စက်တင်ဘာ ၂၈ ရက်နေ့က ပြင်းအား ၇.၅ ရှိသော ငလျင်ကြောင့် ဖြစ်ပေါ်သည့် ဆူနာမီ လှိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံ ကမ်းရိုးတန်းမြို့တမြို့တွင် သေဆုံးသူ ၅၀ နီးပါးရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
နှစ်မီတာ ( ၆.၆ပေ) မြင့်သော လှိုင်းလုံများသည် ဆူလာဝေဆီကျွန်းရှိ ပါလူးမြို့ကို ရိုက်ခတ်ခဲ့သည်။ လူမှုကွန်ရက် ဗီဒီယိုတွင် လူများတုန်လှုပ်ခြောက်ခြား ပြေးလွှားနေသည့်ပုံနှင့် ဗလီတခုအပါအဝင် အဆောက်အအုံများပြိုကျသွားသည်ကို မြင်ခဲ့ကြသည်။
လွန်ခဲ့သောလအတွင်း အင်ဒိုနီးရှားနိုင်ငံ လမ်းဘော့ကျွန်းတွင် အသေအပျောက်များသော ငလျှင်များလှုပ်ခတ်ပြီး အပြင်းထန်ဆုံးမှာ ဩဂုတ်လ ၅ ရက်နေ့က ငလျင်ဖြစ်ပြီး လူ ၄၆၀ ကျော်သေဆုံးစေခဲ့သည်။
ယခု ဆူလာဝေဆီ ငလျင်ကြောင့် လူ ၄၈ ဦးသေဆုံးပြီး သေဆုံးသူ အရေအတွက် မြင့်မားလာနိုင်ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဌာနက ကြေညာသည်။
“ဆက်သွယ်ရေးတွေပြတ်တောက်နေလို့ အသေးစိတ် အစီရင်ခံစာ မရသေးဘူး။ ဆူနာမီကြောင့် ကမ်းခြေမှာ အလောင်းတွေ အများကြီး တွေ့ရပေမယ့် အတိအကျ မသိရသေးဘူး” ဟု သဘာဝဘေးအန္တရာယ် ဌာနပြောခွင့်ရသူ ဆူတိုပို ပါဝို နူဂရိုဟို က Reuters သတင်းဌာနသို့ ပြောသည်။
သေဆုံးမှုများသည် ငလျင်ကြောင့်ဖြစ်သည် သို့မဟုတ် ဆူနာမီကြောင့် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ပါလူးမြို့တွင် လူ ၃ သိန်းကျော်နေထိုင်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသော်လည်း ထိုမြို့တွင် ဆက်သွယ်ရေး ပြတ်တောက်နေပြီး လေယာဉ်ပြေးလမ်း ပျက်ဆီးသွားကြောင်းနှင့် ရဟတ်ယာဉ် ဆင်းသက်နိုင်မည်ဟု မျှော်လင့်ကြောင်း အင်ဒိုနီးရှားမှ လာသော သတင်းများက ဆိုသည်။
ငလျှင်သည် ဆူလာဝေဆီ ကျွန်း၏ အောက် ၆.၂ မိုင် အနက်တွင် ညနေ ၆ နာရီခန့်လှုပ်သည်ဟု အမေရိကန် ဘူမိဗေဒ ဌာနက ကြေညာသည်။ ဆူနာမီသတိပေးချက် ထုတ်ပြန်သော်လည်း နာရီပိုင်းအတွင်း ရုတ်သိမ်းခဲ့သည်။
သို့သော် မြင့်မားသော လှိုင်းကြီးက ငလျှင်ဗဟိုချက်မှ ၈၀ ကီလိုမီတာအကွာ ပါလူးရှိ အဆောက်အအုံအများအပြားကို ပျက်ဆီးစေကာ ဗလီကြီးတခုကိုလည်း ပျက်ဆီးစေသည်။
ဆူမတြားကမ်းလွန် ငလျင်ကြောင့်ဖြစ်ပွားသော ၂၀၀၄ ခုနှစ် ဆူနာမီကြောင့် အင်ဒိုနီးရှားမှ လူ ၁၂၀၀၀၀ အပါအဝင် အိန္ဒိယ သမုဒ္ဒရာတွင် လူ ၂၂၆၀၀၀ သေဆုံးခဲ့ဖူးသည်။
အင်ဒိုနီးရှားသည် မီးတောင်မျာ းပတ်လည်ရှိနေပြီး ငလျင် မကြာခဏလှုပ်သော ပစိဖိတ်မီးကွင်းတွင် တည်ရှိသောကြောင့် ငလျင်ဒဏ် မကြာခဏခံရသည်။ ကမ္ဘာ့ ရေပေါ် မီးတောင်ရှင်ထက်ဝက်သည် ပစိဖိတ် မီးကွင်းတွင်ရှိသည်။
ကိုးကား။ ။ Reuters, BBC