင်း သက်ကြီးရွယ်အို တချို့နှင့် မိသားစုဝင်များက ပြောသည်။
ပျဉ်းမနားမြို့ မင်္ဂလာ မီးရထား ရပ်ကွက်နေ အသက် ၉၀ ကျော် အဘွား၏ သားဖြစ်သူ ဦးမြင့်လွင်က“အမေက အသက် ၉၀ ကျော် ဆိုတော့ ထောက်ပံ့ကြေး စပေး ကတည်းက ရပါတယ်။ သူ့ကျန်းမာရေးက အမော ဖောက်တာ၊ အသက်ရှု မရတာတွေ ရှိတော့ ဆေးရုံ၊ ဆေးခန်းတွေ ခဏခဏ ပြရတဲ့ ကုန်ကျစရိတ် ရှိတယ်။ အဲဒီတော့ အမေ့ အတွက် ကျန်းမာ ရေး စရိတ် အခမဲ့၊ ဒါမှမဟုတ် သင့်တင့်တဲ့ ဈေးနှုန်းလေးနဲ့ ကုသခွင့် ရတာမျိုး ဖြစ်စေချင်ပါတယ်”ဟု ပြောဆိုသည်။
ပျဉ်းမနားမြို့က ၈၄ နှစ်ရှိ အဘွား တဦးကလည်း “အသက်ကြီးတော့ ကျန်းမာရေး ညံ့လို့ ဆေးကုရပေမယ့် ဆိုးဆိုး ဝါးဝါး မဖြစ်တာရယ်၊ သားက ထောက်ပံ့ပေးတာရယ်ကြောင့် အဆင်ပြေပါတယ်။ အခုပေးတဲ့ ထောက်ပံ့ကြေး ဆိုတာ ကလည်း ကိုယ်လို ထောက်ပံ့မယ့် သားသမီး မရှိတဲ့သူအတွက်တော့ သုံးဖို့စွဲဖို့ ရတာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့် အထက် သက်ကြီးရွယ်အို ရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်တွင် ၆ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် တွင် ၆ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၈ ဒသမ ၉ ရာခိုင်နှုန်း အထိ တိုးလာကြောင်း၊ သက်ကြီး ရွယ်အို ဦးရေ များပြားလာခြင်းသည် စီးပွားရေး ကိစ္စများတွင်ပါ သက်ရောက်မှု ရှိလာသည့် အတွက် ကြိုတင်ပြင်ဆင်ထားသင့် သည့် ကိစ္စတခု ဖြစ်ကြောင်း လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက အခမ်းအနားတွင် ပြောကြား သည်။
သက်ကြီး ရွယ်အိုများကို အစဉ်အလာအားဖြင့် မိသားစုက စောင့်ရှောက်သည့် နည်းလမ်း အပြင် အခြားသော ရပ်ရွာ အခြေပြု သက်ကြီးရွယ်အို စောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်ခြင်းနှင့် အခြားသော စောင့် ရှောက် မှု နည်းလမ်းများကိုလည်း အသုံးပြုသွားရန် လိုအပ်ကြောင်းလည်း ဝန်ကြီးက ပြောကြားသွားသည်။
မြန်မာနိုင်ငံတွင် သက်ကြီးရွယ်အိုများကို ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အတွက် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းထားပြီး နည်းဥပဒေ ဆက်လက် ထွက်ရှိနိုင်ရန် ရှေ့နေ့ချုပ်ရုံးသို တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။