“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၊ မိုင်းပေါက်ဒေသအတွင်း “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က လားဟူနှစ်ခြင်းခရစ်ယာန် ဓမ္မအမှုတော်ဆောင် ဆရာ/ ဆရာမ ၉၂ ဦးကို ချုပ်နှောင်ထားပြီး ကျမ်းစာသင်တန်းတတ်နေသည့် လားဟူလူငယ် ၄၁ ဦးကို ဖမ်းဆီးကာ စစ်မှုထမ်းခိုင်း ထားသည်ဟု ရှမ်းပြည်နယ်၊ အရှေ့ပိုင်း အခြေစိုက် လားဟူနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ပြောသည်။
UWSA ဝင် အဖြစ် စစ်မှုထမ်းခိုင်းခြင်း ခံရသည့် ဖမ်းဆီးခံ ကျမ်းစာသင်လူငယ် ၄၁ဦးမှာ ဆယ်ကျော်သက်အရွယ်များနှင့် အသက် ၂၀ ကျော် များ ဖြစ်ပြီး မိန်းကလေးများလည်း ပါဝင်သည်ဟု လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ လာဇရုက ပြောသည်။
ဒေါက်တာလာဇရုက “မလုပ်ကောင်းတာလေ။ ဘာသာရေးသမားဖြစ်လာဖို့ ဓမ္မဆရာတွေ ဖြစ်လာမယ့် သူတွေကို သိမ်းပိုက်ပြီး ဒီလို စစ်သား လုပ်ခိုင်းတာက မကောင်းတဲ့ အရာပါဗျာ” ဟု ဆိုသည်။
UWSA ထိန်းချုပ်သည့် နယ်မြေအတွင်း ဆယ်ကျော်သက်အရွယ်များကို စစ်မှုထမ်းရန် တအိမ်တယောက် ပါဝင်ရသည့် စနစ်နှင့် ယောင်္ကျားလေး နှစ်ဦးရှိပါက တဦး စစ်မှုထမ်းရသည့် စနစ် ကျင့်သုံးလျက်ရှိသည်။
စစ်မှုထမ်းခိုင်းခြင်း ခံရသည့် လားဟူလူငယ် ၄၁ဦးမှာ “အစွန်းရောက်ခရစ်ယာန်များကို ဖမ်းဆီး စစ်ဆေးသည်” ဟူသည့် ခေါင်းစဉ်အောက်တွင် ဖမ်းခံရပြီး စစ်မှုထမ်းခိုင်းစေခြင်း ခံရသူများ ဖြစ်သည်ဟု သိရသည်။
လားဟူခရစ်ယာန်ဘာသာဝင်များ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းနှင့် အပြစ်မရှိကြောင်း စုံစမ်းစစ်ဆေးပြီးပါက ပြန်လွှတ်ပေးရန်လည်း လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ UWSA ဆက်ဆံရေးရုံးသို့ စာပို့ထားသည်ဟု သိရသည်။
ဒေါက်တာ လာဇရုက “ အခုလိုဖြစ်ရတာ ကျနော်တို့ အထူးပဲ စိုးရိမ်မိပါတယ်။ ကျနော်တို့ လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းသူ အသင်းသားများကို ထိလာတော့ ကျနော်တို့ တနိုင်ငံလုံးမှာ ရှိတဲ့ လားဟူနှစ်ခြင်း ခရစ်ယာန်အသင်းချုပ်တွေ တခြားခရစ်ယာန်ဘာသာဝင်များကလည်း စိတ်ထဲမှာ တော်တော်နာကျည်းမိတယ်။ ခံစားရတယ်”ဟု ပြောသည်။
မိုင်းပေါက်ဒေသမှ လားဟူများကို ခရီးသွားလာခွင့် ပိတ်ထားပြီး ပြင်ပဒေသမှ လားဟူဘာသာရေး ဆရာများလည်း မိုင်းပေါက်သို့ သွားလာခွင့် မရှိသေးကြောင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အခြေစိုက် လားဟူ ခရစ်ယာန်အဖွဲ့ချုပ်အနေဖြင့် မိုင်းပေါက်ဒေသမှ ဒေသခံများ ကြုံတွေ့နေရသည်များကို ထွက်ပြေးလွတ်မြောက် လာသူများထံမှ တဆင့် ကြားသိရသည်ဟုလည်း ဒေါက်တာလာဇရုက ဆိုသည်။
၎င်းက “ကျနော်တို့ အဖွဲ့ချုပ်နဲ့ အဆက်အသွယ်ပြုထားတဲ့ အသင်းတော်တွေက ဓမ္မဆရာတွေ ဖမ်းခံထားရတဲ့ သူတွေ ကြားရတာ သူတို့ အကျီတွေလည်း မပါသွားဘူး။ ရှိတဲ့ အကျီတွေပဲ ဝတ်နေရတယ်ဆိုတော့ အဲ့မိုင်းပေါက်ဒေသမှာ တအားအေးတဲ့ ရာသီဖြစ်နေတယ်။ တော်တော် စိုးရိမ်ပါတယ်”ဟုလည်း ဆိုသည်။
စက်တင်ဘာလအတွင်း လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အောက်တွင် ရှိသည့် မိုင်းပေါက်ဒေသမှ ဘုရား ကျောင်း ၅၂ ကျောင်းကို UWSA က ချိတ်ပိတ်လိုက်ပြီး ၃ ကျောင်းကို ဖြိုချ၊ ခရစ်ယာန်ဘာသာဝင်များ အလေး ထားသည့် အမှတ်လက္ခဏာများကို ဖျက်ဆီးကာ ဟိုတောင်းလားဟူ ကျမ်းစာသင်ကျောင်းကိုလည်း ပိတ်လိုက်သည်ဟု သိရသည်။
ဝ ဒေသအတွင်း UWSA မှ ချမှတ်ထားသည့် စည်းမျဉ်းဥပဒေများတွင် ဒေသတွင်း ဘာသာပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်ဟု ပါရှိပြီး ယခင်က အလှူငွေလက်ခံခြင်း၊ ပို့ဆောင်ခြင်းတွင်သာ ကန့်သတ်ချက် ရှိကြောင်း၊ လွတ်လပ်စွာ သွားလာဟောပြောခွင့် ရပြီး ယခုမှ ဖမ်းဆီးစစ်ဆေးခြင်းများကို ကြုံရခြင်း ဖြစ်ကြောင်း သိရသည်။
UWSA က စက်တင်ဘာလ ဒုတိယပတ်မှစ၍ ဝ ဒေသအတွင်းရှိ ခရစ်ယာန်ဓမ္မဆရာများနှင့် ကျမ်းစာသင် ကျောင်းသူကျောင်းသားများကို ခေါ်ယူစစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သည်။
UWSA ပြောရေးဆိုခွင့် ရှိသူ ဦးညီရမ်းက ထိုသို့ လုပ်ဆောင်ရခြင်းမှာ အစွန်းရောက်ဘာသာရေး ဆရာများကြောင့် ဒေသမတည်မငြိမ် ဖြစ်နေမှုကို ထိန်းချုပ်ရန် ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
လက်ရှိတွင် ကျမ်းစာသင်တန်းကျောင်း တတ်နေသည့် လားဟူလူငယ်များကို စစ်မှုထမ်းခိုင်းခြင်းနှင့် ပတ်သတ်၍ ဦးညီရမ်းက “ ကျနော်လည်း စုံစမ်းနေဆဲပါ။ အတည်မပြုနိုင်သေးပါဘူး။ မှတ်ချက် မပေးလို သေးပါ” ဟု ပြောသည်။
UWSA အနေဖြင့် ဘာသာရေးဆိုင်ရာကိစ္စရပ်များကို ဒေသတွင်း စိစစ်ဆောင်ရွက်နေဆဲ ဖြစ်ပြီး ဒေသတည်ငြိမ်ရေး၊ စည်းလုံးရေးနှင့် တရားဥပဒေ စိုးမိုးရေးများအတွက် ဆောင်ရွက်နေပါသည်ဟုလည်း ဦးညီရမ်းက ဆိုသည်။
ဘာသာရေးအဆောက်အဦးများ ချိတ်ပိတ်ခြင်း၊ ဖြိုချဖျက်ဆီးခြင်း၊ ဓမ္မအမှုတော်ဆောင်များနှင့် ခရစ်ယာန်ဘာသာဝင်များကို ဖမ်းဆီးခြင်းများနှင့် ပတ်သတ်၍ UWSA မှတိတိကျကျ ထုတ်ဖော် ပြောဆိုခြင်းများ၊ သတင်းထုတ်ပြန်ခြင်းများ မရှိပါ။
စက်တင်ဘာလ၊ အစောပိုင်းက ကျင်းပခဲ့သည့် UWSA ဗဟိုကော်မတီအစည်းအဝေးတွင် စာသင်ကျောင်းများ၌ ဘာသာရေးနှင့် ဆိုင်သည့် အကြောင်းအရာများ မသင်ကြားရန်၊ “ဝ”ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်း အရေအတွက်များ ကောက်ခံရန်၊ ၁၉၉၂ ခုနှစ်နောက်ပိုင်း “ဝ”ခေါင်းဆောင်များနှင့် ဌာနဆိုင်ရာများ ခွင့်ပြုထားသည်မှ အပ ဆောက်ထားသည့် ဘုရားကျောင်းများကို ပယ်ဖျက်ဖြိုဖျက်ရန် ဆုံးဖြတ်ထားသည်။
