ရန်ကုန်မြို့မှ ဒေါ်လာဈေး ကစားသူ ၅ ဦးကို အမှုဖွင့် အရေးယူမှုများ ပြုလုပ်ထားကြောင်း အထူးစုံစမ်း စစ်ဆေးရေး ဦးစီး ဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်က ဧရာဝတီသို့ ပြောသည်။
ထို ဒေါ်လာဈေး ကစားသူ ၅ ဦး ရှိသည့်အနက် ၁ ဦး ထွက်ပြေး တိမ်းရှောင်နေသဖြင့် လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ဦးမောင်မောင်ကျော်က“၅ ဦးမှာ ၄ ဦးကတော့ လက်ထဲမှာ ရှိတာပေါ့။ ၁ ဦးကတော့ တရားခံပြေး အနေနဲ့ လုပ်ထား တယ်။ ထပ်ပြီး စိစစ်တယ်။ ပေါ်ပေါက်တဲ့ဟာကို ထပ်ပြီး အရေးယူဖို့ ဆောင်ရွက်နေတယ်”ဟု နေပြည်တော်တွင် ပြော သည်။
ဒေါ်လာဈေး ကစားသူများကို ရန်ကုန်မြို့ရှိ ပန်းပဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်မြို့နယ် ရဲစခန်းများတွင် နိုင်ငံ ခြား သုံးငွေ စီမံခန့်ခွဲမှု အက်ဥပဒေ ပုဒ်မ ၃၈ အရ အမှုဖွင့် အရေးယူ ထားသည်ဟုလည်း ဆိုသည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု အက်ဥပဒေတွင် ကျူးလွန်သူများကို ၃ နှစ်ထက် မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်ရမည့် အပြင် သက်သေခံ ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းယူ နိုင် ကြောင်း ဖော် ပြထားသည်။
“သူတို့တွေက ရွှေဘုံသာလမ်းမှာ ဒေါ်လာ ရောင်းဝယ်တဲ့အခါမှာ လေပတ်ကား (နှုတ်ဖြင့် ကြိုရောင်း/ ကြိုဝယ်)တို့ ဘာ တို့လုပ်တဲ့ လူတွေပေါ့။ ဈေးကစားတဲ့ လူတွေပေါ့။ အထက်က တာဝန်ပေးချက် အရ ဆောင်ရွက်တာ” ဟု ဦးမောင် မောင်ကျော်က ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလက ဒေါ်လာဈေး ကစားသူများကြောင့် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေကျပ် ၁၆၀၀ ကျော် အထိ ဈေးပေါက်ခဲ့ပြီး နောက်ဆက်တွဲ အခြေခံ စားသောက်ကုန်များ၊ စက်သုံးဆီ၊ ဆေးဝါးများ၊ ရွှေ ဈေးနှုန်းများ ဈေးတက်ခဲ့သလို သယ်ယူ ပို့ဆောင်ရေး စရိတ်များပါ မြင့်တင်ခဲ့သဖြင့် ပြည်သူ လူထုသည် ဒေါ်လာဈေး တက်သည့် ဒဏ်ကို ခံစားခဲ့ရသည်။
ထို့ကြောင့် ယင်းရက်ပိုင်း အတွင်း နေပြည်တော် သမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခု၌ သမ္မတရုံး အရာရှိ ဦးဇော်ဌေးက ဒေါ်လာကို အလုံးအရင်းနှင့် ဝယ်ရောင်း ပြုလုပ်နေသူ အနည်းငယ်သာ ရှိကြောင်း၊ ၎င်းတို့ကို အစိုးရက စုံစမ်းနေကြောင်း၊ သတင်း အချက်အလက် တချို့ တိတိကျကျ ရရှိပါက အရေးယူမှုများ ပြုလုပ် မည်ဟု ပြောဆိုခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်တွင် စသုံးလုံး အဖွဲ့၏ ဖမ်းဆီးမှုများကြောင့် ရွှေနှင့် ဒေါ်လာဈေးကွက် ရပ်ဆိုင်း သွားခဲ့သည်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က“ရွှေဈေးက ၉ သိန်းနဲ့ ၇ သောင်း ပြန်ဖြစ်သွား ပြီ။ ပြန်ကျတာပေါ့။ မနက်က ၉၇၆၅၀၀ နဲ့ ဖွင့်တယ်။ ဈေးကွက်မှာလည်း အရောင်းအဝယ် ဖြစ်ပါတယ်။ ဒေါ်လာ ဈေး ကစားသူတွေကို အရေးယူပြတော့ ပြန်ကျလာတာပေါ့။ ရွှေဈေးကွက်ကတော့ ဆက်ဈေး ဖွင့်နိုင်သေးတယ်”ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိတွင် တရားမဝင် ဒေါ်လာငွေ အရောင်းအဝယ် ဈေးကွက် ရပ်ဆိုင်းသွားပြီး တရားဝင် ငွေလဲ ကောင်တာများ၊ ဘဏ် များကလည်း ဗဟိုဘဏ်၏ ရည်ညွှန်းဈေး အတိုင်း အရောင်းအဝယ်များ ပုံမှန် ပြုလုပ်လျက် ရှိကြောင်း ဈေးကွက် အတွင်းက သိရသည်။
ယနေ့ ဒေါ်လာဈေးသည်လည်း ကျပ် ၁၆၀၀ ကျော်မှ ၁၅၀၀ ကျော်သို့ ပြန်ကျလာနေပြီး ဆက်လက် ကျဆင်းနိုင် သေးကြောင်း ခန့်မှန်းမှုများလည်း ရှိသည်။