အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တက်ကြွမှုမရှိဘဲ ပြည်သူလူထုအတွက် စွမ်းဆောင်မှုအားနည်းသူများကို လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ထုတ်ပယ်ပြီး လာမည့် ရွေးကောက်ပွဲများတွင် ပါဝင်ခွင့်မပြုရန် စီစဉ်နေကြောင်း ပါတီ ဒု ဥက္ကဌ က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ထိုသို့လုပ်ဆောင်ရန် စီစဉ်ခြင်းသည် ပါတီကို ကိုယ်စားပြုသည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ အင်အားတောင့်တင်းရန်နှင့် ပါတီကို ပြည်သူ့အတွက် အင်အားရှိသော ပါတီတခု ဖြစ်စေရန် ရည်ရွယ်သည်ဟု NLD ၏ သြဇာအကြီးမားဆုံး အဖွဲ့ဝင်တဦးဖြစ်ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ် တာဝန်ကိုလည်း ထမ်းဆောင်နေသည့် ဦးဇော်မြင့်မောင်က မန္တလေးတွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေး အပြီးတွင် သတင်းထောက်များကိုပြောသည်။
“NLD လွှတ်တော်ကိုယ်စားတွေ လွှတ်တော်ပြင်ပမှ ာဘာတွေလုပ်နေတယ်၊ သူတို့မဲဆန္ဒနယ်အတွက် သူတို့ဘာတွေ ဘယ်လောက်လုပ်နေတယ်ဆိုတာကို ကျနော်တို့လေ့လာပြီး ပြန်လှန်သုံးသပ်နေတယ်။ တက်ကြွမှုမရှိတာ၊ ပြည်သူအတွက် အလုပ်သေချာမလုပ်တာ၊ ပါတီစည်းမျဉ်းကို မလိုက်နာတာတွေ့ရင် သူတို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုမှာ မဟုတ်ဘူး” ဟု ဦးဇော်မြင့်မောင်က ပြောသည်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူက အပြည့်အဝ အားကိုး အားထားနိုင်သည့် ခိုင်မာတက်ကြွတာဝန်ကြေသော နိုင်ငံရေးသမားများ ဖြစ်စေလိုသည်ဟု ဦးဇော်မြင့်မောင်ပြောသည်။
“လွှတ်တော်တွင်းမှာရော ပြင်ပမှာပါ အခက်အခဲတွေရှိနေတာကို ကျနော် နားလည်တယ်။ ကျနော်တို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူ့အတွက် အခိုင်အမာ ရပ်တည်နိုင်ပြီး သူတို့လုပ်အားနဲ့ ပါတီကို ကြံ့ခိုင်အောင် လုပ်နိုင်တဲ့ အင်အားအပြည့်နဲ့ တက်ကြွတာဝန်ကျေတဲ့လူတွေဖြစ်စေချင်တယ်” ဟု ဆိုသည်။
“ပြည်သူအတွက် အပြည့်အဝ အလုပ်လုပ်၊ ပါတီအပေါ် ခိုင်ခိုင်မာမာရပ်တည်ပြီး ပါတီစည်းကမ်းလိုက်နာတဲ့ ကိုယ်စားလှယ်တွေကိုပဲ ဆက်ထားမယ်” ဟု သူပြောသည်။
NLD သည် အာဏရပါတီဖြစ်လာပြီးနောက်ပိုင်း ပါတီစည်းမျဉ်းချိုးဖေါက်မှုအတွက် သတိပေးချက်များထုတ်ပြန်ပြီး ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်အချို့ကို ထုတ်ပယ်ခြင်းများ ရှိခဲ့သည်။