ဒေါက်တာလာဇရုက “တကယ်အစွန်းရောက်တဲ့ အဖွဲ့လည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့တွေက အစွန်းရောက်တွေ မဟုတ်ပါဘူး။ ကျနော်တို့က ခရစ်ယာန်ဖြစ်လာတာလည်း ကြာပါပြီ။ အခု သူများပြောနေတဲ့ အစွန်းရောက် ခရစ်ယာန်အဖွဲ့ဆိုတာ ဝင်လာတာ မကြာသေးဘူး ပန်ဆန်းဘက်မှာနဲ့ တူပါတယ်။ ကျနော်တို့က မိုင်းပေါက်ဒေသမှာပါ” ဟု ပြောသည်။
လားဟူနှစ်ခြင်းခရစ်ယာန်အဖွဲ့များမှာ “ဝ”ဒေသအတွင်း ၁၉၁၀ ခုနှစ်ကတည်းက သာသနာပြုနေခြင်း ဖြစ်သည် ဟုလည်း ဒေါက်တာလာဇရုက ဆိုသည်။
ဆက်လက်၍ ဒေါက်တာလာဇရုက “လောလောဆယ် အစာရှောင်ဆုတောင်းတာပဲ တတ်နိုင်တယ်။ တိုင်းရင်းသားခရစ်ယာန်များအားလုံး ကူညီဆုတောင်းပေးဖိုလည်း စာပို့ထားပါတယ်။ သူတို့ (UWSA)လည်း စစ်ဆေးရင်တွေ့ပါလိမ့်မယ်။ကျနော်တို့ လားဟူတွေက ဟိုးရှေးတုန်းတည်းက ခရစ်ယာန်ဖြစ်လာသူတွေပါ။ စစ်ဆေးတွေ့ရှိပြီးရင် ပြန်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
“ဝ”ဒေသ အတွင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) လည်း သာသနာပြုနေသည်မှာ နှစ် ၃၀ ကျော်ပြီ ဖြစ်ပြီး KBC ကမူ ၎င်းတို့ ဓမ္မဆရာများနှင့် အသင်းသူအသင်းသားများမှာ မည်သည့် အန္တရာယ်မှ မရှိကြောင်း၊ “ဝ” အာဏာပိုင်များနှင့်လည်း ပြေလည်ကြောင်း ဧရာဝတီကို ပြောဆိုထားသည်။
“ဝ”ဒေသအတွင်း ခရစ်ယာန်ကျောင်းများကို ချိတ်ပိတ်ကာ ဖျက်ဆီးခြင်းနှင့် ခရစ်ယာန်ဓမ္မဆရာများကို ဖမ်းဆီးစစ်ဆေးခြင်းသည် အနောက်နိုင်ငံ ခရစ်ယာန်သာသနာပြုများ၊ ခရစ်ယာန်သာသနာပြုအယောင်ဆောင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ နယ်စပ်တလျှောက် စိမ့်ဝင်လာမည်က စိုးရိမ်သည့် တရုတ်အစိုးရ၏ သဘောထားကြောင့် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။
ဝေဖန်ပြောဆိုနေမှုများကို UWSA ဘက်က ပြန်လည်ဖြေရှင်းခြင်းများ တစုံတရာ မရှိသေးပါ။
UWSA သည် ယခင်စစ်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးယူထားပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပန်ဆန်း၊ နားဖန်း၊ မက်မန်း၊ ဟိုပန် ၊ ပန်ဝိုင်၊ မိုင်းမောမြို့နယ်များကို ခရိုင် ၂ ခုခွဲကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ရရှိထားသည်။ “ဝ”ဒေသကို တိုင်းအဆင့်မှ ပြည်နယ်အဆင့် ဥပဒေအရ တိုးမြှင့်သတ်မှတ် ပေးရန် UWSA က အစိုးရထံ တောင်းဆိုလျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန် – UWSA က ခရစ်ယာန်တွေကို ဘာကြောင့်နှိပ်ကွပ်သလဲ
ဘာသာရေးခေါင်းဆောင်များကို UWSA ဖမ်းဆီး စစ်ဆေးနေ