ယခင် တိုင်းအစိုးရဟောင်းက ပေးရန်ကြွေးကျန်ရှိနေသော ဒေသဆိုင်ရာဖွံ့ဖြိုးရေး ရန်ပုံငွေများအနက်မှ ကျပ်ငွေ သန်း ၅၀၀ ကို ပထမအရစ်အဖြစ် ပြန်လည်ရရှိကြောင်း မန္တလေးတိုင်းအစိုးရက ပြောသည်။
ယခင်အစိုးရနှင့် ဆွေးနွေး သဘောတူညီမှုရခဲ့သည့် ၄ ကြိမ် အရစ်ကျ ပြန်လည်ပေးအပ်မည့်ငွေများအနက် ပထမဆုံးအကြိမ်ဖြစ်ပြီး လာမည့်နှစ်တွင် ကျန်ငွေအားလုံးကို ပြန်လည်ရရှိမည်ဟု မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က သတင်းထောက်များကို တိုင်းလွှတ်တော် အစည်းအဝေးအပြီးတွင် ပြောသည်။
“ပထမအရစ် ကျပ်ငွေသန်း ၅၀၀ ကို စက်တင်ဘာလ ၅ ရက်နေ့က ရရှိခဲ့ပါတယ်။ သူတို့က လေးကြိမ် အရစ်ကျ ခွဲပေးမယ်ပြောတယ်။ ၂၀၁၉ ခုနှစ် မတ်လနောက်ဆုံးထားပြီး အကုန်အကြေ ပေးဖို့ သူတို့သဘောတူထားပါတယ်” ဟု ဦးဇော်မြင့်မောင်ပြောသည်။
ထိုပြန်လည်ရရှိသော ရန်ပုံငွေများကို မန္တလေးတိုင်း ဖွံ့ဖြိုးရေးအတွက် အသုံးပြုခွင့်ရရန် ပြည်ထောင်စု အစိုးရထံ ခွင့်တောင်းထားကြောင်းလည်း သူပြောသည်။
လက်ရှိ တိုင်းအစိုးရ တာဝန်မယူမီ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၃.၇၅ ဘီလျှံ နှင့် ပတ်သက်သော စာရင်းကွာဟမှုနှင့် မပြည်စုံမှုများကို ၂၀၁၇အတွင်း စာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးချက်များအရ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လအတွင်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က မီဒီယာများသလို့ ပြောကြားခဲ့သည်။
ယခင် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်ကမူ ရန်ပုံငွေသုံးစွဲရာတွင် စာရင်းပြည့်စုံစွာ သုံးစွဲခြင်းဖြစ်ကြောင်းနှင့် အစိုးရသစ်ထံသို့ လွှဲပြောင်းပေးရန် အကြွေးကျန်မျာ းမရှိကြောင်း နောက် တလအကြာတွင်ပြောဆိုခဲ့သည်။
သို့သော် ထို အငြင်းပွား ရန်ပုံငွေနှင့် ပတ်သက်ပြီး လက်ရှိနှင့် ယခင်တိုင်းအစိုးရ အရာရှိများသည် လွန်ခဲ့သော လ အနည်းငယ်အတွင်း တွေဆုံဆွေးနွေးမှုများပြုခဲ့ကြပြီး ထိုငွေများကို ပြန်ပေးရန် သဘောတူခဲ့ကြောင်း ဦးဇော်မြင့်မောင်က စက်တင်ဘာလ ၂၆ ရက်နေ့တွင်ပြောသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးမှုများအရ ထိုသို့သော စာရင်းကွာဟမှုများနှင့် မပြည့်စုံမှုများကို စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း တွေ့ခဲ့ရသည်။ စစ်ကိုင်းတိုင်းနှင့် ဧရာဝတီတိုင်းတို့မှ ထိုအငြင်းပွားငွေများကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လက်ရှိအစိုးရထံ အပြည့်အ၀ ပြန်လည်ပေးအပ်ခဲ့သည်။