ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန် မြို့နယ်အတွင်း တပ်သား ၂ ဦးပျောက်ဆုံးခဲ့ပြီးနောက် ယခင်သီတင်းပတ်က ဖမ်းဆီးထားသည့် ရှမ်းရွာသား ၇ ဦးကို တပ်မတော်က ပြန်လည် လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်း ဒေသခံ သတင်း ရင်းမြစ်များ၏ အဆိုအရ သိရသည်။
အဆိုပါတပ်သား ၂ ဦး ပျောက်ဆုံးမှုသည် ရှမ်းပြည်နယ် ပြည်လည်ထူထောင်ရေး ကောင်စီ (RCSS) ပါဝင်ပတ်သက်မှု မကင်းကြောင်း တပ်မတော်က အစောပိုင်းတွင် စွပ်စွဲထားခဲ့သည်။
အကယ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ယင်းတပ်သားများကို ပြန်မလွှတ်ပေးပါက ဖမ်းဆီးထားသော ရွာသားများ၏ လုံခြုံရေးကို တာဝန်မယူဟု စစ်တပ်က ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။
မိုင်းပန် မြို့နယ်အတွင်းရှိ နောင်လေးကျေးရွာတွင် နောက်ဆုံးမြင်တွေ့ခဲ့ရသည့် တပ်သားနှစ်ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်လင့်ကစား ရွာသား ၇ ဦးကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း မိုင်းပန်မြို့ခံတဦးဖြစ်သည့် စိုင်းလှအောင်က ဧရာဝတီသို့ ကြာသပတေးနေ့က ပြောသည်။
“သူတို့ (ရွာသား ၇ ဦး) ကို ဘာကြောင့် လွှတ်ပေးလိုက်တာလဲလို့ ကျနော်တို့မေးကြည့်ပေမယ့် စစ်တပ်က ဘယ်သူ့ကိုမှ ပြန်ရှင်းမပြရဘူးလို့ မှာထားတယ်လို့ သူတို့က ပြောတယ်” ဟု စိုင်းလှအောင်က ဆိုသည်။
“အဖမ်းခံနေရတုန်းမှာ စစ်တပ်က ရိုက်နှက်တာ မရှိဘူးလို့ သူတို့ (ရွာသားများ) က ပြောပါတယ်” ဟု သူက ဆက်ပြောသည်။
ကြည်းတပ် ခလရ ၂၉၆ မှ တပ်သားနှစ်ဦးသည် စက်တင်ဘာလ ၂၀ ရက်တွင် တပ်စခန်းမှ ထွက်သွားခဲ့ ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ စက်တင်ဘာလ ၂၂ ရက်တွင် တပ်မတော်က နောင်လေး ကျေးရွာတွင် ရှာဖွေခဲ့ပြီး ဒေသခံရွာသား ၇ ဦးကို ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူများကို ခလရ ၂၉၆ စခန်းတွင် ထားရှိခဲ့သည်။
ပျောက်ဆုံးနေသော တပ်သားနှစ်ဦးကို RCSS က ဖမ်းဆီးထားကြောင်း တပ်မတော်က စွပ်စွဲခဲ့ပြီး အကယ်၍ RCSS က ဖမ်းဆီးထားသော တပ်သားနှစ်ဦးကို ပြန်မလွှတ်လျှင် အဖမ်းဆီးခံ ရွာသားများ၏လုံခြုံရေး စိုးရိမ်ရကြောင်း ဒေသခံရွာသားများ၏ အဆိုအရ သိရသည်။
ရှမ်းပြည်နယ် တောင်ပိုင်းတွင် တပ်စွဲထားသော RCSS ကမူ တပ်သားနှစ်ဦးကို ၎င်းတို့ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။
တပ်မတော်က ရွာသားများကို ပြန်လွှတ်ပေးကြောင်း RCSS ၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းဦးက အတည်ပြု ပြောကြားသည်။
“သူတို့တပ်သားတွေ ပျောက်နေတာက ရွာသားတွေ ဖမ်းဆီးထားလို့ မဟုတ်ပါဘူး။ အဲဒီတပ်သားတွေက တပ်က ထွက်ပြေးတာပါ” ဟု ဗိုလ်မှူးကြီးစိုင်းဦးက ပြောသည်။
RCSS သည် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် အခြေစိုက် တပ်စွဲထားသည်။ အဆိုပါအဖွဲ့သည် မြန်မာအစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုး ထားသော်လည်း တပ်မတော်နှင့် အခါအားလျော်စွာ တိုက်ပွဲဖြစ်တတ်၍ စေ့စပ်ညှိနှိုင်းမှု ပြုနေရဆဲ ဖြစ်သည်။