မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ် ပန်းခြံဝင်းအတွင်း၌ ယမန်နေ့ညက လူ ၃ဦးကို လူငယ်တစုက ဓားဖြင့် ခုတ်ရာ ၁ ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၁၀နာရီခန့်က ဘိုကုန်းရပ်ကွက်မှ ကိုဝင်းထွန်းနှင့်အတူ ကျော်သီဟ၊ ဖြိုးသန်း နိုင်တို့ သူငယ်ချင်း ၃ ဦး ပန်းခြံအတွင်း ထိုင်ကာ ဘီယာသောက်ရင်း စကားပြောနေစဉ် လူငယ်တစုက ဓားများဖြင့်ဝင်ခုတ်ရာ ကိုဝင်းထွန်းမှာ ယာဘက်ချိုင်းအောက်တွင် ၂ လက်မခန့် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နှာခေါင်းရိုး ပြတ်ရှ ဒဏ်ရာ ၁ ချက်၊ ဝဲဘက်မျက်လုံးအောက် ပြတ်ရှဒဏ်ရာ ၁ ချက်နှင့် နှုတ်ခမ်းပြတ်ရှဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။
အခင်းဖြစ်ပွားပြီးနောက် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်များ ရောက်ရှိလာကာ ကယ်ဆယ်ရေး ပြုလုပ်နေစဉ် ကျူးလွန်သူများက Hijet ကားဖြင့် ထပ်မံရောက်ရှိလာ၍ မျက်မြင်တွေ့သူများက အော်ဟစ်သတိပေးသဖြင့် လိုက်လံဖမ်းဆီးရာ ထွက်ပြေး သွားကြောင်း သိရသည်။
ထိုနောက် ဓားခုတ်မှုကျူးလွန်ခဲ့သူများကို ရဲတပ်ဖွဲ့မှ ညတွင်းချင်း လိုက်လံစုံစမ်း ဖမ်းဆီးရာ ဓားခုတ်မှုတွင် ပါဝင်ခဲ့သူများအနက် ဇေယျာမြိုင်ရပ်ကွက်တွင် နေထိုင်သော လူဇော် (၂၂ နှစ်) ပါသည့် လူငယ် ၂ ဦးကို ညတွင်းချင်း ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ် ဝင်းနိုင်ဌေးက ဆိုသည်။
သံလွင်ဥယျာဉ်ပန်းခြံဝင်းအတွင်း ဖြစ်ပွားခဲ့သော ဓားခုတ်မှု၌ ပါဝင်ပတ်သက်နေသူများကို ရဲတပ်ဖွဲ့မှ ဆက်လက်ဖော်ထုတ်သွားရန် စစ်ဆေးနေစဲဖြစ်ပြီး ပါဝင်ပတ်သက်သူများကို မြို့မရဲစခန်းတွင် (ပ) ၁၂၇၈/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ မှုဖွင့်ထားကြောင်း သိရသည်။
ဓားဒဏ်ရာရရှိခဲ့သော ကိုဝင်းထွန်းမှာ မော်လမြိုင်ဆေးရုံကြီးတွင် ကုသနေသော်လည်း စိုးရိမ်ရ အခြေအနေရှိနေခြင်ကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူနေ ကြောင်းသိရသည်။