သတင်း

တနင်္သာရီ ဂျာနယ်ကို မီဒီယာ ဥပဒေဖြင့် စွဲချက်တင်ရန် အမိန့်ချ

Want create site? Find Free WordPress Themes and plugins.

တနင်္သာရီ အပတ်စဉ် ဂျာနယ်တွင် မဲဆွယ်အပြုံး အမည်ရ သရော်စာ ဖော်ပြခဲ့မှုနှင့် ပတ်သက်၍ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) ဖြင့် စွဲချက်တင်ရန် ထားဝယ်မြို့နယ် တရားရုံးက ယနေ့ အမိန့်ချလိုက်ကြောင်း သိရသည်။

စွဲချက်တင် အမိန့်ချသည့် အကြောင်းရင်းနှင့် ပတ်သက်၍ စွပ်စွဲခံရသူဘက်မှ အထက်တန်း ရှေ့နေ ဒေါ်အေးမွန်သူ က “တနင်္သာရီတိုင်း အစိုးရ အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေကြောင်း ယူဆတဲ့ အတွက်ကြောင့် စွဲချက်တင်ပြီး အပြစ် မရှိ ကြောင်း ထုချေရမယ်ပေါ့။ အဲဒီလိုမျိုး သူ့(တရားသူကြီး)နှုတ်နဲ့တော့ ဖတ်ကြားခဲ့တယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက တနင်္သာရီ ဂျာနယ်ဘက်မှ တရားလိုပြ သက်သေ နှစ်ဦးကို ပြန်ခေါ်သက်သေ အဖြစ် စစ်ဆေးရန် လျှောက်ထားသည့် အတွက် လာမည့် အောက်တိုဘာ ၁၅ ရက် ရုံးချိန်းတွင် ပြန်ခေါ်သက်သေ အဖြစ် တရားလိုပြ သက် သေတဦးကို စစ်ဆေးရမည် ဖြစ်ကြောင်း ရှင်းပြသည်။

သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅(ခ) သည် သတင်း မီဒီယာ ဥပဒေ ပုဒ်မ (၉)ကို ရည်ညွှန်းသည်။

သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ)တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်း ရေးသားခြင်းမျိုး မဟုတ် လျှင် ပုဂ္ဂိုလ်တဦး၊ အဖွဲ့အစည်းတခု၏ ဂုဏ်သိက္ခာကို တမင် ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြည်ခြင်း ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၉(ဆ)ကို ဖောက်ဖျက်ပါက ပုဒ်မ ၂၅ (ခ)အရ ဒဏ်ငွေ အနည်းဆုံး ကျပ် ၃ သိန်းမှ ကျပ် ၁၀ သိန်း အထိ ချမှတ်ခံရမည် ဖြစ်မည်။

တနင်္သာရီ ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးအောင်က “သရော်စာရဲ့ သဘော သဘာဝ၊ မီဒီယာ လုပ်ငန်း၊ မီဒီယာ ကျင့် ဝတ်၊ ရသစာပေတွေရဲ့ သဘောသဘာဝကို ကျနော်တို့ နိုင်ငံမှာရှိတဲ့ အစုအဖွဲ့တွေ သက်ဆိုင်ရာ မဏ္ဍိုင်တွေမှာ တော်တော် များများက နားလည်မှု အားနည်းနေသေးတာကို တွေ့ရတယ်လို့ မှတ်ချက်ပေးချင်တယ်” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက တိုင်းပြည်တွင် အလုပ်လုပ်ကြသည့် အစုအဖွဲ့များသည် သူ့ကဏ္ဍနှင့်သူ တယောက်ကဏ္ဍကို တ ယောက် နားလည် သဘောပေါက်ပြီး အလုပ်လုပ်ကြရကြောင်း၊ ယင်းသို့ နားလည် သဘောပေါက်မှုမျိုး မရှိသည့်အခါ ယခုကဲ့သို့ တရားစွဲဆိုခြင်း၊ စွဲချက်တင်ခြင်းများ ဖြစ်ပေါ်လာရကြောင်း ဆိုသည်။

၎င်းအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တရားခြင်း၊ မတရားခြင်း မှတ်ချက် မပေးလိုသော်လည်း ယခု စွဲချက်တင် အမိန့်သည် မီဒီယာ လွတ်လပ်ခွင့်ကို ထိခိုက်ကြောင်း၊ ခြိမ်းခြောက်မှုလည်း ဖြစ်သကဲ့သို့ စိုးရိမ်စရာ ကောင်းသည့် အနေ အထား ဖြစ်သည်ဟု မြင်ကြောင်း ပြောဆိုသည်။

ဦးမျိုးအောင်က“ကျနော်တို့ အနေနဲ့ ဒါက တရားစွဲစရာတောင် မလိုတဲ့ ကိစ္စလို့ မြင်တယ်။ အဲဒါကို ယုံကြည်တယ်။ ဒါ ကြောင့် ဥပဒေက ပေးထားတဲ့ အခွင့်အရေး အကုန်သုံးပြီးတော့ ခုခံချေပသွားမယ်”ဟု ပြောဆိုသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ထုတ် တနင်္သာရီ ဂျာနယ်တွင် ဖော်ပြခဲ့သော ကလောင်ရှင် မူးဆေးအိုး၏ ‘မဲဆွယ်အပြုံး’ ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု ဆိုကာ အရေး ယူ ပေးရန် နိုဝင်ဘာ ၂၃ ရက်တွင် တိုင်းအစိုးရ အဖွဲ့ရုံး ဒု ညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ် တရားရုံးကို ဦးတိုက် လျှောက် ထား ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် သတင်း မီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် တရား စွဲဆိုထားခြင်း ဖြစ်သည်။

ယင်းသို့ တရားစွဲဆိုထားမှုကို ချေဖျက်ပေးရန် တနင်္သာရီ ဂျာနယ်ဘက်မှ တိုင်း ဒေသကြီး တရားလွှတ်တော်သို့ ဇွန် ၂၁ ရက် တွင် တင်ခဲ့သော်လည်း ဇူလိုင် ၃၁ ရက်၌ တိုင်းတရား လွှတ်တော်က ပလပ် လိုက်ကြောင်း အမိန့် ချမှတ်ခဲ့သည်။

ထို့အတွက် တနင်္သာရီ ဂျာနယ်ဘက်က နေပြည်တော် ပြည်ထောင်စု တရား လွှတ်တော်ချုပ်သို့ သြဂုတ် ၁၄ ရက်တွင် ဆက်လက် လျှောက်ထားခဲ့ရာ တရားလွှတ်တော်ချုပ်၏ လက်ခံသင့် မသင့် ကြားနာမည့် ရုံးချိန်းကို စောင့်ဆိုင်းနေ ကြောင်း လည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading